COVID -19 ရောဂါပိုးတွေ့ရှိသူ (၄)ဦးတိုး၊ စုစုပေါင်း (၁၄)ဦးရှိလာ

1597

မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံသား(၃)ဦးနှင့် ထိုင်းနိုင်ငံမှပြန်လာသူတစ်ဦးတို့တွင် COVID -19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ (၃၀)ရက်နေ့ ယခုည ၇နာရီခွဲ အချိန်တွင် ထုတ်ပြန်လိုက်သည်။

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအားစောင့်ကြည့်ခဲ့ပြီးနောက် ၎င်းတို့ထဲမှ (၃)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရောဂါပိုးတွေ့ရှိရသည့် ပြင်သစ်နိုင်ငံသားများကို ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယနေ့တွေင် ရောဂါပိုးတွေ့ရှိရသည့်လူနာ(၄)ဦးအနက် (Case-14) သည်မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံမှပြန်လာသူတစ်ဦးဖြစ်ကြောင်းဖေါ်ပြပါရှိသည်။ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားသည် မတ်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။ အဆိုပါအမျိုးသားသည် ယခုလ ၂၇ ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့သည်ဟုသိရှိရသည်။အဆိုပါလူနာအား ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကုသပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

သတင်း – Magway Post