အောင်လံမြို့ကို Stay at home နေထိုင်ရန်သတ်မှတ်

1147

မကွေးတိုင်း အောင်လံမြို့ မြို့ပေါ်မှပြည်သူများကို အောက်တိုဘာလ ၁၂ရက်နေ့မှစတင်ပြီး အောက်တိုဘာလ ၂၂ရက်နေ့အထိ Stay at Homeနေထိုင်ရန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်အမိန့် ထုတ်ပြန်ထားသည်ဟုသိရသည်။
အောင်လံမြို့တွင် အချိန်တိုကာလအတွင်း Covid 19ရောဂါပိုး အတည်ပြုလူနာများလာသဖြင့် ယင်းအမိန့် ကို တိုင်းCovid 19ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ်၊ အောင်လံမြို့ပေါ်ရှိ ရပ်ကွက် (၉)ရပ်ကွက်နေ ပြည်သူတွေကို ထုတ်ပြန်ထားတာပါ။အောက်တိုဘာလ ၁၂ရက်နေ့ နံနက်၆နာရီကနေ အောက်တို့ဘာလ ၂၂ရက်နေ့ည၁၂ရီအထိ Stay at Homeနေထိုင်ဖို့နဲ့ မလိုက်နာရင် တည်ဆဲဥပဒေတွေ့နဲ့ အရေးယူဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်” ဟု အောင်လံမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးလွင်က မကွေးပိုစ့်ကို ပြောသည်။
အောင်လံမြို့ကို Stay at Home နေထိုင်စေရခြင်းမှာ ဓါတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပြန့်နှံမှုကို ထိရောက်စွာထိန်းချုပ်နိင်ရေးအတွက် မြို့ပေါ်နေပြည်သူများကို Stay at Homeနေထိုင်ရန်ထုတ်ပြန်ရခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းအထိ Covid 19ပိုးတွေ့လူနာ (၁၇)ဦးရှိကြောင်း အောင်လံမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်း (၂၅)မြို့နယ်တွင် (၁၈)မြို့နယ်မှာ Covid 19ပိုးတွေ့ရှိထားပြီး ထီလင်း၊ ဆော၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ ကံမနှင့် မင်းတုန်းမြို့နယ်များမှာ ပိုးမတွေ့ရှိသေးကြောင်းသိရသည်။
အောင်လံမြို့နယ်တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသည်ဟု အောင်လံမြို့နယ်အမှတ်၂ နယ်မြေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။
“အောင်လံမြို့ပေါ်မှာ Stay at Homeလုပ်ရမှာပေါ့။ပြည်တွင်းကူးစက်မှုနဲ့ ရန်ကုန်ပြန်တွေဆီက ကူးစက်မှုများလာတယ်လေ။ Stay at Homeနေရတဲ့အချိန် ပြည်သူတွေအနေနဲ့ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာနဲ့ အပြင်ထွက်ခွင့်ရပါတယ်၊ အခုလို အိမ်မှာနေကြမယ်ဆို လမ်းပေါ်အထွက်နည်းသွားမယ်။ရောဂါကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။
အောင်လံမြို့နယ်တွင် လူဦးရေ(၂၄၀၀၀၀)၊ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာပေါင်း(၂၂၄)ကျေးရွာရှိပြီး မြို့ပေါ်နေလူဦးရေ ငါးသောင်းကျော်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ ယနေ့ထိ ၁၇၇ ဦးရှိပြီး ဓါတ်ခွဲနမူနာ အဖြေစောင့်ဆိုင်းနေသူ ၁၀၀ ကျော် ကျန်ရှိသေးကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက သိရသည်။

သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)