မိုးကလွန်တော့မည် ကန်ရေကမပြည့်သေး

514

“မိုးရွာနေတာ နာရီဝက်ကြာတယ်။သောက်ရေအတွက်စိတ်အေးရပါပြီ။”ဒါကတော့နတ်မောက်မြို့နယ်က ဒေသခံ တစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလ ဩဂုတ်လ ၁၇ ရက်နေ့မှာ တင်လိုက်တဲ့စာသား တစ်ခုပါ။

ဒီစကားက အခုလိုဇူလိုင်လနဲ့ ဩဂုတ်လတွေမှာကြားရလေ့ရှိတဲ့စကားမျိုးမဟုတ်ပါဘူး။ ဒီကာလမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ သောက်ရေ သုံးရေကဏ္ဍဟာ ပေါများကြွယ်ဝရမယ့် ကာလတစ်ခုဖြစ်နေရမယ့် ကာလတွေလို့ဆိုရမှာပါ။ မြန်မာ့ဆိုရိုးစကားတစ်ခုဖြစ်တဲ့ ဝါဆို၊ဝါခေါင်ရေဖောင်ဖောင်ဆိုတဲ့ဆိုရိုးစကားအရ ဒီလတွေမှာမြစ်တွေ၊ ချောင်းတွေ၊ကန်တွေမှာ ရေပြည့်နေရမယ့် အချိန်ပါ။ ဒါပေမယ့် အခုနှစ်မှာတော့ မိုးရွာသွန်းမှုနည်းပါး တာကြောင့်မြန်မာနိုင်ငံ အလယ်ပိုင်းမှာသောက်သုံးရေပြတ်လတ်မှုတွေရှိခဲ့ပါတယ်။

မိုးအဝင်နောက်ကျမှုကြောင့် အဓိကထိခိုက်တာကတော့ သီးနှံပျက်စီးတာနဲ့သောက်သုံးရေအခက်အခဲတွေပဲ ဖြစ်ပါတယ်။ မြေအောက်ရေထုတ် ယူသုံးစွဲနိုင်ခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ကျေးရွာတွေကတော့ မြေသားရေကန်ကိုမှီခိုနေကြရတာပါ။ဒီလိုမြေသားရေကန်တွေကမိုး တွင်းမှာရေသိုလှောင်ပြီး သိုလှောင်ထားတဲ့ ရေကို တစ်နှစ်ပါတ်လုံးသုံးစွဲကြရတာပါ။ဒီနှစ်မိုးတွင်းပြီးခဲ့တဲ့ရက်ပိုင်းကအထိ မြေသားရေကန်ထဲကိုရေဝင်တဲ့ အထိမိုးမရွာခဲ့ပါဘူး။တချို့ကျေးရွာတွေမှာ မိုးဦးကျကာလတွေဖြစ်တဲ့ ဇွန်လနဲ့ဇူလိုင်လတွေမှာမိုးမရွာသလောက် နီးနီးဖြစ်ခဲ့ပါတယ်။

“မိုးကြီးကြီးမားမားရွာတာ ၂ကြိမ်လောက်ပဲရှိတယ်။မိုးကရွာတယ်လို့ပြောလို့ရတယ်။ရေရအောင်မရွာတာပေါ့”လို့ နတ်မောက်မြို့နယ်ပိတောက်ပင်ကျေးရွာက ဦးမျိုးဆန်းကပြောပါတယ်။ ပိတောက်ကုန်းကျေးရွာမှာ ဩဂုတ်လ အစပိုင်းက မိုးကြီးတစ်မိုးစပြီးရွာခဲ့ပါတယ်။  ဩဂုတ်လထဲမှာစုစုပေါင်းမိုးကြီးနှစ်မိုးသာ ရွာခဲ့ပါတယ်။

ဒီနှစ်မိုးတွင်းမှာသောက်သုံးရေအခက်အခဲရှိတဲ့ရွာတွေက နှစ်စဉ်နွေရာသီရေရှားနေကျကျေးရွာတွေပါ။နွေရာသီမှာ တော့ရေအခက်အခဲကိုသိကြတာကြောင့်ရေအလှူရှင်တွေကလာရောက်လှူဒါန်းလေ့ရှိကြပါတယ်။မိုးတွင်းကိုရောက်တဲ့အချိန်မှာတော့ပရဟိတအဖွဲ့တွေကရေလှူတဲ့အလုပ်တွေကိုသိမ်းလိုက်ပါတော့တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ တော့ဒါဟာလုပ်ရိုးလုပ်စဉ်ကိစ္စရပ်ဖြစ်ခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ အဆင်လည်းပြေခဲ့ပါတယ်။ ဒီနှစ်မိုးတွင်းမှာတော့ ဒါဟာရေရှားတဲ့ရွာတွေ အတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတော့တယ်။

အခုနှစ်နွေရာသီမှာ ကိုဗစ်(၁၉)ကြောင့်အရင်နှစ်တွေကထက်ရေလှူဒါန်းမှုတွေနည်းပါးခဲ့ပါတယ်။ဒီလိုနွေရာသီရေ အလှူရှင်နည်းပါးတဲ့နှစ်မှာမိုးဦးကာလ မိုးမရွာတဲ့အဖြစ်ကိုကြုံရချိန်မှာတော့ ကျေးရွာတွေရဲ့ရေအခက်အခဲတွေက ပိုမိုဆိုးရွား ပါတော့တယ်။

“သောက်ရေတကယ်ခက်တာကနွေရာသီတုန်းကခက်တဲ့ရွာတွေအများစု တကယ်ခက်သွားတာတော့မိုးဦးကျပြီလို့ ပြောတဲ့အချိန်မှာခက်သွားတာပဲ။မိုးဦးကျပြီလို့ပြောပေမယ့်မိုးကလုံလောက်အောင်မရွာ၊ရေလှူတဲ့အဖွဲ့တွေကလည်း မိုးဦးကျပြီဆိုတော့စိတ်အေးလိုက်ကြတာလေ”လို့ သတင်းထောက်တစ်ဦးဖြစ်ပြီး နတ်မောက်မြို့နယ်၊ အုတ်ဖိုကျေးရွာဒေသခံတစ်ဦးလည်းဖြစ်တဲ့ ဦးပေါ်ဦးကဆိုပါတယ်။

အခုမိုးလယ်ကာလမှာတော့မိုးရွာစပြုနေပေမယ့်ကန်ထဲကိုရေအလုံအလောက်မဝင်သေးပါဘူး။အခုခေတ်မှာတော့ရွာတွေ မှာသက်ငယ်မိုးအိမ်မရှိတော့တာကဒီနှစ်အတွက်တော့အဆင်ပြေသွားခဲ့ပါတယ်။အိမ် တွေ၊နွားတင်းကုတ် တွေကအစသွပ်မိုးထားတာဖြစ်လို့ ရေတံလျှောက်တပ်ပြီး ကျောက်စည်နဲ့ရေသိုလှောင်လိုက်တဲ့ အခါ အိမ်တစ်အိမ် အတွက်လေး၊ငါးရက်စာလုံ‌လောက်ပါတယ်။ဒီရေကုန်သွားလို့မိုးမရွာရင် ရေအတွက်မိုးထပ်မျှော်‌နေရတာပါ။

“ခါတိုင်းတော့ရေမရှိဘူးဆိုတာကန်ထဲမှာရေနည်းသွားတာ၊တဝက်လောက်တော့ကျန်တယ်။အခုနှစ်ကတော့ကန်တွေမှာရေလုံးလုံးမရှိတော့တာ။ခုတော့ကောင်းကင်ရေလေးနည်းနည်းရတာကိုခံပြီးတော့ သောက်ရေအတွက် သုံးတယ်”လို့ သရက်မြို့နယ်ပြောင်ကျကျေးရွာရဲ့ရာအိမ်မှူးဦးဇော်ဇော်ကပြောပါတယ်။

နတ်မောက်မြို့နယ်ကကျေးရွာတချို့မှာတော့ဩဂုတ်လဆန်းပိုင်းကရွာတဲ့မိုးကြီးကြောင့်ကန်တွေထဲရေဝင်နေပါပြီ။ ဒါပေမယ့်နှစ်တိုင်းလိုကန်ရေကအပြည့်ဝင်တာမဟုတ်ပါဘူး။ ဒေသခံတွေဟာ သိုလှောင်ထားတဲ့မိုးရေကုန်သွားတဲ့ အခါမှာကောင်းမွန်တဲ့သောက်သုံးရေကိုသောက်နေရတာတော့ မဟုတ်ပါဘူး ရေနောက်ကိုသာခပ်လို့ အနည်တွေကိုစစ်ပြီး သောက်နေရတာပါ။

“သန့်ရှင်းတဲ့သောက်ရေတော့မဟုတ်ဖူး၊ရေနီ၊ရေနောက်သောက်ရတာပေါ့။မိရိုးဖလာသောက်နေကြတာဆို တော့သောက်ကြရတာပဲ”လို့ဦး‌ပေါ်ဦးကပြောပါတယ်။

နတ်မောက်မြို့နယ် ပိတောက်ကုန်းကျေးရွာမှာတော့ဘုန်းကြီးကျောင်းမှာစက်ရေတွင်းတစ်တွင်းရှိပါတယ်။ဒီစက် ရေတွင်းကပျက်နေတာနှစ်နှစ်လောက်ကြာခဲ့ပါပြီ။မိုးတွင်းမှာလုံးဝမိုးမရွာရင်တော့ရေအဆင်ပြေဖို့အတွက် စက်ရေ တွင်းကိုပြင်ဆင်ရမှာပါ။ဒီအတွက်လည်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုအကူအညီတောင်းခံထားတယ်လို့ပိတောက်ကုန်းကျေးရွာခံတစ်ဦးဖြစ်တဲ့ ဦးမျိုးဆန်းကပြောပါတယ်။

အသက်၃၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ဦးမျိုးဆန်းအနေနဲ့ကတော့အခုလိုမိုးခေါင်မှုကို ပထမဆုံးကြုံဖူးတာလို့ ဆိုပါတယ်။ ယခင်က မိုးခေါင်တာကိုတစ်နှစ်တော့ကြုံဖူးပေမယ့် အခုလောက်မဆိုးခဲ့ဘဲ ဇူလိုင်လထဲမှာမိုးပြန်ရွာခဲ့တယ်လို့ ဦးမျိုးဆန်းက ပြောပါတယ်။

နတ်မောက်မြို့နယ်မှာမိုးဦကျချိန်အထိ ရေခက်ခဲသွားတဲ့ရွာတွေကဆယ်ဂဏန်းလောက်ရှိခဲ့တာဖြစ်ပြီး ဒီထဲက လမ်းပန်း ဆက်သွယ်ရေးကောင်း တဲ့ကျေးရွာတွေကိုတော့နတ်မောက်မြို့က စိတ်ဓါတ်ဖြူစင်ဂရုဏာရှင်များ လူမှုကူညီရေး အသင်းကသွားရောက်လို့ ၎င်းတို့တတ်နိုင်သလောက်ရေလှူဒါန်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ နွေရာသီမှာတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ပရဟိတလုပ်ငန်းအသီးသီးကရေလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာကြောင့်တကယ့်နွေရာသီမှာရေထင်သလောက်မရှားခဲ့ဘူး။မိုးဦးကျပြီးနောက်မှာရှားသွားတာလို့ နတ်မောက်မြို့အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဦးပေါ်ဦးကပြောပါတယ်။

“တချို့ကျတော့လည်းတကယ်ရေရှားနေပြီး ထွန်းအောင်ပေါက်အောင်ပြောတတ်တဲ့လူမရှိတော့ပေတူးရှားနေတဲ့ ရွာတွေလည်းရှိတယ်။ကျွန်တော်တို့မသိနိုင်တဲ့ရွာတွေပေါ့”လို့သူကပြောပါတယ်။

ဒီနှစ်နွေရာသီမှာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကရေလှူခဲ့တဲ့ကျေးရွာပေါင်း (၆၆) ရွာရှိခဲ့တယ်လို့အဲ့ဒီဌာနရဲ့စာရင်းဇယားတွေအရသိရပါတယ်။

“မိုးတွင်းရောက်မှတော့ကျွန်တော်တို့ဌာနကိုအကူအညီတောင်းခံလာတာမရှိဘူး။တကယ်လို့အကူအညီတောင်းခံလာရင်တော့နွေရာသီမှမဟုတ်ဖူး ကူညီပေးမှာပါ”လို့ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြား ရေးမှူး(နည်းပညာ)ဦးအောင်ကြီးကပြောပါတယ်။

အခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်းကို မုတ်သုံဝင်ရောက်တာပုံမှန်ထက်(၅)ရက်လောက်နောက်ကျပြီး မုတ်သုံလေ အားကောင်းမှုနည်းပါးခဲ့ပါတယ်။မိုးဦးကာလမှာမိုးရွာသွန်းမှုနည်းပါးခဲ့တာနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့် မကွေးတိုင်း‌ဒေသကြီးရဲ့အချို့နေရာတွေမှာ သောက်သုံးရေရှားပါးတာတွေ၊စိုက်ပျိုးရေအချိန်မှီမရတာကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရတယ်လို့ မကွေးတိုင်းဒေသကြီးမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးသိန်းမြင့်ဌေးကသုံးသပ်ပါတယ်။

ဆယ်စုနှစ်အလိုက် မှတ်တမ်းတွေအရ မကွေးတိုင်းမှာ ယခုနှစ်ဟာ ဇန်နဝါရီလကနေဇူလိုင်လအထိ စုစုပေါင်းမိုးရေချိန်လက်မ စတုတ္ထမြောက် အနည်းဆုံးနှစ်ဖြစ်ပါတယ်။ မိုးရေချိန် ၇.၁၆လက္မ ရှိပါတယ်။  ဇွန်လနဲ့ဇူလိုင်လကယေဘုယအနေနဲ့မိုးအများဆုံးလတွေဖြစ်ခဲ့ပေမယ့်အခုနှစ်မှာတော့မိုးရေချိန်အလွန်နည်းပါးခဲ့ပါ တယ်။ အခုနှစ်ဇန်နဝါရီလကနေဇူလိုင်လအထိစုစုပေါင်းမိုးရေချိန်လက်မက အယ်နီညိုနှစ် ဖြစ်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကထက်နည်းပါးခဲ့တယ် လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့စာရင်းဇယားတွေမှာ ဖေါ်ပြထားပါတယ်။

ဆယ်စုနှစ်တစ်ခုအတွင်းမှတ်တမ်းတွေအရတော့ ၂၀၁၀၊ ၂၀၁၄နဲ့ ၂၀၁၅ ခုနှစ်တွေမှာကြုံတွေ့ခဲ့ရတဲ့  ဇန်နဝါရီလကနေဇူလိုင်လထိမိုးရေချိန်စုစုပေါင်းက အခု ၂၀၂၀ခုနှစ်ထက် နည်းပါးခဲ့ပါတယ်။ ၂၀၁၅မှာတော့ဇန်နဝါရီလကနေဇူလိုင်လ အထိ မိုးရေချိန်ဟာအနည်းဆုံးဖြစ်ပြီး ၃.၅၀လက္မသာရှိခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ မကွေးတိုင်းအတွင်းမှာအဆိုးဆုံး လို့ပြောလို့ရတဲ့ရေကြီးမှုဖြစ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာတော့မိုးဦးကာလမိုးရေချိန်ဒုတိယအနည်းဆုံးဖြစ်ခဲ့ပြီး မိုးရေချိန် ၅.၇၁လက္မရှိခဲ့ပါတယ်။ တတိယ အနည်းဆုံးနှစ်ကတော့ ၂၀၁၀ခုနှစ်ဖြစ်ပြီးမိုးရေချိန် ၆.၄၈လက္မရှိခဲ့ တယ် လို့ မကွေးတိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့မိုးရေချိန်စာရင်းတွေအရသိရပါတယ်။

မကွေးတိုင်း သရက်မြို့နယ် ပြောင်ကျကျေးရွာကတော့ အခုလမှာ ရွာနားကချောင်းလေးထဲကရေကိုကန်တွေထဲ တင်ယူဖို့အတွက်ကြိုးစားနေ ကြပါတယ်။ ကန်တွေထဲကိုရေတင်ဖို့ငွေကျပ်ငါးသိန်းလောက်ကုန်ကျမှာဖြစ်ပြီး ရွာအနေနဲ့ငွေအင်အားမလုံလောက်ပါဘူး။ ဒီအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုလည်း အကြောင်းကြားထားတယ်လို့ ပြောင်ကျကျေးရွာရဲ့ ရာအိမ်မှူးဦးဇော်ဇော်ကပြောပါတယ်။

“ကန်တူးတုန်းကလည်းမြေကွက်ကိုလေးဆယ့်ငါးသိန်းနဲ့ဝယ်တာကျေတောင်မကျေသေးတော့ရွာကလည်းပန်း နေပြီ”လို့ဆိုပါတယ်။

အဲ့ဒီရွာမှာတော့မြေသားရေကန်နှစ်ကန်ရှိပြီးတစ်ကန်ကတော့ ၂၀၁၆ခုနှစ်လောက်ကတူးထားတာဖြစ်ပါတယ်။ နောက်ထပ်တစ်ကန်ကတော့ အခုနှစ်မှတူးဖော်ထားတာပါ။ စက်ရေတွင်းတွေတူးပေမယ့် အောင်မြင်မှုမရှိတဲ့ ဒီကျေးရွာမှာတော့ ချောင်းရေကိုအဆင်ပြေပြေတင်နိုင်ဖို့မျှော်လင့်ရင်း ကန်ထဲကခြုံပင်တွေကိုခုတ်ထွင်ရှင်းလင်း ထားကြပါတယ်။

အရပ်စကားနဲ့ပြောရရင်တော့ မိုးရာသီဟာ တစ်ဝက်ကျိုးခဲ့ပြီလို့ဆိုရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်းက ကျေးရွာတွေကတော့ သောက်သုံးရေရနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ပြည့်နေဆဲလို့ ဆိုရအုံးမှာပါ။

အိလေးရေးသားသည်။

ဓာတ်ပုံ – Magway Post

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စာရင်းဇယားများအား ကူးယူဖေါ်ပြပါသည်။

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၂၀ခုနှစ် ဌာနအအစီအစဉ်ဖြင့် နွေရာသီသောက်သုံးရေဖြန့်ဝေပြီးစီးမှုအခြေအနေ
၁၄.၆.၂၀၂၀
စဉ် ခရိုင် မြို့နယ် ကျေးရွာ အုပ်စု ကျေးရွာ အိမ်ခြေ လူဦးရေ ဖြန့်ဝေသည့်ရေဂါလံ ပေါင်း မှတ်ချက်
ဌာန အလှူရှင်
မကွေး နတ်မောက် ၁၀ ၁၇၈၇ ၈၇၃၉ ၁၇၅၀ ၂၃၅၂၀၀ ၂၃၆၉၅၀
မကွေး မြို့သစ် ၁၃၄ ၅၉၁ ၉၄၁၀ ၇၂၀၀ ၁၆၆၁၀
မကွေး ချောက် ၆၆၆ ၄၀၁၇ ၁၅၂၀၀ ၁၅၂၀၀
မကွေး ရေနံချောင်း ၁၁၈ ၆၁၈ ၅၀၀၀ ၅၀၀၀
မကွေးခရိုင်ပေါင်း ၁၄ ၁၈ ၂၇၀၅ ၁၃၉၆၅ ၁၆၁၆၀ ၂၅၇၆၀၀ ၂၇၃၇၆၀
မင်းဘူး မင်းဘူး ၃၄၀ ၁၆၉၆ ၁၃၃၀၀ ၁၃၃၀၀
မင်းဘူးခရိုင်ပေါင်း ၃၄၀ ၁၆၉၆ ၁၃၃၀၀ ၁၃၃၀၀
သရက် သရက် ၂၂၈ ၉၇၁ ၃၀၀၀၀ ၄၆၀၀၀ ၇၆၀၀၀
သရက် ကံမ ၈၆၀ ၃၃၂၈ ၄၇၆၀၀ ၃၇၆၀၀ ၈၅၂၀၀
သရက် မင်းလှ ၃၂၃ ၁၃၄၈ ၁၆၀၀ ၁၆၀၀
သရက်ခရိုင်ပေါင်း ၁၁ ၁၄၁၁ ၅၆၄၇ ၇၉၂၀၀ ၈၃၆၀၀ ၁၆၂၈၀၀
ပခုက္ကူ ပခုက္ကူ ၁၂၃ ၆၃၇ ၃၁၂၀၀ ၃၁၂၀၀
ပခုက္ကူ ရေစကြို ၁၅ ၂၂၄၇ ၁၀၁၄၁ ၄၃၂၀၀ ၄၃၀၀၀ ၈၆၂၀၀
ပခုက္ကူ ပေါက် ၉၂ ၅၈၃ ၃၂၀၀ ၃၂၀၀
ပခုက္ကူ မြိုင် ၆၇၀ ၃၃၁၅ ၁၄၄၅၀၀ ၃၀၀၆၀ ၁၇၄၅၆၀
ပခုက္ကူ ဆိပ်ဖြူ ၂၀၀ ၁၀၂၁ ၆၀၈၀၀ ၆၀၈၀၀
ပခုက္ကူခရိုင်ပေါင်း ၁၉ ၂၈ ၃၃၃၂ ၁၅၆၉၇ ၁၉၀၉၀၀ ၁၆၅၀၆၀ ၃၅၅၉၆၀
ဂန့်ဂေါ ဂန့်ဂေါ ၃၁၈ ၁၄၄၁ ၃၂၀၀ ၂၂၄၀ ၅၄၄၀
ဂန့်ဂေါ ဆော ၅၁၆ ၂၇၀၄ ၁၄၃၅၀ ၂၀၃၉၀ ၃၄၇၄၀
ဂန့်ဂေါခရိုင်ပေါင်း ၈၃၄ ၄၁၄၅ ၁၇၅၅၀ ၂၂၆၃၀ ၄၀၁၈၀
မကွေးတိုင်းဒေသကြီးစုစုပေါင်း ၄၉ ၆၆ ၈၆၂၂ ၄၁၁၅၀ ၃၀၃၈၁၀ ၅၄၂၁၉၀ ၈၄၆၀၀၀