အောင်လံမြို့မှ ကြိုတင်မဲပုံးအတွင်းမိုးရေများဝင်၍ မဲလက်မှတ်များရေစို

658

နိဝင်ဘာ ၅၊ မကွေး

မကွေးတိုင်းအောင်လံမြို့ရွာထောင်ရပ်ကွက် အမှတ်(၃)မဲရုံမှ မဲပုံးတစ်ခုအတွင်းမိုးရေများဝင်၍ မဲလက်မှတ်များရေစိုသွားသည်ဟု မြို့နယ်ရွေးကောက်ပွဲစေ့စပ်ညှိ့နှိုင်းရေးကော်မတီ စေ့စပ်ညှိ့နှိုင်းရေးမှူး မြို့နယ်NLDပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဥမ္မာဌေးက မကွေးပိုစ့်သို့ပြောသည်။

အောင်လံမြို့ ရွာထောင်ရပ်ကွက် အသက်၆၀အထက်ကြိုတင်မဲပေးထားသည့် အမှတ်(၃)မဲရုံမှမဲပုံးသည် နိဝင်ဘာ ၄ရက်နေ့ညနေပိုင်းက မိုးရွာသွန်းချိန်တွင် ရေစိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရွာထောင်ရပ်ကွက်မဲရုံမှ  မြို့မရဲစခန်းဝန်းထဲရှိ ဘဏ်တိုက်အတွင်း မဲပုံးများသိမ်းဆီးရန် နောက်အမိုးပွင့် ရပ်ကွက်မီးသတ်ကားဖြင့် သယ်ဆောင်လာပြီး  စောင်ဆိုင်းနေစဥ် မိုးရွာသွန်းခဲ့သည့်အတွက် မဲပုံးအတွင်း မိုးရေဝင်၍ မဲလက်မှတ်များရေစိုခဲ့ခြင်းဖြစ်နိင်ကြောင်းဒေါ်ဥမ္မာဌေးက မကွေးပိုစ်ကို ပြောသည်။

“ဒီဖြစ်စဥ်ကို ညနေ၆နာရီလောက်ကမှ သိရတာပါ၊ မဲပုံးတွေစောင့်ကြည်နေတဲ့ ကျွန်မတို့ပါတီက လူငယ်လေးတွေ လှမ်းခေါ်လို့သွားတယ်၊ လူငယ်တွေကိုမေးကြည့်တော့ ရွာထောင်ရပ်ကွက်ကနေ ညနေ ၄နာရီကျော်လောက်မှာ  မဲပုံး(၅)ပုံးကို မီးသတ်ကားလေးပေါ်တင်ပြီး မြို့မရဲစခန်းက ဘဏ်ငွေတိုက်မှာ သိမ်းဖို့စောင့်နေတုန်း မိုးရွာလာတယ်၊ မိုးရွာလာတော့ မဲပုံးတွေရေမစိုအောင် မိုးကာအုပ်တယ်၊ အဲဒီမဲပုံးတွေထဲက အမှတ်(၃)မဲပုံးအပေါ်  မိုးကာပေါ်ကနေတဆင့် မိုးရေဝင်တယ်လို့  ယူဆရပါတယ်၊ မဲပုံးမဲထည်တဲ့ နေရာကအံခွက်လိုဖြစ်နေတယ်၊ တိပ်ကပ်ပိတ်တာပေါ့၊ အဲ့နေရာကနေ မိုးရေဝင်ပြီး ရေစိုတာဖြစ်နိင်တယ်”ဟု  ဒေါ်ဥမ္မာဌေးက သုံးသပ်ပြောကြားသည်။

အဆိုပါမဲပုံးတွင် ကြိုတင်မဲပေးထားသူ (၁၅၂)ဦး၏ မဲများပါရှိကြောင်း သိရသည်။ ကြိုတင်မဲပုံးများ ပို့ဆောင်ရာတွင် ရွာထောင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ မပါရှိကြောင်း၊ ၎င်းမှာ ရပ်ကွက်အတွင်းရှိပြည်သူ(၇၂)ဦး မဲပေးခွင့်ရရှိရေးအတွက် တာဝန်ရှိသူများနှင့် အစည်အဝေးပြုလုပ်ဆွေးနွေးနေ၍ မလိုက်ပါနိင်ခြင်းဖြစ်ကြောင်း ဒေါ်ဥမ္မာဌေးက ပြောသည်။

“ညပိုင်းရောက်တော့ ဒီဖြစ်စဥ်ကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စေ့စပ်ညှိ့နှိုင်းရေးအတွက်ခေါ်လို့ ကျွန်မသွားခဲ့တယ်၊ အခုရေစိုသွားတဲ့မဲပုံးနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် ညှိနှိုင်းဆွေးနွေးကြတယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ကလဲ ကော်မရှင်ဥပဒေ နည်းဥပဒေနဲ့အညီ အခုမဲပေးထားတဲ့ (၁၅၂)ဦးကို နိဝင်ဘာ ၅ရက်နေ့ မဲပြန်ပေးဖို့ ဆုံးဖြတ်ပါတယ်”ဟု ဒေါ်ဥမ္မာဌေးက ပြောသည်။

 

ရွာထောင်ရပ်ကွက်မဲပုံးအတွင်းရေဝင်ခဲ့သည့်ဖြစ်စဉ်ဖြင့်ပတ်သက်၍ အောင်လံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌဦးမြင့်စိုးအား မကွေးပိုစ့်မှဆက်သွယ်ရာ  “ဆောင်ရွက်ဆဲဖြစ်လို့  မပြီးသေးပါဘူးခင်ဗျ၊ အဆင့်ဆင့်တင်ပြနေဆဲဖြစ်လို့  မဖြေကြားနိင်သေးပါ”ဟု ပြန်လည်ဖြေကြားခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ – တင်ရွှေ(မင်းဘူး)