နှစ်စဉ်ရာသီဥတုဖောက်ပြန်မှုကြောင့် မကွေးမြို့နယ်အတွင်းရှိတောင်သူများ ဆက်လက်ရပ်တည်ရန် ခက်ခဲနေ

1838

၃နှစ်ဆက်တိုက်ဖြစ်ပွါးခဲ့သည့် ရာသီဥတုဖောက်ပြန်မှုများကြောင့် မကွေးမြို့နယ်အရှေ့ခြမ်းရှိကျေးရွာများ မှတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းအားဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု ဒေသခံတောင်သူများမှပြောသည်။

မကွေးမြို့နယ်အတွင်း  ကံသာကြီးကျေးရွာ၊ ဒေါင်းနေကျေးရွာ၊မြေပြာကန်ကျေးရွာ၊ သဲကြီးကုန်းကျေးရွာ၊ အင်တိုင်းကြီးကျေးရွာ၊ ကန်သစ်ကျေးရွာ၊ ရွာဟောင်းကန်ကျေးရွာ၊  လွန်မြက်ကန်ကျေးရွာ၊ ကန်သာလေးကျေးရွာ၊ နှင့်ညောင်ပင်သာကျွေးရွာ တို့တွင် ရာသီဥတုဖောက်ပြန်မှုဒဏ်အား (၃)နှစ်ဆက်တိုက်ရင်ဆိုင်ခဲ့ရကြောင်း ဒေသခံများမှဆိုသည်။
အဆိုပါကျေးရွာများမှ အချို့တွင် ၂၀၁၈ ခုနှစ်တွင် ၁၀ရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး စိုက်ခင်းအတွင်းရေဝပ်၍ သီးနှံပင်များ၏ အမြစ်များပုတ်ခဲ့ပြီး သီးနှံ့များဆုံးရှုံးခဲ့ရသည်။၂၀၁၉ ခုနှစ်တွင်လည်း မိုးခေါင်မှုကြောင့် သီးနှံ ဆုံးရှုံးမှု ခံစားခဲ့ရပြီး ယခု ၂၀၂၀ တွင်လည်းအလားတူ မိုးခေါင်မှုနှင့် ကြုံတွေ့နေရသည့် အတွက် တောင်သူများအနေဖြင့် ဆက်လက် ရပ်တည်ရန် အလွန်ခက်ခဲနေပြီဟု ကန်သာကြီးကျေးရွာမှ တောင်သူဦးဝင်းနိုင်ကပြောသည်။
တောင်သူများသည် စိုက်ပျိုးစားရိတ်အတွက် မျိုးစေ့၊ စိုက်ပျိုးစရိတ်၊ လုပ်အားခများ သုံးနှစ်ဆက်တိုက် ဆုံးရှုူံးခဲ့ရ ကြောင်းဒေသခံများမှဆိုသည်။ ၎င်းတို့ထဲမှအများစုသည် ၂၀၁၈ ခုနှစ်တွင် ယင်းတို့ပိုင်ဆိုင်ထားသည့် ကျွဲနွားများအား ရောင်းချ၍ ငွေကြေးအခက်အခဲအားဖြေရှင်းခဲ့ကြပြီး ဒုတိယနှစ်တွင် လယ်ယာပိုင်ဆိုင်မှုများမှ အချို့ကိုပါရောင်းချခဲ့ရသည်ဟု ကန်သာကြီးကျေးရွာမှတောင်သူဦးဝင်းနိုင်မှဆိုသည်။
“၂၀၂၀ မှာ သီးနှံတွေက မထင်မှတ်ပဲနဲ့ ခက်ခက်ခဲခဲနဲ့ တောင်သူတွေစိုက်ပျိုးခဲ့ရပါတယ် ပြီးခဲ့တဲ့ ၂၀၁၈ ၂၀၁၉ ဒဏ်တွေကို အလူးလဲ ခံရင်းကနေ ၂၀၂၀ မှာဆက်လက်စိုက်ပျိုးခဲ့ပါတယ် ၂၀၂၀စိုက်ပျိုးတဲ့အခါမှာ ခုလို မိုးခေါင်မှု
ကို ဆက်လက်ကြုံတွေ့ရတဲ့အတွက် တောင်သူတွေ ဆက်လက်ရပ်တည်နိုင်ဖို့ အခွင့်ရေးတွေ အတော်နည်းပါးလာ
ပါတယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် ၅နှစ်အတွင်း ကံသာကြီးကျေးရွာတွင်ခိုင်းနွား ၄၀၀ ကျော်ရှိပြီး ယခုနှစ်တွင် ခိုင်းနွား အကောင် ၄၀ ဝန်းကျင်သာရှိတော့သည်ဟု ကံသားကြီးကျေးရွာမှ အသက် ၇၇ နှစ်အရွယ် အဘ ဦးမြရှိန်ကပြောသည်။
“ ငါ့မြေးတွေ ငါ့သားတွေလုပ်ကြကွာ ဆိုတော့ အဘိုးက ပျက်သွားရင် ခင်ဗျ ခံမှာလားဆိုတော့ ကိုလဲခံနိုင်တဲ့ အရည်ချင်းမရှိဘူးလေ ကိုကလဲ ယာတွေလုပ်ပါလို့ တိုက်တွန်းရဲတဲ့အားမရှိတော့ဘူး တစ်နှစ်မဟုတ်ဘူး သုံး
နှစ်ဆက်ပျက်တာဆိုတော့ အဘတို့လဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေပါပြီ”ဟု အဘဦးမြရှိန်မှဆိုသည်။
ကန်သာကြီးကျေးရွာတွင် အိမ်ခြေ ၂၆၀ရှိပြီး တောင်သူလုပ်ငန်းလုပ်ကိုင် အသက်မွေးကြသည်။
ရာသီဥတုဖောက်ပြန်၍ သီးနှံပျက်စီးမှုများကြောင့် မိသားစု ဆက်လက်ရပ်တည်နိုင်ရေးအတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရကြောင်း ကျေးရွာခံများမှဆိုသည်။

“ကျွန်တော်တို့က ၃နှစ် ဆက်တိုက် ကြုံတွေ့လာရတဲ့အခါကြတော့ ကျွန်တော်တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မပေးဘူးဆိုလို့ရင် ကျွန်တော်တို့တောင်သူလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်မှာ မဟုတ်တော့ပါဘူး” ဟု ကို ဝင်းနိုင်ကပြောသည်။
၂၀၁၈ တွင်နွားများရောင်းချပြီး ဆက်လက်လုပ်ကိုင်ရသည့်အတွက် ၂၀၁၉ခုနှစ်တွင် ထွန်စက် ၊ နွား ငှား ပြီးလုပ်ကိုင်ခဲ့ရသည်ဟုဆိုကြသည်။ “အခု ၂၀၂၀မှာ နွားလဲမရှိတော့ဘူး အရင်းနှီးပြန် စိုက်ထုတ်ဖို့လဲ မရှိတော့ဘူး”ဟု ကိုဝင်းနိုင်ကပြောသည်။

ဒေသခံများသည် ၎င်းတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအားဖြေရှင်းနိုင်ရေးအတွက် အစိုးရအပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အကူအညီများ များစွာလိုအပ်နေပြီး ၎င်းတို့၏အခက်အခဲများအား ကူညီဖြေရှင်းပေးရန် မျှော်လင့်နေကြသည်။

မကွေးတိုင်းအတွင်းရာသီဥတုဖောက်ပြန်ခြင်းကြောင့် တောင်သူများထိခိုက်နစ်နာမှုများဖြင့်ပါတ်သတ်၍ အစိုးရအနေဖြင့် တောင်သူများအတွက် စောင့်ရှောက်မှုများဆောင်ရွက်ပေးစေလိုကြောင်း မကွေးတိုင်းတောင်သူ လယ်သမားသမဂ္ဂတိုင်းဘဏ္ဏာရေးမှုးဖြစ်သူ ဦးမြင့်နိုင်ကMagway Post သို့မှတ်ချက်ပေးသည်။
“ရာသီဥတုကဖောက်ပြန်နေတာမဟုတ်ပဲ နှစ်တိုင်းခုလိုဖြစ်နေတဲ့အတွက် ရာသီဥတုပြောင်းလဲသွားတယ် လို့ပဲဆိုရမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲသွားတာနှင့်အညီ စိုက်ပျိုးနည်းစနစ်တွေကိုလဲ လိုက်လျောညီထွေ ပြောင်းလဲ အသုံးပြုရမည်”ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှုး ဦးလင်းမြတ်ကပြောသည်။

သတင်းနှင့်ဓာတ်ပုံ – သူရိန်ဇော်