အလှမ်းဝေးနေဆဲ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်

အနောက်ရိုးမတောင်တန်းကြီးတွေက မကွေးတိုင်းရဲ့အနောက်ခြမ်းမှာ မားမားမတ်မတ်ရပ်တည်နေ ပါတယ်။ ပုံတောင်၊ပုံညာ တောင်တန်းတွေကနေတဆင့် တဆက်တည်းတည်ရှိလာတဲ့ အနောက်ရိုးမတောင် တန်းကြီးတွေရဲ့ကျောပြင်မှာ ချင်းတိုင်းရင်းသားတွေအများဆုံးနေထိုင်ကြပါတယ်။

မြင့်မားလှတဲ့တောင်တန်းကြီးတွေ၊ စိမ်းစိမ်းညို့ညို့တောအုပ်ကြီးတွေနဲ့ ခွေခွေခေါက်ခေါက်စီးဆင်းလာတဲ့ တောင်ကျချောင်းတွေက ဒီဒေသရဲ့မြင်ကွင်းတွေလို့ဆိုရမှာပါ။

“ဒီတောင်တန်းကြီးတွေက ငါတို့ဘိုးဘေးတွေလက်ထက်ကတည်းက ရှိလာတဲ့ ငါတို့မြေတွေ” လို့ အသက် (၈၀) အရွယ်ရှိပြီဖြစ်တဲ့ ချင်းတိုင်းရင်းသားကြီးတစ်ဦးဖြစ်တဲ့အဘိုးဆလိုင်းတင်ရွှေကဆိုပါတယ်။

ချင်းတိုင်းရင်းသားတွေအနေနဲ့ မကွေးတိုင်းအနောက်ခြမ်းက မင်းတုန်းမြို့နယ်၊ကံမမြို့နယ်၊မင်းလှမြို့နယ်၊ ငဖဲမြို့နယ်နဲ့စေတုတ္တရာမြို့နယ်တွေက တောင်တန်းတွေကို အင်းဝခေတ်ကတည်းက အင်းဝဘုရင်ဆီမှာတောင်းခံ ခဲ့တယ်လို့ဆိုကြပါတယ်။

ဒီတောင်တန်းကြီးတွေကို သူတို့ အပိုင်ရဖို့ အင်းဝဘုရင်ထံကို ဆင်ဖြူတစ်ကောင်ကိုဆက်သပြီးတောင်းဆို ခဲ့တယ်လို့ဆိုကြပါတယ်။ ရိုးမတောင်တန်းကြီးတွေပေါ်က မြေယာတွေနဲ့သစ်တောတွေမှာ နှစ်-ရာပေါင်းများစွာ သူတို့နေထိုင်ခဲ့ကြပြီး သီးနှံတွေ စိုက်ပျိုးခဲ့ကြပါတယ်။ဒီမြေတွေက သူတို့ရဲ့ ဘိုးဘွားတွေ အစဉ်အဆက် လက်ဆင့် ကမ်းခဲ့ကြတဲ့မြေ၊ သူတို့အတွက် ဘိုးဘွားတွေပေးခဲ့တဲ့ အမွေလို့ ခိုင်ခိုင်မာမာယုံကြည်လက်ခံခဲ့ကြပါတယ်။

ဓလေ့ထုံးတမ်းစဉ်လာမြေယာပိုင်ဆိုင်မှုက မကွေးတိုင်းအနောက်ခြမ်းကချင်းတိုင်းရင်းသားတွေမှာသာ ရှိခဲ့တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနှံ့က ဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုခြင်းစီမှာ မတူကွဲပြားစွာရှိနေခဲ့ပါတယ်။

“ပိုင်ဆိုင်မှုဆိုတာကို စာရွက်စာတမ်းအနေနဲ့မရှိခဲ့ဘူး ကျွန်တော်တို့မှာက၊ဒီချောင်းဘေးကနေ ဒီတောင်ခြေထိက ဦးဖြူပေါ့၊ဒီတောင်ကတော့ ဦးမောင်ပိုင်တယ်ပေါ့၊ဒီသစ်တောကတော့ ကျေးရွာပိုင် သစ်တောကြီးပေါ့ စသဖြင့်ရှိကြတယ် သူ့ဓလေ့ထုံးတမ်းနဲ့သူပေါ့”လို့ တိုင်ရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှု ဓလေ့တွေအကြောင်းကို တောင်သူလယ်သမားများနှင့်မြေယာလုပ်သားများသမဂ္ဂမြန်မာနိုင်ငံ၏ အတွင်းရေးမှုး ဖြစ်သူ ဦးဝင်းရှိန်းမြတ်ကဆိုပါတယ်။

၂၀၁၂ လယ်ယာမြေဥပဒေ၏ အခန်း(၁)တွင် “လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ပင်ရင်းပိုင်ရှင်ဖြစ်၍”ဟု ညွှန်းဆိုထားပါတယ်။ အဆိုပါစကားရပ်က ဌာနေတိုင်းရင်းသား တွေက ၎င်းတို့ပိုင်ဆိုင်ထားတယ်ဆိုတဲ့ မြေယာ ပိုင်ဆိုင်လုပ်ကိုင်မှုကို ဆန့်ကျင်ဘက် အဓိပ္ပါယ်ဆောင်နေပါတယ်။

၂၀၁၂ လယ်ယာမြေဥပဒေရဲ့ အလိုအရတော့ မြေယာလုပ်ကိုင်ခွင့်အတွက် အစိုးရဆီမှာမြေယာလုပ်ကိုင် ခွင့်လက်မှတ် လျှောက်ထားဖို့ကိုသာ ပြဌာန်းထားပါတယ်။ သို့ပေမယ့် တိုင်းရင်းသားတွေကတော့ သူတို့ရဲ့မြေတွေမှာ ရှေးယခင်ကလိုပဲ စိုက်ပျိုးနေကြဆဲပါ။

“ပုံစံ(၇)ဆိုတာ တောင်ပေါ်က လူတွေက လုပ်ကိုမလုပ်ထားကြတာ၊ ကျွန်မတို့က ရုံးတွေဘာတွေ သွားရမှာ လုပ်ရမှာလဲ နားမလည်ဘူး၊ အရင်ကတည်းကလဲ ကိုယ့်မြေကိုပဲ စိုက်ကြတာ ရှုပ်ရှုပ်ယှက်ယှက်လို့ပဲ တွေးကြတယ်” လို့ ငဖဲမြို့နယ် ရေနွယ်ကျေးရွာက မိုင်ပန်းရီကဆိုပါတယ်။

အလှမ်းဝေးနေဆဲ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်

ဌာနတိုင်းရင်းသားတွေအနေနဲ့ မြေယာပိုင်ဆိုင်မှုနဲ့ပါတ်သတ်တဲ့ မိရိုးဖလာအစဉ်အလာများရှိနေပြီး  နေရာဌာနအလိုက်လဲကွဲပြားကြပါတယ်။ ဌာနေတိုင်းရင်းသားများအနေဖြင့် မြေခွန်ပြေစာမပြနိုင်သည့် မြေများအပါအဝင် ကွင်းမြေပုံမရှိခြင်း၊ စိုက်ဧကမပြနိုင်ခြင်းတို့ကြောင့် ၎င်းတို့မိရိုးဖလာ လုပ်ကိုင်ခဲ့သည့်မြေတွေက အစိုးရ၏ မြေလွတ်မြေလတ်မြေရိုင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ကြရသည်။

မြန်မာနိုင်ငံအနှံ့အပြားက တိုင်းရင်းသားတွေမှာ သူတို့ရဲ့မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ထားတဲ့ စိုက်ပျိုးမြေတွေရှိခဲ့ ကြပေမယ့် ၂၀၁၂လယ်ယာမြေဉပဒေပေါ်ပေါက်လာပြီးနောက်မှာ သူတို့ပိုင်ဆိုင်တဲ့မြေတွေက နိုင်ငံတော်က စီမံခန့်ခွဲခွင့်ရှိတဲ့မြေတွေအဖြစ် ရုပ်ခြင်းပြောင်းလည်းသွားပါတော့တယ်။

“မိရိုးဖလာမြေယာပိုင်ဆိုင်ခွင့်ဆိုတာက ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာ ထည့်ကိုထည့်မထားဘူး၊ ပါကိုမပါတာ၊ဒါကြောင့်လဲ ဒီကိစ္စနဲ့ပါတ်သတ်လို့လှုပ်ရှားနေတဲ့အဖွဲ့အတော်များများက တွန်းအားပေးတာတွေ လှုပ်ရှားတာတွေ အများကြီးရှိနေတာ”လို့ ဆိုသူက ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့က လယ်ယာမြေ အရေးဆောင်ရွက်နေတဲ့ ကိုဝဏ္ဏပါ။

သူက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)ရှမ်းပြည်နယ်တောင်ကြီးဒေသဆိုင်ရာ အဖွဲ့ဝင်တစ်ဦးပါ။

“ဓါးမဦးချ” “ဘိုးဘပိုင်မြေ” “ဌာနေ” “ဒေသခံ” “အလေ့အထ” “မိရိုးဖလာ” “သဘာ ဝအတိုင်းတည်ရှိသည့်မြေ” “ဘုံမြေ”စတဲ့အခေါ်အဝေါ်တွေရဲ့နောက်ကွယ်မှာ ဒေသခံတိုင်းရင်းသားတွေ အစဉ်အဆက်ပိုင်ဆိုင်ခဲ့ကြတဲ့ မြေယာစိုက်ခင်းတွေကတည်ရှိနေပါတယ်။

၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ပြည်ထောင်စု လွှတ်တော်က  မြေလွတ်၊  မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေမှာ ဒေသခံတွေ လက်ရှိအသုံးပြုနေတဲ့ မြေလွတ်မြေလပ်နဲ့မြေရိုင်းတွေကို လုပ်ကိုင် အသုံးပြုခွင့် လျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။

“တကယ်တော့ ဌာနေတိုင်းရင်းသားဒေသတွေမှာ မြေလွတ်မြေလတ်မြေရိုင်းဆိုတာမရှိဘူး၊ သူတို့ ကိုယ်စီမှာ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ခဲ့ကြတဲ့ပိုင်ရှင်ရှိပြီးသားမြေတွေပဲရှိပါတယ်”လို့ လယ်ယာမြေ အရေးကျွမ်းကျင်သူ ဦးအောင်ကျော်ကျော်ကဆိုပါတယ်။

ဒါပေမယ့် ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ မြေတွေကိုတော့ မှတ်ပုံတင်ခြင်းနဲ့ လျှောက်ထားနိုင်ခြင်း မလုပ်ဆောင်နိုင်ခဲ့လို့ ကုမ္ပဏီတွေအပါအဝင်၊ မြေယာကိစ္စတွေကို ကျွမ်းကျင်ကြ သူတွေက အစိုးရဆီမှာ မြေလွတ်မြေလတ်မြေရိုင်းအဖြစ် လျှောက်ထားရယူလျက်ရှိနေပါတယ်။

မြေယာလုပ်ပိုင်ခွင့်ကို နိုင်ငံသားအခြေပြုမှတ်ပုံတင်စနစ်(ပုံစံ၇)နဲ့ ခွင့်ပြုခဲ့ခြင်းက တိုင်းရင်းသားလူမျိုးစု ဓလေ့ထုံးတမ်းစဉ်လာမြေယာပိုင်ဆိုင်ခွင့် အစဉ်အလာတွေမှေးမှိန်လာစေတယ်လို့ ဦးအောင်ကျော်ကျော်က ထောက်ပြပါတယ်။

အလှမ်းဝေးနေဆဲ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်

“မြန်မာနိုင်ငံရဲ့ မြေယာပြုပြင်ပြောင်းလဲရေးကိစ္စကို သေသေချာချာလုပ်သင့်တယ်၊ တက်လာတဲ့ ဦးသိန်းစိန် အစိုးရရောNLD အစိုးရရော သေချာမလုပ်ခဲ့ဘူး၊တိုင်းရင်းသားတွေပိုင်နေတဲ့မြေတွေ၊မြေပြန့်ဒေသက လုပ်ကွက်ငယ်တောင်သူတွေပိုင်နေတဲ့မြေတွေကို သေသေချာချာစာရင်းပြုစုတာ စစ်တမ်းကောက်ယူတာတွေ လုပ်သင့်တယ်”လို့ ဦးအောင်ကျော်ကျော်က မှတ်ချက်ပြုသည်။

ရိုးရာဓလေ့ထုံးတမ်းအလေ့အထတွေက မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းအသုံးပြုလာခဲ့ကြတဲ့ အတွက် မြေယာ၊ သစ်တောအပါအဝင် ယဉ်ကျေးမှုအားလုံးကို အမှန်တကယ်ချစ်ခင်စောင့်ရှောက်ကြတဲ့ အလေ့အထကောင်းတစ်ခုဖြစ်တယ်လို့ ဓလေ့ထုံးတမ်းမြေယာဥပဒေပေါ်ပေါက်ရေးစာတမ်းမှာ ဖေါ်ပြထား ပါတယ်။

ဒီအလေ့အထတွေကဂေဟစနစ်ထိန်းသိမ်းရေးအမြင်တွေနဲ့ လိုက်လျောညီထွေရှိနေပြီး တည်တန့်ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတယ်လို့ ဒေသခံဌာနေတိုင်းရင်းသားတွေကဆိုကြပါတယ်။

“စီးပွါးရေးသမားတွေ ကုမ္ပဏီတွေက ဝင်လာရင်တစ်တောလုံးရှင်းတာ၊ ကျွန်တော်တို့မှာက စည်းကမ်းတွေထားတယ်၊ မခုတ်ရတဲ့သစ်တောတွေလဲရှိတယ်၊ ယုံကြည်ကိုးကွယ်မှုအရ ဒီတိုင်းထားတဲ့ တောတွေလဲရှိတယ်”လို့ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် အလယ်ရိုးမတောင်တန်းအခြေက ငွေတွင်းတူးကြီး ကျေးရွာမှာနေတဲ့ ကိုသန်းဝင်းကဆိုပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ အမျိုးသားမြေအသုံးချမှုမူဝါဒရဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်ကို NLD အစိုးရက ၂၀၁၉ ခုနှစ်မှာစတင် ဆောင်ရွက်နေပါပြီ။ ဒုသမ္မတဦးဆောင်တဲ့ အမျိုးသားမြေအသုံးချမှုကောင်စီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ အမျိုးသားမြေအသုံးချမှုမူဝါဒအရဖွဲ့စည်းခဲ့ပါတယ်။ ကောင်စီရဲ့လုပ်ငန်းတာဝန်တွေထဲက  အမျိုးသားမြေအသုံးချမှုမူဝါဒအရ အမျိုးသားမြေဥပဒေကိုရေးဆွဲဖို့ ဆောင်ရွက်ခြင်းဆိုတဲ့ တာဝန်ပါရှိခဲ့ပါတယ်။  ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာတော့  “အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်မြေစီမံခန့်ခွဲမှုဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ” ကို အစိုးရအာဏာပိုင်၊ ဌာနဆိုင်ရာဝန်ထမ်းတွေသာမက တောင်သူလယ်သမားကိုယ်စားလှယ်တွေကိုပါ ထည့်သွင်း ဖွဲ့စည်းလာတာကို တွေ့ရပါတယ်။

အဆိုပါကော်မတီရဲ့  အမျိုးသားမြေဥပဒေကိုရေးဆွဲဖို့ ဆောင်ရွက်ခြင်းလုပ်ငန်းစီမံချက်ရဲ့ ရည်ရွယ်ချက်မှာ  “အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုရှေးရှုသည့် အမျိုးသားမြေ ဥပဒေတစ်ရပ်ပေါ်ပေါက်လာခြင်းဖြင့်”ဆိုတဲ့ စကားရပ်ကိုသုံးစွဲလာတဲ့ အတွက် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေလုပ်ပိုင်ခွင့် (ပိုင်ဆိုင်ခွင့်) ခိုင်မာမှုများ အား ကောင်းလာတော့မယ်လို့ ဦးအောင်ကျော်ကျော်က ယူဆပါတယ်။

ဥပဒေတွေကို ပြုပြင်ပြောင်းလည်းမှုဆောင်ရွက်ဖို့ ကြိုးပမ်းနေကြပေမယ့် ဌာနေတိုင်းရင်းသားတွေရဲ့ မြေပိုင်ဆိုင်မှုကတော့ တနေ့ထက်တစ်နေ့ လျော့နည်းလို့လာနေပါတယ်။

လက်ရှိကာလမှာတော့ ဌာနေတိုင်းရင်းသားတွေရဲ့ ဘိုးဘေးစဉ်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ မြေယာသစ်တောတွေကတော့ ကုမ္ပဏီတွေအပါအဝင် စီးပွါးရေးလုပ်ကိုင်နေသူတွေဆီကို တဖြေးဖြေးရောက် ရှိနေဆဲဖြစ်ပါတယ်။

ဒေသခံဌာနေတိုင်းရင်းသားတွေအပါအဝင် ကျေးလက်နေတောင်သူတွေက သူတို့ရဲ့မြေကို မှတ်ပုံတင်ဖို့၊ လုပ်ပိုင်ခွင့်လျှောက်ထားဖို့ လုပ်ငန်းစဉ်တွေမှာ ယနေ့ထက်တိုင်ခက်ခဲနေဆဲဖြစ်ပါတယ်။ “ကျွန်တော်တို့က ဌာနတွေ ရုံးတွေမသွားချင်ကြဘူး၊ အရင်တုန်းကလဲ မြေခွန်တော်ပြေစာ တွေဆောင်ခဲ့ဖူးတယ်၊ နောက်ကျတော့ မြို့ပေါ်က အရာရှိတွေကလည်း မြေခွန်တော်လာမကောက်တာ နှစ်ပေါင်း သုံးလေးဆယ်ရှိနေပြီ၊ကျွန်တော်တို့လဲ မဆောင်ဖြစ်တော့ဘူး၊ အခုကျတော့ ဒီမြေတွေမှာကျွန်တော်တို့နှစ်တိုင်းစိုက်ခဲ့တာကို ပြဖို့ ခက်ပြန်ရော၊ဒါပေမယ့် တစ်ရွာလုံးကိုမေးကြည့် ဒီတောက ဘယ်သူ့တောလဲဆိုတာ အကုန်သိတယ်”လို့ အောင်လံမြို့နယ် ရွှေပန်းတော ကျေးရွာအုပ်စု ဇိမ့်ကျေးရွာမှ ဦးသာမောင်ကဆိုပါတယ်။

 

ရှုပ်ထွေးလှတဲ့ ရုံးလုပ်ငန်းစဉ်တွေ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျေးလက်နေတဲ့တောင်သူ တွေကို ဥပဒေနဲ့ အညီဆောင်ရွက်နိုင်ဖို့ ကန့်သတ်မှုများစွာရှိနေပြီး သူတို့ရဲ့မြေယာပိုင်ဆိုင်မှုကို အတည်ပြုနိုင်ဖို့ စိန်ခေါ်မှုများစွာရှိနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားများလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ ကြေငြာစာတမ်း၏ ပုဒ်မ ၂၆။ (၃) တွင် နိုင်ငံအစိုးရများသည် ဌာနေတိုင်းရင်းသား များ၏နယ်မြေများကို ဥပဒေအရအသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန် လိုအပ်သည်ဟု ဆိုထားသည့်အပြင် ထိုအသိအမှတ်ပြုမှုများကို ဌာနေတိုင်းရင်းသားများ၏ဓလေ့ထုံးစံ၊ ရိုးရာဓလေ့နှင့် မြေယာပိုင်ဆိုင်မှု စနစ်တို့နှင့် ကိုက်ညီစွာ ဆောင်ရွက်ရမည်ဟု ဖေါ်ပြထားပါတယ်။

လယ်ယာမြေဥပဒေက  ပြည်ထောင်စုတဝှန်းလုံးကို လွှမ်းခြုံတဲ့ ဥပဒေဖြစ်သော်လည်း  တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ဓလေ့ထုံးတမ်းမြေယာခန့်ခွဲမှုစနစ်တွေကို အသိအမှတ်ပြုရည်ညွှန်းထားခြင်းမရှိဘူး လို့ဦးအောင်ကျော်ကျော်က သုံးသပ်ပါတယ်။

အမျိုးသားမြေအသုံးချမှုမူဝါဒမှာတော့  “တိုင်းရင်းသားလူမျိုးများ၏မြေအသုံးချမှုအခွင့်အရေးများ” ဆိုသည့် အခန်း တစ်ခန်း သီးသန့်ပြဌာန်းထားတာကို တွေ့ရှိရပါတယ်။ တိုင်းရင်းသားတို့ရဲ့လက်ရှိမြေအသုံးချမှုကို မှတ်ပုံတင်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာမြေလုပ်ပိုင်ခွင့် အခွင့်အရေးတွေ၊ ရိုးရာမြေစီမံအုပ်ချုပ်မှု အလေ့အထတွေကို အသိအမှတ်ပြုကာကွယ်ရမယ်လို့ ပြဌာန်းထား ပါတယ်။

အနောက်ရိုးမတောင်တန်းကြီးတွေအပါအဝင် ဒေသတွင်းက သစ်တောတွေနဲ့လယ်ယာစိုက်ပျိုးမြေတွေက ရိုးရာစဉ်ဆက် ပိုင်ဆိုင်သူတို့ရှိနှင့်ကြပြီးဖြစ်ကြပါတယ်။ ဒါပေမယ့် ဌာနေတိုင်းရင်းသားတွေနဲ့ ဒေသခံ ကျေးလက်နေ သူတွေက သူတို့ရဲ့မြေတွေအတွက် ခိုင်မာတဲ့ ပိုင်ဆိုင်ခွင့်ကတော့ အလှမ်းဝေးဆဲရှိနေဆဲလို့ ဆိုရမှာပါ။

နေအောင်ရေးသားသည်။

Advertisements