(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

874

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲကို မနေ့ညနေပိုင်းက သရက်ခရိုင် အားကစားပြိုင်ကွင်းမှာပြုလုပ်ခဲ့ပါတယ်။
ကျေးလက်တောရွာတွေ မီးခဲပြာဖုံးဘောလုံးသမားကောင်းများ ပေါ်ထွက်လာပြီး မြို့နယ် ခရိုင် တိုင်း နိူင်ငံလက်ရွေးစင်များအထိ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ကျင်းပရတာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ဆီကသိရပါတယ်။
အဲ့ဒီဘောလုံးပြိုင်ပွဲကို သရက်မြို့နယ်အတွင်း ကျေးရွာဘောလုံးအသင်းပေါင်း(၃၉)သင်းက အုပ်စု ပတ်လည်စနစ်နဲ့ ဇန်နဝါရီ(၁)ရက်နေ့က စတင်ယှဉ် ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲမှာ သာစည် ခုံကျေးရွာဘောလုံးအသင်းက ကိုးပင်ကျေးရွာဘောလုံးအသင်းကို(၂ဂိုး ၁ဂိုး)နဲ့ အနိူင်ရကာဗိုလ်စွဲသွားတယ်လို့ သိရပါတယ်။
ဆက်လက်ပြီးဆုချီးမြှင့်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ပထမဆုရ သာစည်ခုံကျေးရွာဘောလုံးအသင်းကို ဆုကြေးငွေ(၇)သိန်းနဲ့ တံခွန်စိုက်ဆုဖလား ဒုတိယဆုရတဲ့ ကိုးပင်ကျေးရွာဘောလုံးအသင်းကိုဆုကြေးငွေ (၅)သိန်းနဲ့ ဆုဖလား တတိယရရှိတဲ့ လျှော်တောင်ကျေးရွာဘောလုံးအသင်းကို ဆုကြေးငွေ(၃)သိန်းနဲ့ ဆုဖလားအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အသန့်ရှင်းဆုံးဘောလုံးအသင်းဆုနဲ့နေရာအလိုက်အကောင်းဆုံး ဘောလုံးသမားဆုတွေကိုလည်းပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။

သတင်းနှင့်ဓါတ်ပုံ – အောင်ကြီး(သရက်)