themagwaypost

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က COVID -19 Virus ဖြစ်ပွါးပျံ့နှံ့မှုအား ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ် ယခုလ ၁၁ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည်။ အဆိုပါရောဂါအား မြန်မာနိုင်ငံတွင် မတွေ့ရှိရသေးဟု ကျန်းမာရေး ဝန်ကြီးဌာနက ယခုစာရေးသားနေချိန် မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ထုတ်ပြန်ထားသည်။

သို့ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်တားဆီးရေးအတွက် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များမပြုလုပ်ရန်တားမြစ် ထားသည်။ယခုကာလသည် မကွေးတိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ပွဲလမ်းသဘင်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် ရွှေစက်တော်ဘုရားပွဲတော်ကျင်းပနေသည့် ကာလဖြစ်သည်။
COVID -19 Virus ကာကွယ်ရေးအတွက် အဆိုပါပွဲတော်အားပိတ်သိမ်းရန် အများပြည်သူနှင့် ကျန်းမာရေး အသိ၊သတိရှိသူများက လူမှုကွန်ရက်စာမျက်နှာများတွင် ထောက်ပြရေးသားမှုများ ကိုလည်းတွေ့ရှိရသည်။
ယမန်နေ့ ညပိုင်းက RFA သတင်းဌာနမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် သီးသန့်အင်တာဗျူးတွင် ဝန်ကြီးချုပ်အနေဖြင့် ရွှေစက်တော်ပွဲတော်မှတဆင့် အဆိုပါရောဂါကူးဆက်ခြင်းဖြစ်ပေါ်လာပါက၎င်း၏တာဝန်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။
အစိုးရတစ်ရပ်၏ တာဝန်ယူမှုအပေါ်လေးစားကြောင်းထည့်သွင်းပြောကြားလိုပါသည်။
သို့ရာတွင် ယခုဖြစ်စဉ်သည် တာဝန်ယူမှုတာဝန်ခံမှုဆိုသည်ထက်ပိုမိုသည့် ရင်းနှီးပေးဆပ်ရမှုများ ရှိလာနိုင်သည်ကို ထည့်သွင်းစဉ်းစားစေချင်သည်။ ပွဲတော်ကိုမပိတ်လိုခြင်းမှာ ရင်းနှီးမြှတ်နှံထားသူ လုပ်ငန်းရှင်များနစ်နာမည် စိုးရိမ်၍ဟု ဝန်ကြီးချုပ်၏ ပြောစကားအရသိရသည်။
ယခုရင်းနှီးထားသည့် ပမာဏသည် သိန်းထောင်ဂဏန်း(သို့မဟုတ်) သိန်းပေါင်း ၃ သောင်းကျော်အလွန်ဆုံးရှိမည်ဟု ခန့်မှန်းမိပါသည်။ရွှေစက်တော်ဘုရားကြီးပိုင်ဆိုင်သည့် ငွေကြေးသည် သိန်းပေါင်း ၅သောင်းနှင့်အထက်ရှိသည်ဟု ပြီးခဲ့သည့်နှစ်တွင်ထုတ်ပြန်ခဲ့သည်။
တာဝန်ရှိသူများမှ အဆိုပါရင်းနှီးထားသည့် ပမာဏအတွက်ဘုရားကြီး၏ဘဏ္ဍငွေများမှ လုပ်ငန်းရှင်များသို့ ကုန်ကျငွေပမာဏအပါအဝင် အခြားနစ်နာကြေးများကို ပြန်လည်စွန့်ကြဲ၍ ပွဲတော်အားပိတ်သိမ်းခြင်းသည် အများပြည်သူ၏ ကျန်းမာရေးကိုအကာအကွယ်ပေးရာ ရောက်သည်ဟု မကွေးပိုစ့်ကမှတ်ယူပါသည်။
ရွှေစက်တော်ဘုရားပွဲတော်သည် နှစ်စဉ်ကျင်းပနေသည့် ပွဲတော်ဖြစ်၍ နောက်နှစ်များတွင်လည်း ဆက်လက်ကျင်းပနိုင်ရန် အခွင့်အရေးများစွာရှိပါသည်။ လူ့သားတို့၏အသက်ရှည်ကျန်းမာရေး အား COVID -19 Virus ပိုးသည် နောက်တစ်ကြိမ်အခွင့်အရေးမပေးသည်ကို တာဝန်ရှိသူများ သတိမူစေလိုကြောင်း ရေးသားဖေါ်ပြအပ်ပါသည်။

 

အယ်ဒီတာ
The Magway Post

Advertisements