မေ့မထားသင့်တဲ့ ကလေးငယ်တွေ

262

ယခုသတင်းဆောင်းပါးကိုရေးသားသူ ဉာဏ်လင်းအောင်သည် ပေါ်ပြူလာနယူးစ်ဂျာနယ်၊မြန်မာတိုင်မ်းဂျာနယ်တို့တွင် ဂျာနယ်လစ်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်သည်။သတင်းသမားအဖြစ်ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် ၎င်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှအချို့ကို ပြန်လည်ရေးသားထားခြင်းဖြစ်သည်။

ကလေးက ဖျော့တော့လွန်းလှပြီး အသက်အရွယ်နဲ့မလိုက်အောင် သေးလှီလွန်းလှတယ်။ ဒါ့အပြင် အပြိုင်းပြိုင်းနံရိုးသေးသေးလေးတွေနဲ့ သွေးကြောမျှင်မျှင်လေးတွေကိုပါ အတိုင်းသားမြင်တွေ့ရလောက်အောင်ထိ ဖွံ့ဖြိုးမှုအားနည်းလှတာကိုတွေ့ရတယ်။

အသက် ၁၁ လကျော်ရှိပြီဖြစ်ပေမယ့် အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတာကြောင့် ကလေးဟာ ကိုယ်အလေး ချိန် ၅ ပေါင်ကျော်သာရှိတယ်။ ကလေးနာမည်ကို မေးကြည့်တော့ “နှင်းပုလဲ” လို့ မိခင်ဖြစ်သူကပြောတယ်။ နာမည်ကတော်တော်လှပါတယ်။ ဒါပေမယ့် နာမည်နဲ့မလိုက်အောင် ကလေးရဲ့အခြေအနေက ဆိုးရွားလွန်း လှတယ်။

နှင်းပုလဲ အသက် ငါးလသားအရွယ်ကစပြီး မိခင်ဖြစ်သူက နို့မထွက်တော့တာမို့ တစ်ခါသုံး ကျပ် ၅၀ တန် နို့ဆီကိုပဲ အာဟာရအဖြစ် တိုက်ကျွေးခဲ့တယ် ။ နို့ဆီတစ်ဘူး ၉၀၀ ကျပ် ဆိုတာက သူတို့မိသားစုအတွက် တတ်နို်ငတဲ့ ငွေကြေးမဟုတ်တာမို့ တစ်ခါသုံး နို့ဆီထုတ်ကိုပဲ နှင်းပုလဲ အသက် ၁၁ လကျော်ရောက်ချိန်ထိ တိုက်ကျွေးခဲ့တာဖြစ်တယ်။ အဲဒီ ၅၀ ကျပ်တန် တစ်ခါသုံး နို့ဆီကလွဲရင် အခြားဖြည့်စွက်စာမျိုး နှင်းပုလဲကို ကျွေးမွေးခဲ့တာမျိုးမရှိပါဘူး။

နှင်းပုလဲတို့မိသားစုဟာ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်_ပုသိမ်ကားလမ်းမဘေး ၊ ညောင်တုန်းမြို့နယ် အပိုင်ထဲ က အေးရွာမှာ နေထိုင်ကြတာဖြစ်ပါတယ်။ နှစ်စဉ်ဖြစ်ပွားမြဲဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ရေကြီး ရေလျှံမှုကို နှင်းပုလဲတို့ မိသားစုအပါအဝင် အေးရွာသားတွေလည်း ကြုံတွေ့ခံစားခဲ့ရပါတယ်။  ရေဘေးကြောင့် နေအိမ်တွေ ရေနစ်မြှုပ်ခဲ့တဲ့အတွက် နေထိုင်မရတာမို့ ရန်ကုန်_ပုသိမ် ကားလမ်းဘေးမှာ တဲထိုးပြီး ယာယီနေထိုင်နေ ရတာဖြစ်ပါ တယ်။

နှင်းပုလဲတို့မိသားစု အပါအဝင် အေးရွာမှာနေထိုင်ကြသူအများစုဟာ ကိုင်းနှုတ်၊ ကွမ်းရွက်ခူး၊ ပိုက်ဆွဲ စတဲ့ကျပန်းအလုပ်ကို လုပ်ကိုင်ကြသူတွေဖြစ်ပြီး ပုံမှန်အလုပ်အကိုင်ရှိသူ မရှိသလောက်ပါပဲ။ ရေနစ်မြှုပ်မှုဖြစ် ပွားခဲ့ပြီးနောက်ပိုင်း သူတို့အတွက် အလုပ်အကိုင် ပိုမိုရှားပါးလာခဲ့ပါတယ်။ ဒီအတွက် မိသားစုထဲမှာ တစ်ဦးတည်း သော အလုပ်လုပ်ကိုင်နိုင်သူဖြစ်တဲ့ နှင်းပုလဲ ဖခင်လည်း အလုပ်လက်မဲ့ဖြစ်လာ ခဲ့တယ်။ အလုပ်လက်မဲ့ဖြစ်မှု ရဲ့နောက်ဆက်တွဲ မိသားစု စားဝတ်နေရေးလည်း မဖူမလုံဖြစ်လာခဲ့တယ်။

ရှားပါးလာတဲ့ အလုပ်အကိုင်ရယ် ၊ ပုံမှန်လုပ်နေကြ ကျပန်းအလုပ်အကိုင် ကိုင်းလုပ်ငန်းတွေလည်း ရေမြုပ် ၊ ငါးဖမ်းပိုက်ဆွဲလည်း မလုပ်နိုင်တဲ့အခါ မိဘတွေတောင် စား၀◌တ်နေရေးအတွက် ကြုံသလို ဖြေရှင်းလာရချိန် နှင်းပုလဲရဲ့ အာဟာရကလည်း ၅၀ ကျပ်တန် တစ်ခါသုံးနို့ဆီထုတ်ပဲ ဖြစ်လာခဲ့တယ် ။ ကလေးကို ဆေးရုံ ဆေးခန်းပြဖို့ဆိုတာ  ‌ဝေးရောပေါ့။

ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုထောက်ပံ့ကူညီရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ဇူလိုင်နဲ့သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၄၅၁,၀၀၀ ကျော်ဟာ အစာအစားပြတ်လပ်မှုနဲ့ကြုံတွေ့နေရပြီး လူပေါင်း ၄၈,၀၀၀ ကျော်သာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ ထောက်ပံ့မှုကို ရရှိသေးတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ရေကြီးရေလျှံမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ် ရေဘေးဒဏ်ခံစားခဲ့ရပြီး လူပေါင်း နှစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။  အဆိုပါဒေသတွေအတွက် လိုအပ်တဲ့ အစားအစာ၊သောက်သုံးရေ၊ အလုပ်အကိုင် အခွင့်အ လမ်း၊ လယ်ယာစိုက်ပျိုးရေး ပြန်လည်ဆောင်ရွက်နိုင်ဖို့ အစိုးရအဖွဲ့က ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက် ပေးနေတယ်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ ရေဘေးသင့် ပြည်သူတွေဟာ ရေဘေးဒုက္ခရဲ့ နောက်ဆက်တွဲ ပြတ်လပ်ခြင်းကို ကြုံနေရဆဲပါပဲ။

အေးရွာ ရွာဦးကျောင်းက ကောက်ယူထားတဲ့စာရင်းအရ အေးရွာမှာ အိမ်ခြေ ၁၉၂ အိမ်။ မိသားစု ၅၀၀ နီးပါးနေထိုင်နေကြပြီး ကလေးငယ် ၁၀၀ ဝန်းကျင်ရှိပါတယ်။ ရေလွှမ်းမိုးခံရတဲ့ဒေသရှိ ကလေးငယ်တွေဟာ သန့်ရှင်းတဲ့သောက်သုံးရေရရှိမှု အားနည်း ၊ ယင်လုံအိမ်သာလို အခြေခံသန့်ရှင်းရေး အဆောက်အအုံလည်း မသုံးစွဲနိုင်တာမို့ ရေကြောင့်ဖြစ်တတ်တဲ့ရောဂါ ရရှိနိုင်ခြေမြင့်တက်နေတယ်လို့ ယူနီဆက်အဖွဲ့က  ထုတ်ပြန်ခဲ့ ပါတယ်။ ယူနီဆက်ထုတ်ပြန်ချက်အရ ကလေးငယ် ၃၉၀,၀၀၀ ကျော်ဟာ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတာပါ။

ရေဘေးသင့်ဒေသအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စက ရေပြန်ကျသွားပေမဲ့ အခြေခံလိုအပ်ချက်တွေ၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ထူထောင်ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် မဆောင်ရွက်နို်ငတာပါပဲ။ ဒါက စစ်အစိုးရလက်ထက်ကစလို့ လက်ရှိ အရပ်သား ဒီမိုကရေစီလို့ဆိုတဲ့ အစိုးရ လက်ထက်ထိတိုင် အဆက်ဆက်ပါပဲ။  ကလေးငယ်တွေအတွက် သီးသန့်ဆိုတာမျိုးကတော့ ရှားမှရှားဆိုတဲ့ ကိစ္စမျိုးပါပဲ။

School Health လို့ခေါ်တဲ့ စာသင်ကျောင်းတွေမှာ ကျန်းမာရေး စစ်ဆေးပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံခိုင်းစေတာ၊ ငါးနှစ်အောက်ကလေးငယ်တိုင်းကို ကာကွယ်ဆေးထိုးပေးတဲ့  Immunization Programme  စတာတွေ အစိုးရက အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နေပေမဲ့ ဒါတွေက နှင်းပုလဲတို့လို သဘာ၀ဘေးအန္တရာယ်ခံရတဲ့ဒေသက ကလေးငယ်တွေအတွက်က ဆောက်ဖြစ်မှ ကျောင်းဒကာလို့ ပြောရမယ့်အခြေအနေမျိုးပါပဲ။

တကယ်တမ်းမှာ မိုးများတာ၊ မြစ်ရေကြီးတာ၊ မြေပြိုတာတွေဟာ  မိသားစု ဆင်းရဲနွမ်းပါးမှုအခြေအနေကို ပိုမိုဖြစ်စေပြီး ရေကြီး နစ်မြှုပ်ခဲ့တဲ့ဒေသတွေမှာရှိတဲ့ ကလေးငယ်တွေဟာ အရင်ကထက် နှစ်ဆမကတဲ့ ဘေးဒုက္ခကိုကြုံတွေ့ လာနေရတာပါ။

ရေကြီးနစ်မြှုပ်မှုမတိုင်မီကတည်းက ဆင်းရဲဒုက္ခဘေးကြုံတွေ့နေရတဲ့မိသားစုတွေဟာ ရေကြီးနစ်မြှုပ်ချိန်နဲ့ ရေပြန်လည်ကျသွားပြီးနောက်ပိုင်း သူတို့ရဲ့ ပုံမှန်လည်ပတ်မှုအခြေအနေကို ပြန်လည်ရရှိနိုင်ဖို့ အခက်အခဲကြီးကြီးမားမားကြုံတွေ့ရတာပါ။  ဒီလိုမိသားစုထဲမှာ တစ်ခုပါဝင်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုကြောင့် အသက် ၅ လအရွယ်ကတည်းက တစ်ခါသုံး နို့ဆီထုတ်ကို သောက်သုံး ရှင်သန်ခဲ့ရတဲ့ နှင်းပုလဲကတော့ အသက် ၁၁ လကျော်ထိ ရှင်သန်ခွင့်ရခဲ့တာ ကံကောင်းတယ်လား ၊ ကံဆိုးတယ်လား ဘယ်လိုဆိုရမလဲ မသိတော့ပေ။

သတင်းသမားဆိုတာကလည်း တကယ်တမ်းတော့ လူသားပါပဲ ။ ထူးပြီး ချွန်နေတာမျိုးမရှိသလို ထူးပြီး နှလုံးသားမရှိတာမျိုးတော့လည်းမဟုတ်ပါဘူး ။ ဧရာ၀တီတိုင်းဒေသကြီးဘက် ရေကြီးရေလျှံမှုကို သတင်းသွား ယူရင်း ခုလိုပုံစံနဲ့ နှင်းပုလဲ ရဲ့ အာဟာရချို့တဲ့မှုကိုတွေ့ရတော့ သူ့ကို ဆေးရုံတက်ပြီး ကုသနိုင်ဖို့ ဆောင်ရွက် ပေးခဲ့ပါတယ်။  အနားမှာ ယင်ကောင်တွေ  ၀◌ိုင်းနေပြီး လိုအပ်တာထက် ပိုမို ပိန်လှီသေးကွေးလွန်းလှတဲ့ ကလေးငယ်ဟာ ဆေးကုသမှုခံယူမှ သင့်တော်မယ်ဆိုတာ ခံစားမိတာမို့ ကူညီခဲ့ခြင်းဖြစ်တယ်။

ဆေးကုသနိုင်ဖို့ နှင်းပုလဲနဲ့ သူ့မိသားစုကို အေးရွာကနေ ရန်ကုန်ကိုခေါ်ဆောင်လာခဲ့ပြီး ရန်ကင်းကလေးဆေးရုံ ကုသဆောင်အမှတ် ၂ မှာ တက်ရောက်ကုသစေခဲ့ပါတယ်။ ကုသပေးတဲ့ ဆရာ၀◌န်တွေရဲ့ အဆိုအရ နှင်းပုလဲ ဟာ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ၁၀ ရက်လောက် ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ကံကောင်းတယ်လို့ဆိုရမှာက နှင်းပုလဲမှာ အာဟာရချို့တဲ့မှု‌ေ၀ဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရတာကလွဲလို့ အခြား ရောဂါလက္ခဏာတွေ ရှိမနေတာပါပဲ။  ဒါပေမဲ့ ခက်တာက ဆေးရုံတက်ကုသပြီးနောက်ပိုင်း အရင်အတိုင်း ၅၀ ကျပ်တန် တစ်ခါသုံးနို့ဆီကိုသာ ပြန်သောက်သုံးရမယ်ဆိုရင်တော့ ထူးခြားလာမှာ မဟုတ်ဘဲ ဆေးရုံပေါ် ပြန်ရောက်လာမယ့် အခြေအနေပါပဲ။

လတ်တလောမှာတော့ ရေဘေးသင့်ဒေသတွေက ကလေးငယ်တွေ ကျန်းမာရေးဆိုးရွားပြီး ဆေးရုံတက်ရောက် ကုသဖို့ ရောက်လာတာမျိုး များများစားစားမရှိသေးတာကိုတော့ ဆေးရုံရဲ့မှတ်တမ်းစာရင်းအရသိရပေမဲ့ ဒါက တထစ်ချကြီး မှတ်ယူရဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေ့မြေပြင်က နှင်းပုလဲ တို့လို ကလေးငယ်တွေဟာ ဆေးရုံကို  ရောက်လာပြီး ကုသနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာမို့ပါပဲ။

တကယ်ဆိုရင် ရေဘေးသင့်တာကြောင့် လူကြီးတွေဘေးဒုက္ခကြုံရသလို မဖွံ့ဖြိုးသေးတဲ့ကလေးငယ်တွေဟာ လူကြီးတွေထက် နှစ်ဆမက ဘေးဒုက္ခရောက်နေကြရတာမို့ ရေဘေးသင့်ဒေသတွေရဲ့ နောက်ဆက်တွဲ ကယ်ဆယ် ကူညီထောက်ပံ့ရေး ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ  အခြားသော အရာတွေနည်းတူ အဲဒီဘေးသင့်ဒေသတွေက ကလေးငယ်တွေရဲ့ ရှင်သန်ကျန်းမာမှုအတွက်ကိုလည်း မမေ့မလျော့ ထည့်သွင်းစဉ်းစားလုပ်ဆောင်သင့်တာပါပဲ။  လူကြီးတွေအတွက် ပြန်လည်ထူထောင်ရေးဟာ အရေးကြီးသလို အနာဂတ်မျိုးဆက်ကလေးတွေအတွက် ရှင်သန်ကျန်းမာမှုကလည်း  အခရာကျတယ်ဆိုတာ မေ့မထားဘူးထင်ပါ့။