themagwaypost

အောက်တိုဘာ ၂၀၊နေပြည်တော်

ပျဉ်းမနားမြို့နယ် ရဲစခန်း အချုပ်ခန်းမှ ကိုဗစ် ၁၉ ကူးစက်မှုသည် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၇ ဦးထိတိုးလာခဲ့ပြီဟု နေပြည်တော်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်၀ဏ္ဏစိုးက ယနေ့ အောက်တိုဘာလ ၂၀ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။
"ဒီနေ့ ဆေးစစ်ချက်အဖြေတွေအရ ပျဉ်းမနားအချုပ်ထောင်ကနေ ကူးစက်မှုဖြစ်စဉ်မှာ နောက်ထပ်အချုပ်သားသုံးဆယ်ဦးထံမှာ ရောဂါပိုးထပ်တွေ့ခဲ့ရပါတယ်။အရင် ရဲသုံးဦး၊အချုပ်သားလေးဦးနဲ့ ပါဆိုရင် ဒီအချုပ်ထောင်ကူးစက်မှုဖြစ်စဉ်မှာ (၃၇)ဦးအထိ ရှိလာပြီဖြစ်တယ်"ဟု ဒေါက်တာမြတ်၀ဏ္ဏစိုးက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ် ရဲစခန်းအချုပ်ထောင်အတွင်း အောက်တိုဘာလ(၁၃)ရက်နေ့ တွင် အချူပ်သားတစ်ဦးထံမှ COVID-19ရောဂါပိုး ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိမှုမှတဆင့် ထပ်မံစစ်ဆေးမှုများ အရ အချူပ်သား(၃၀)ဦးထံတွင် ထပ်မံ၍ကူးစက်ခံထားရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပျဉ်းမနားရဲစခန်းနှင့် အချုပ်ထောင်များကို ပိုးသတ်ဆေးဖြန်းထားပြီး ထပ်မံရောက်ရှိလာမည့် အချုပ်သား၊အချုပ်သူများ ကူးစက်မှုမရှိစေရေးဦးစားပေးဆောင်ရွက်ထားကြောင်း ဒေါက်တာမြတ်၀ဏ္ဏစိုးက ဆက်လက်ပြောကြားသည်။
"ဒါကိုနဂိုထဲက မျှော်လင့်ထားပါတယ်။ဘာလို့လဲဆိုတော့ အချုပ်ခန်းဆိုရင် ကူးစက်မှု တွေပိုဖြစ်နိင်တယ်လို့ မျှော်လင့်ထားပါတယ်။အဲ့တာမလို့လည်း ပြင်ဆင်ပြီးတော့ ကုတင်၃၀၀ဆေးရုံကို ပို့ပေးခဲ့ပါတယ်။စည်ပင် Quarantine ကလူတွေကိုတော့ ဒက္ခိဏဆေးရုံကိုပို့ပြီး ကုသနေပါတယ်။အချုပ်ခန်းကိုလည်း ဆေးဖြန်းပြီး ပလစ်စတစ်လေးတွေကာပြီး စီစဉ်ထားပါတယ်။ နောက်ထပ်အချုပ်သားတွေရောက်လာရင်လည်း တနစ်တကျ ခွဲပြီးထားဖို့ ပြင်ဆင်ထားပါတယ်"ဟု ဒေါက်တာမြတ်၀ဏ္ဏစိုးက ပြောသည်။
အစိုးရရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေတွင် အောက်တိုဘာလ(၁၉)ရက် ထုတ်ပြန်မှုများအရ COVID-19 ရောဂါပိုးအတည်ပြုလူနာ(၂၈၀)ဦးအထိ ရှိလာပြီ ဖြစ်ပြီး လေးဦးအထိ သေဆုံးခဲ့ပြီဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ကိုမင်း

Advertisements