ဧရာဝတီနှင့်ပျောက်ဆုံးသွားသော ရှားပါးငါးကြီးများ

956

ဝါဆို၊ဝါခေါင် ရေဖောင်ဖောင်ဆိုသည့်ဆိုရိုးစကားအတိုင်း နှစ်စဉ် ဝါဆိုလမှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လေ့ရှိ သည်။

ဧရာဝတီမြစ်ပြင်ကျယ်၍ ရေမြင့်တတ်နေချိန်တွင် ဧရာဝတီမြစ်နှင့် ပင်လယ်တို့ဆုံစည်းရာ မြစ်ဝမှ အထက်သို့ဆန်တတ်လာကြသည့်သောင်းနှင့်ချီသော ငါးအုပ်ကြီးတစ်ခုရှိခဲ့သည်။ ယောင်္ကျားကြီး တစ်ရပ်စာအရွယ်ရှိသည့် ငါးကြီးများပါဝင်သော ငါးအုပ်ကြီးတစ်ခု လွန်ခဲ့သည့် (၁၀)နှစ်ကျော်က ရှိခဲ့ဘူးသည်ဆိုလျှင် ယခုအချိန်မှာတော့ ဒီဏ္ဍာရီသဖွယ် ပုံပြင်သဖွယ်ဖြစ်ကောင်း ဖြစ်နေကြပေလိမ့်မည်။

ဧရာဝတီမြစ်ရေတတ်ချိန်တွင် မြစ်၏အထက်ဘက်သို့ဆန်တတ်လာသည့် အဆိုပါငါးအုပ်ကြီးက လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတိုင် အမှန်တကယ်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းငါးကြီးများကို မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာဘုရားပွဲကြီးနှင့်ယှဉ်တွဲ၍ သိရှိမှတ်သားခဲ့ကြဖူးသည်။ ယဉ်ကျေးလိမ္မာပြီး လူများနှင့် လက်ပွန်းတတီးနေတတ်သည့် ကျောင်း တော်ရာဘုရားငါးကြီးများဟုလည်း ခေါ်တွင်ခဲ့ကြသည်။

ယင်းငါးကြီးများက ဧရာဝတီမြစ်ရေမြင့်တတ်ချိန် ဝါဆို၊ဝါခေါင်တွင် အထက်သို့ဆန်တတ်လာကြပြီး၊ပွင့်ဖြူမြို့ နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် မုန်းချောင်းဆုံစည်းရာ(ဒေသအခေါ်မြစ်ဆုံ)မှ မုန်းအချောင်းအတွင်းသို့ ဝင်ရောက်လာကြလေ့ရှိသည်။ ယင်းငါးကြီးများက ကျောင်းတော်ရာဘုရားကြီးရှိသည့် မုန်းချောင်း ဗူးသည် ဆိပ်ကမ်းတွင် ဝါတွင်း သုံးလပတ်လုံး နေထိုင်ကြသည်။

သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင်တော့ ယင်းငါးအုပ်ကြီးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်ခဲ့ရပြီး ကျောင်းတော်ရာဘုရားရှိရာ ဗူးသည်ဆိပ်ကမ်းသို့ရောက်ရှိမလာတော့ပါ။

ကျောင်းတော်ရာဘုရားပွဲနှင့် ယင်းငါးအုပ်ကြီး ဆက်စပ်ပတ်သက်ခဲ့ခြင်း သမိုင်းမှတ်တမ်းအထောက် ထားများက ကျောင်းတော်ရာတွင် အခိုင်အခန့်ရှိနေခဲ့သည်။ ကျောင်းတော်ရာဘုရားပွဲဆိုလျှင် “ဘုရားဖူး ငါးကျွေး သွားသည်” ဟူသည့်စကားက အထင်ကရဖြစ်သည်။

အခြားထူးခြားချက်တစ်ခုမှာ ယင်းငါးကြီးများအား ဘုရားဖူးလာကြသူများက တရင်းတစ်နှီး ပွေ့ချီ ငါးစာကျွေးလို့ရခြင်းဖြစ်သည်။

ကျောင်းတော်ရာဘုရားပွဲတော်၏ထူးခြားချက်က ပွဲတော်ချိန် ဝါတွင်းသုံးလလုံး ဘုရားငါးကြီးများ လာရောက်ခြင်း ဖြစ်သည်။ ငါးကြီးများက လူများနှင့် ရင်းနှီးစွာနေသလို ရေပေါ်တွင်ဖေါ်ပြကြသည်။ လာရောက်သည့် ဘုရားဖူး များမှငါးစာကျွေးလျှင် ပါးစပ်ကြီးများကို ဟ၍စောင့်နေတက်ကြသည်။

“ဘုရားငါးကြီးတွေရှိတဲ့အချိန်မှာတော့ ကလေးတွေကော လူကြီးတွေကော ဘယ်သူဖြစ်ဖြစ် ရေထဲပြုတ်ကြမှာ မပူနဲ့ အဲဒီငါးကြီးတွေက ဝိုင်းပြီး ကိုယ်လုံးထိုးပြီး ကမ်းပေါ်ကိုပြန်တင်ပေးတယ်”ဟု ကျောင်းတော်ရာကျေးရွာမှ ဒေသခံ ကိုမျိုးကျော်ကဆိုသည်။

ကျောင်းတော်ရာဘုရားလာဖူးကြသူများက ငါးကြီးကို အစာကျွေးခြင်း၊ ငါးကြီးများနှင့်တွဲဖက်၍သော်လည်း ကောင်း ငါးကြီးများအား ဝိုင်းမ၍ ဓါတ်ပုံရိုက်ကြ မှတ်တမ်းတင်ကြခြင်းက သူတို့ ဘုရားဖူးလာရခြင်း၏ အဓိ ကရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည်။

“ငါးကြီးတွေက ရေပေါ်မှာပေါ်ပေးတယ် သူတို့ပါးစပ်ကြီးတွေကိုဟထားရင် အစားထဲ့တဲ့လက်မရုတ်မခြင်း ပါးစပ်ကိုပိတ်မပြစ်ဘူး။ လူတွေက ဖက်ကြ မချီကြရင်လည်း သူတို့စူးတောင်တွေကို အုတ်ပေးထားတယ် လူတွေကိုမစူးအောင်ပေါ့”ဟု ဒေါ်အမာကြည်ကဆိုသည်။

ကျောင်းတော်ရာဘုရားသမိုင်းတွင် အဆိုပါ ငါးကြီးများက အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။ ဘုရားရှင်လက်ထက်က ကျောင်းတော်ရာဒေသတွင် ညီနောင်နှစ်ပါးရှိခဲ့ရာ အစ်ကိုမှာ ရသေ့ဖြစ်၍ ညီက ကုန်သည်ဖြစ်သည်။

ညီဖြစ်သူကုန်သည်မှ စန္ဒကူးနံ့သာပင်များပေါက်ရောက်ရာကျွန်းသို့ရောက်ရှိရာတွင် ၎င်းအပင်များ၏တန်ဖိုး မှာကြီးမားသဖြင့် ခုတ်လှဲ၍ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်ကုန်ကူးခဲ့ရာ ထိုကျွန်းတွင်ရှိသည့် စန္ဒကူး နံ့သာတောအား စောင့်ရှောက်သော ဘီလူးများက ရေကြောင်းအတိုင်းလိုက်၍ လိုက်လန်ဟန့်တားနှောက်ယှက် ခဲ့သည်။

ဘီလူးများလက်မှလွတ်ရန် ညီတော်မှ အစ်ကိုတော် ရသေ့အားတိုင်တည်ခဲ့သဖြင့် အစ်ကို ရသေ့မှ ဘုရားကြွ လာမည်နှင့်အခွင့်အခါသင့်သောကြောင့် ယင်းစန္ဒကူးနံ့သာ ပင်မှရရှိသည့်တိုင်များဖြင့် ဘုရားရှင်အား ကျောင်း ဆောက်လှူဒါန်းရန် အဓိဌာန်ပြုခဲ့သည်။

ထို့ကြောင့်ပင် စန္ဒီကူးနံ့သာပင်များအား ပိုင်ဆိုင်သည့် ဘီလူးကြီးများမှာ ၎င်းတို့၏ အပင်များဖြင့် ဘုရားရှင်အာ းကျောင်းဆောက်လှူဒါန်းခွင့်ရခဲ့သလို ဘီလူးအဖြစ်မှ ငါးကြီးများအဖြစ်သို့ရောက်ရှိ၍ ဘုရားဖူးခွင့်ရကြသည်ဟု ရှေးဟောင်းသမိုင်းများမှဆိုသည်။

ထို့ ကြောင့် ၎င်းငါးကြီးတို့၏မျိုးဆက်များမှာလည်း ဝါတွင်းကာလတွင် ကျောင်းတော်ရာဘုရားကြီးသို့လာ ရောက်၍ ဘုရားဖူး သတင်းသီလစောင့်တည်ကြသည်ဟု ဒေသခံများကယုံကြည်ကြသည်။

“ဝါဆိုလပြည့်ကျော် တစ်ရက်၊နှစ်ရက်ရောက်တာနဲ့ ဧရာဝတီမြစ်ကနေ မုန်းချောင်းထဲကိုဝင်လာတာပဲ သူတို့ လာ ပြီဆိုတာသိအောင်လည်း အုပ်စုလိုက်က ရေပေါ်မှာပေါ်ပြတယ်”ဟု ကျောင်းတော်ရာ ဒေသခံ ဦးမျိုးကျော်က ဆိုသည်။

ဘုရားငါးကြီးများမှာ ဘုရားဖူးလာသူများ ကျွေးမွေးသည့်ငါးစာများကို အုပ်စုလိုက်လာရောက်စားသောက်ကြ သလို လူများနှင့်လည်းရင်းနှီးစွာနေကြသည်။ သို့သော် ဥပုဒ်နေ့တွင်တော့ တစ်နေ့လုံးအစာကျွေး၍ရမည်မ ဟုတ်ပါ။

“ကျန်တဲ့နေ့တွေမှာတစ်နေကုန်တွေ့ရပေမဲ့ဥပုဒ်နေ့ဆိုရင်တော့ နေ့လည် (၁၂)နာရီမထိုးခင်အထိပဲ ငါးကြီး တွေကိုတွေ့ရတယ်။ အစားကျွေးလို့ရတယ်၊။ (၁၂)နာရီကျော်သွားရင်တော့ သူတို့ကိုမတွေ့ရတော့ဘူး ပျောက်သွားကြတယ် ဥပုဒ်စောင့်တယ်”ဟုကျောင်းတော်ရာဘုရားဂေါပကအဖွဲ့ဝင်လည်းဖြစ် ငါးကျွေးဆိပ် တာဝန်ခံလည်းဖြစ်သူ ဦးတင်ဝင်းကရှင်းပြသည်။

ဘုရားပွဲတော်ချိန် ဝါဆိုလပြည့်ကျော်လျှင်တော့ ရှေ့ဆုံးမှ ခေါင်းတွင်ရွှေချထားသည့် “ဂန္ဓမ”(ဒေသခံများ ပေးထားသည့်အမည်)ငါးကြီးမှဦးဆောင်၍ မုန်းချောင်းတစ်လျှောက် သောင်းချီသည့်ငါးအုပ်စုကြီးက ရေပေါ် တွင်ပေါ်၍ ကူးခပ်ခြင်းဖြင့် သူတို့ ဘုရားဖူးရောက်လာကြပြီဖြစ်ကြောင်း အသိပေးကြသည်ဟု ဒေသခံ ဦးဌေးအောင် ကဆိုသည်။

“ငါးအုပ်ကြီးရဲ့နောက်ဆုံးမှာ ဖြူဖွေးဆိုတဲ့ငါးကြီးပါတယ် သူ့အရောင်က ပုလဲလိုဖြူနေတာ သူက နောက်ဆုံး ကနေ ရေပေါ်ကိုခုန်ခုန်ပြတယ် ဖြူဖွေးငါးကြီးက ငါးအုပ်ကြီးရဲ့အပိတ်ပဲ သူ့နောက်မှာ သူတို့အုပ်စုရဲ့ ငါးမရှိ တော့ဘူး မပါတော့ဘူး ဆိုတာပြတာ”ဟု ဦးဌေးအောင်ကပြောပြသည်။

၂၀၀၈-ခုနှစ် ကျောင်းတော်ရာဘုရားပွဲချိန်တွင်တော့ ဘုရားဖူးလာသည့်ငါးများတွင် ဦးဆောင်သော ဦးခေါင်း တွင်ရွှေချထားသည့် ဂန္ဓမ ငါးကြီးပါမလာတော့ပါ။ထို့အတူ ငါးအုပ်ကြီး၏နောက်ဆုံးမှ ရေပေါ်တွင်ခုန်ခုန်ပြတတ်သည့် ပုလဲလိုဖြူသည့် ငါးကြီးဖြူဖွေးလည်းပျောက်ချင်းမလှပျောက်ခဲ့ရ သည်။

ငါးအုပ်ကြီးမှာလည်း ထက်ဝတ်ကျော်မျှလျှော့ပါးသွားရသလို ငါးကြီးများလည်းပါဝင်မှုနည်းလာခဲ့သည် ဟု ဦးတင်ဝင်းက ၎င်း၏မှတ်တမ်းများအရရှင်းပြသည်။ကျောင်းတော်ရာဒေသခံများအတွက် ပထမဆုံးရင်ဆိုင် လိုက်ရသည့် ဝမ်းနည်းဖွယ်ရာ နှစ်တစ်နှစ်ဖြစ်ခဲ့တော့သည်။

၂၀၁၀-ခုနှစ်တွင်တော့ ဘုရားငါးကြီးများလာရောက်မှုကမရှိသလောက်ဖြစ်ခဲ့ရသည်။ တစ်ကောင်စ နှစ်ကောင် စတွေ့မြင်လိုက်ရသည်ဟု ဒေသခံလူတစ်ချို့ကပြောကြသော်လည်း ဘုရားဖူး ငါးကျွေးလာသည့် ဧည့်သည်များ အတွက် တွေ့ဆုံခွင့်မရတော့သလို ငါးစာကျွေးခွင့်လည်းမရတော့။

ယင်းငါးကြီးများ၏အမျိုးအစားကို ဒေသခံများက ငါးထွေ ငါးကြီးများဟု သတ်မှတ်ခဲ့ကြသည်။သို့သော် လွန်ခဲ့ သည့်အနှစ်(၄၀)နီးပါးက ဥရောပ ငါးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ လာရောက်လေ့လာ၍ မျိုးရိုးဗီဇအားရှာဖွေခဲ့ ရာတွင် ကမ္ဘာပေါ်တွင် မည်သည့် ဒေသတွင်မှ မတွေ့ရသည့် ရှားပါး ရေချိုငါးမျိုးစိတ်ဖြစ်ကြောင်း သတ်မှတ်ခဲ့ သည်ဟု ကျောင်းတော်ရာ ဆရာတော်ဘုရားကြီးက မိန့်ကြားသည်။

ကျောင်းတော်ရာဘုရားကြီး၏သမိုင်းနှင့်ဆက်စပ်နေသည့်ယင်းငါးကြီးများအား ဒေသခံများက ဘုရားငါးကြီးများ ဟု သတ်မှတ်ထားသော်လည်း ယင်းငါးကြီးများမှာ ဆယ်လမွန်ငါးကဲ့သို့ ဗီဇရှိပြီး သားဖေါက်ချိန်တွင် ဧရာဝတီ မြစ်ဝမှ အထက်သို့ဆန်တတ်ခါ မုန်းချောင်းအတွင်းတွင် ငါးဥချသားဖေါက်ကြခြင်းဖြစ်သည်။

သားဖေါက်ပြီးလျှင် မုန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ မြစ်အောင်ဖက် သားပေါက်များနှင့်အတူစုန်ဆင်း သွားကြပြီး နောက်တစ်နှစ်သားဖေါက်ချိန်မှာတော့ မြစ်ကိုပြန်လည်ဆန်တတ်၍ မုန်းချောင်းအတွင်းသို့ပြန်လည် ဝင်ရောက်ကာ သားဖေါက်ကြသည်ဟု ယင်းပညာရှင်များက မှတ်ချက်ပြုခဲ့ကြောင်း ဆရာတော်ဘုရားကမိန့်ကြား သည်။

အဆိုပါ ရှားပါးမျိုးစိတ်ငါးအုပ်ကြီး အဘယ့်ကြောင့်ပျောက်ဆုံးသွားရသည်နည်း။

ဘုရားငါးကြီးများလာရောက်မှုတစ်ဖြေးဖြေး လျှော့နည်းလာမှုအပေါ်တွင် ကျောင်းတော်ရာဒေသခံတို့၏ ဝေဖန်မှုများက အမျိုးမျိုးပေါ်ထွက်လာခဲ့သည်။

“ငါးကြီးတွေက သြဇာ အာဏာနဲ့လုပ်လို့မရဘူး ၂၀၀၈-ကျော်ကျော်လောက်လို့ထင်တယ် အစိုးရအရာရှိလာမှာ မလို့ ဘုရားဖူးတဲ့သူတွေ ငါးစာမကျွေးနဲ့အုန်း လူကြီးလာမှ လူကြီးကျွေးပြီးမှ ကျွေးရမယ်ဆိုပြီးတော့ကန့်သတ် လိုက်တယ် အဲဒီလူကြီးလဲလာရော ငါကြီးတွေတစ်ကောင်မှမရှိတော့ဘူး”ဟု ဦးဌေးအောင်ကဆိုသည်။

ဘုရားပွဲတော်ချိန်တွင် ငါးကြီးများမလာတော့သည့်အကြောင်းအချက်ထဲတွင် ၎င်းတို့လာရာမြစ်ကြောင်းနှင့် မုန်းချောင်းတို့တွင် ငါးဖမ်းပိုက်များသွယ်တန်းထားသောကြောင့်ဟုလည်း ဒေသခံများကသုံးသပ်ပြောဆိုကြ သည်။

“ငါးကြီးတွေက ပိုက်တွေရှိရင်သိတယ် ဘုရားပွဲချိန်ဆိုရင် ငါးဖမ်းပိုက်တွေဖြုတ်ပေးထားဖို့ သတိပေးလေ့ရှိတယ် အရင်တုန်းကတော့ လိုက်နာကြပေမဲ့ ခုခေတ်ကြတော့ ခဏပဲဖြုတ်သလိုလုပ်ပြီး ပြန်ထောင်ထားချင်လည်း ထားမှာပေါ့၊ ငါးကြီးတွေကပိုက်ထောင်ထားရင်သိတယ် မလာတော့ဘူး”ဟု ကျောင်းတော်ရာဒေသခံ ဦးမျိုးကျော် က သူ့အမြင်ကိုသုံးသပ်ပြောဆိုသည်။.

မြစ်ကြောင်းတလျှောက်နှင့် မုန်းချောင်းတလျှောက်တွင် အချိန်ရာသီမရွေး ငါးဖမ်းခြင်း၊ ပိုက်ချခြင်း၊ လျှပ်စစ် လျှော့တိုက်ငါးဖမ်းခြင်းများက ကျောင်းတော်ရာဘုရားငါးကြီးများလာရောက်ရန် အဟန့်အတားဖြစ်စေ သည် ဟု ဒေသခံများကသုံးသပ်ကြသည်။

“ငါးကြီးတွေက လျှပ်စစ်စက်ကွင်းတွေကို အဝေးကတိုင်သိတယ် လျှပ်စစ်လျှော့တိုက်နေတာသိရင်လဲ မလာတော့ဘူး”ဟု ဦးဌေးအောင်ကဆိုသည်။

ငါးကြီးများမလာရခြင်းအကြောင်းအရင်းများတွင် မုန်းချောင်း၏မြစ်ဖျားခံရာအထက်ဖတ်၌ မုန်းဆည်နှင့် ကြီးအုံကြီးဝဆည်ကြီးများတည်ဆောက်လိုက်ခြင်းကြောင့်လည်းပါဝင်သည်ဟု ဒေသခံများကရှုမြင်ကြသည်။

မုန်းချောင်း၏အထက်ဖက်တွင် ဆည်ခံထားခြင်းကြောင့် ငါးကြီးများလာရောက်ချိန်တွင် ချောင်းရေမှာ ယခင်က ကဲ့သို့မရှိပဲ နည်းနေခြင်း၊ ချောင်းရေအေးမြမှုမရှိပဲ နွေးနေခြင်းတို့ကလည်း ငါးကြီးများလာရောက်ရေးအတွက် အဟန့်အတားဖြစ်စေသည်ဟုဦးဌေးအောင်ကပြောသည်။

“အရင်တုန်းက ငါးကျွေးဆိပ်ဆိုတာ ချောင်းအတိုင်းပဲ ချောင်းသလဲ ချောင်းကမ်းပါးရံပဲရှိတာ ချောင်းစပ်ပြေတဲ့ နေရာတွေဆိုလည်း ငါးကြီးတွေကလာလို့ရတယ် ကမ်းစပ်ထိအောင်ကိုယ်လုံးထိုးတက်ပြတယ်၊ နောက်ပိုင်း ငါးကျွေးဆိပ်ဆိုပြီးတော့ အုပ်ခုံတွေ ကွန်ကရစ်တွေနဲ့လုပ်ပြစ်လိုက်တော့ ငါးကြီးတွေက ကွန်ကရစ်တွေနဲ့ သူတို့ဗိုက်နဲ့ထိတာကိုမခံနိုင်ဘူး သူတို့ရဲ့ သဘာဝအနေအထားပြောင်းသွားတာလည်းပါတယ်”ဟု ကျောင်း တော်ရာဒေသခံ ဦးသန်းလှိုင်က သူ့အမြင်ကိုပြောသည်။

ထိုအပြင် ယခင်က ငါးစာအဖြစ် မင်းကုသမုန့်၊ ထန်းသီးမုန့် ကဲ့သို့ ဒေသတွင်းမုန့်များအား ကျွေးမွေးခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ယင်းမုန့်များကျွေးမွေးခြင်းကို ဂေါပကမှ ခွင့်ပြုခြင်းမရှိတော့ပဲ ဖွဲလုံးများကိုသာကျွေးမွေးခွင့်ပေး ခဲ့ခြင်းကြောင့်လည်းပါဝင်သည်ဟု ဦးဌေးအောင်ကပြောသည်။

“အမေတို့ခေတ်တုန်းက ငါးစာကို မင်းကုသမုန့်တို့၊ ထန်းသီးမုန့်တို့ကျွေးတာ ငါးကြီးတွေကတအားကြိုက်တယ် ရေထဲပြစ်ချလိုက်ရင် မုန့်ကလည်းရေပေါ်မှာပေါ်နေတယ် ငါကြီးတွေက ရေပေါ်ပေါ်ပြီးလာဟတ်ကြတာ၊ ခုနောက်ပိုင်း ဖွဲလုံးတွေကပြစ်လိုက်ရင်ရေထဲမြုပ်သွားတာရယ် ဖွဲလုံးစုတ်တွေက ငါးတွေရဲ့ခေါင်း ကိုထိမှန်တာ တွေ ကလည်း ငါးကြီးတွေထိတ်လန့်ကြပုံပေါ်တယ်”ဟု မကွေးမြို့မှ အသက် (၇၅)နှစ်ရှိ ဒေါ်လှကြည်ကဆို သည်။

မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့် ဆယ်စုနှစ်နီးပါးမှစ၍ ကျောင်းတော်ရာဘုရားပွဲတော်ချိန်တွင် သမိုင်းအစဉ်အဆက် လာရောက်ခဲ့သည့် ဘုရားငါးကြီးများ ကွယ်ပျောက်ခဲ့ရသည်။

“ကျောင်းတော်ရာဘုရားဖူးလာတဲ့ကလေးတွေကို အားနာဖို့ကောင်းလိုက်တာ စိတ်မကောင်းလည်းဖြစ်ရတယ် သူတို့ငါးကြီးတွေကိုတွေ့ချင်ပေမဲ့ မတွေ့ကြတော့မမြင်ကြရဘူး”ဟု ဦးသန်းလှိုင်ကစိတ်မကောင်းစွာပြောသည်။

ကျောင်းတော်ရာ ဘုရားငါးကြီးများမှာ ဧရာဝတီမြစ်ရေတတ်ချိန်တွင် မြစ်အထက်သို့ဆန်တတ်လာကာ မုန်းချောင်းအတွင်း ငါးဥချ မျိုးဆက်ပြန့်ပွားသည့် သဘောသဘာဝရှိသည်ဟူသော ဥရောပ ငါးစောင့်ကြည့် လေ့လာရေးအဖွဲ့၏ယူဆမှုအား ဧရာဝတီအနောက်ဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့ (AWDO)မှတာဝန်ခံ ဦးသန့်ဇင် ကတော့ ထောက်ခံပြောဆိုသည်။

ထို့အတူ ယင်းငါးကြီးများ မုန်းချောင်းအတွင်းရောက်ရှိမလာရခြင်းအပေါ်တွင် ဒေသခံများ သုံးသပ်ပြောဆိုနေ မှုများမှာလည်း (၇၀)ရာနှုန်းနီးပါးမှာလည်းမှန်ကန်သည်ဟု ယူဆကြောင်း ၎င်းကပြောသည်။

ယင်းငါးကြီးများ ၎င်းတို့ သားဥချ မျိုးဆက်ပေါက်ဖွားရာ မုန်းချောင်းအတွင်းသို့ ရောက်ရှိမလာတော့ခြင်းနှင့် ပတ်သက်၍ (AWDO)အဖွဲ့တာဝန်ခံ ဦးသန့်ဇင်က “မြစ်ကြောင်းတွေကို သဘာဝအတိုင်းမထိမ်းသိမ်းနိုင်ဘူး။ မြစ်ကြောင်းကကျဉ်းလာတယ်။ရေလမ်းတွေပြောင်းလာတယ်။ကမ်းပါးတွေပြိုတယ်။သဘာဝပတ်ဝန်းကျင်ပြောင်း လာတယ်။ဒါတင်မကဘူး၊မြစ်ထဲမှာရှိနေတဲ့ မျိုးစေ့တွေ၊သတ္တဝါတွေကမရှိတော့ဘူး။ တဖြေးဖြေးပြုန်းတီး လာရင် ဒါဂေဟစနစ်ပျက်တာ။အဲဒါကြောင့်လည်း ဒီငါးကြီးတွေရောက်မလာတာ”ဟုဆိုသည်။

ထို့အပြင် အစိုးရ၏ မြစ်ကြောင်းအပေါ်တွင် စီမံခန့်ခွဲမှုများအားနည်းသည်ဟုလည်း ၎င်းကထောက်ပြပြောဆို သည်။မြစ်ကြောင်းထိမ်းသိမ်းမှုတွင်အားနည်းမှုရှိသလို မြစ်ကြောင်းအတွင်းလိုက်နာရမည့် သားပေါက်ချိန် ငါးဖမ်း ပိုက်တားခြင်း၊လျှပ်စစ်ဝါယာရှော့စ်တိုက်ငါးဖမ်းခြင်းများပြုလုပ်ခြင်းအပေါ်တွင် ထိရောက်စွာအရေးယူဆောင် ရွက်နိုင်ခြင်းမရှိခြင်းကလည်း ငါးမျိုးများကို ပျက်သုဉ်းစေသည်ဟုပြောသည်။

“နိုင်ငံစီးပွားရေးကျလာတာလည်းပါတယ်။ငါးသားပေါက်ချိန်မှာအရင်က ဘယ်တံငါသည်မှပိုက်မတားဘူး။မ တားသင့်ဘူးဆိုတာသူတို့ကပိုသိတယ်။အရင်က တံငါသည်တွေက ငါးအကြီးကြီးမိပြီဆိုရင်ပြန်လွှတ်ပေးကြတဲ့ ဓလေ့ရှိတယ်။ အခုက စီးပွားရေးကျ ဆင်းရဲကြတော့ ဒါတွေကိုမရှောင်နိုင်တော့ဘူး။ရိုးရာဓလေ့တွေပျက်လာ တယ်”ဟု ဦးသန့်ဇင်က ချိန်ဆဝေဖန်ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ရှားပါးသည့် ကျောင်းတော်ရာဘုရားငါးကြီးများ ပျောက်ဆုံးနေခဲ့သည်မှာ ဆယ်စုနှစ်တိုင် ရှိခဲ့ပြီဖြစ်သည်။ယင်းငါးကြီးများပျောက်ဆုံးနေရခြင်းအကြောင်းအချက်အား အစိုးရအပါအဝင် သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးအဖွဲ့များ တိကျစွာစုံစမ်းခြင်း တွေ့ရှိချက်များအားပြောပြခြင်းတို့ကိုတော့ မတွေ့ရပါ။

ယင်းကြောင့်ပင် ဆယ်စုနှစ်အတွင်း ကျောင်းတော်ရာငါးကြီးများ၏ အမူအကျင့်နှင့် ချစ်ခင်နှစ်သက်ဖွယ်ပုံ ပန်းသဏ္ဍာန်တို့အကြောင်းကို ဘုရားပွဲတော်ချိန်တွင်ရောက်လာသည့် ဘုရားဖူးများအား ဒေသခံများက ပြန်ပြောင်းပြောပြရသည့် အခြေအနေသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သို့သော် ဒေသခံများက နှစ်စဉ် ကျောင်းတော်ရာဘုရားပွဲချိန်တွင် ၎င်းတို့၏ ရိုးရာဓလေ့တို့ကို မဖျောက်ဖျက် ကြပါ။ ဘုရားပွဲတော်ချိန်ရောက်တိုင်း ကျောင်းတော်ရာဘုရားငါးကြီးများအား သွားရောက်ကြိုဆိုကြစမြဲဖြစ် သည်။

ပြန်လည်ရောက်ရှိမလာတော့သည်ဖြစ်သော်လည်း ကျောင်းတော်ရာ ဘုရားငါးကြီးများအား ကျောင်းတော်ရာ ဒေသခံများက ဘုရားပွဲတော်အချိန်  နံနက်အာရုံကျင်းတိုင်း ငါးကြီးများလာရောက်ရာ ဗူးသည်ဆိပ်ကမ်းတွင် သွားရောက်မျှော်နေကြဆဲပင်ဖြစ်သည်။

သို့သော် ကျောင်းတော်ရာ ဘုရားငါးကြီးများကတော့ ရောက်မလာတော့ပေ။

မိုးအားမာန်ရေးသားသည်။

ဓာတ်ပုံဟောင်းများအား ပြန်လည်ဖေါ်ပြအပ်ပါသည်။