အမှိုက်ပုံအလုပ်သမားများအတွက်ဂရုပြုပေးဖို့လိုအပ်နေတဲ့ တကိုယ်ရည်သန့်ရှင်းရေး

269

တစ်နေ့ကို အမှိုက်တန်ချိန်၆၀ကျော်ထွက်နေတဲ့ မြို့တစ်မြို့အတွက် အမှိုက်ပုံကြီးတွေရဲ့ စိန်ခေါ်မှုက ကြီးမားလွန်းပါတယ်။ တမြို့လုံးရဲ့အမှိုက်တွေကို အမှိုက်ပုံကြီးဆီသယ်လာတဲ့ကားတွေက နေ့စဉ် အချိန်နဲ့အမျှ အမှိုက်ပုံကြီးဆီမှာ ဝင်ထွက်နေကြပါတယ်။

မကွေးမြို့ရဲ့မြောက်ဘက် မြို့ရှောင်လမ်းရဲ့ဘေးမှာတော့ မီးခိုးတလူလူနဲ့ အမှိုက်ပုံကြီးတစ်ခု ရှိနေပါတယ်။ တိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့ရတစ်မြို့လုံးက အမှိုက်တွေကိုစွန့်ပစ်ရာ နေရာဖြစ်တဲ့ အဲဒီ အမှိုက်ပုံကြီးမှာ လူဦးရေ ၅၀ ကျော်ကနေ့စဉ်အလုပ်လုပ်နေကြပါတယ်။

“စည်ပင်ကားတွေတင် တစ်နေ့ကို ၁၀ စီးလောက်ရှိတယ်၊ပုဂ္ဂလိက ကားတွေနဲ့ အပြင်လုပ်ငန်းတွေက သုံးဘီးတွေ ကားတွေအပါအဝင် တစ်နေ့ကို အစီးရေတစ်ရာလောက်က ဒီကိုအမှိုက်လာပစ်ကြတယ်” လို့ မကွေးမြို့က အမှိုက်ပုံကြီးရဲ့တာဝန်ခံ ဦးညီညီဇော်ကပြောပါတယ်။

မီးခိုးငွေ့တွေ အနံ့အသက်ဆိုးတွေ ပုတ်သိုးဆွေးမြေ့နေတဲ့ အသီးအရွက်တွေ အပါအဝင် တစ်မြို့လုံးရဲ့ စွန့်ပစ်အမှိုက်တွေပျံ့ကြဲနေတဲ့ ဒီနေရာမှာ ဦးညီညီဇော်အပါအဝင် အမျိုးသားအမျိုးသမီးတွေက နေ့စဉ်မပြတ် အလုပ်လုပ်နေကြပါတယ်။

အမှိုက်ကားတွေက ဟိုက်ဒရောလစ်နဲ့လှန်ချခဲ့တဲ့ အမှိုက်တွေကို တောင်ကမ်းပါးအောက်ကလျိုကြီးတွေ ထဲ ထွန်ခြစ်တွေနဲ့ ဆွဲချနေတဲ့သူတို့က ကျားမ အရွယ်စုံ လို့ဆိုရမှာပါ။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အမှိုက်ပုံ

          မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့မကွေးမြို့ပေါ်က အမှိုက်တွေကို သိမ်းဆည်းနေကြတာပါ။ အမှိုက်ကားတွေမှာ ကားမောင်းသူတစ်ဦးကသာ စည်ပင်ဝန်ထမ်းဖြစ်ပြီး ကားနောက်မှာလိုက်ပါကြတဲ့ အမှိုက်သိမ်းသူတွေက အခမဲ့ကူညီကြသူတွေပါ။ သူတို့က အမှိုက်တွေမှာပါဝင်တဲ့ ရေသန့်ဘူးခွံနဲ့ ပုလင်းခွံအပါအဝင် ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းဟောင်းတွေကိုရှာဖွေကြသူတွေ ဖြစ်ပါတယ်။

ယခင်ကတော့ ဒီအမှိုက်ပုံကြီးက ကားလမ်းမဘေးမှာကပ်ရပ်တည်ရှိနေပြီး အမှိုက်တွေက ကားလမ်းပေါ်အထိ ပျံနှံ့လို့နေပါတယ်။ဒီအတွက် မြို့ပါတ်လမ်းမှာ အမှိုက်တွေ မီးခိုးငွေ့တွေအပြင် အမှိုက်ပုံက အနံ့ဆိုးတွေပါ ပျံ့နှံ့နေခဲ့ပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မကွေးမြို့ပေါ်မှာ အမှိုက်သိမ်းယာဉ် ၉စီးနဲ့ မကွေးမြို့ရဲ့ ရပ်ကွက်တွေမှာ ဇုံ၉ခုခွဲလို့ အမှိုက်သိမ်းကြပါတယ်။ဒီနောက်မှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းကပဲ  မြို့နယ်စည်ပင်အနေနဲ့ အမှိုက်လိုက်သိမ်းတဲ့ဇုံ၉ဇုံအတွက် ဇုံတစ်ခုကိုပေ၂၀စီလောက်အကွက်ရိုက်ပေးပြီး အမှိုက်စွန့်ပစ်မှုကိုစနစ်တကျ စီမံခန့်ခွဲခဲ့ပါတော့တယ်။ အမှိုက်ပုံဖို့သတ်မှတ်ထားတဲ့ မြေနေရာကအမှိုက်တွေကို ပစ္စည်းဟောင်းရှာဖွေသူတွေက မြေနိမ့်ချိုင့်ဝှမ်းထဲနေ့စဉ်ဆွဲချပေးရပါတယ်။ မြို့နယ်စည်ပင်ကဒီလုပ်ငန်းစဉ် တွေကို  အလုပ်ကို ပစ္စည်းဟောင်းရှာဖွေသူတွေနဲ့ ပူးပေါင်း အကောင်အထည်ဖေါ်ခဲ့ ပါတော့တယ်။

အမှိုက်ပုံမီးခိုးငွေ့များ

အမှိုက်ပုံမှာ နေ့စဉ်အလုပ်လုပ်ကိုင်နေရတဲ့ ပစ္စည်းဟောင်းရှာဖွေသူတွေက အမှိုက်ပုံကနေ တငွေ့ငွေ့ထွက်နေတဲ့ မီးခိုးငွေ့တွေအကြားမှာ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

“ကျွန်တော်တို့က အမှိုက်ပုံကိုမီးမရှို့ဘူး၊ဖန်ကွဲစတွေ ဓာတ်ဆီဘူးလိုဟာတွေက နေရောင်နဲ့ထိပြီး မီးလောင်နေတာ နောက်တစ်ခုက အမှိုက်ပုံအောက်ကို လှိုက်လောင်နေတာမို့ ငြိမ်းလို့လဲမရဘူး၊ ကျွန်တော်တို့က မီးများလာရင်တော့ ရေကားနဲ့ထိုးချရတာတွေရှိပါတယ်”လို့ အမှိုက်ပုံရဲ့တာဝန်ခံဖြစ်တဲ့ ဦးညီညီဇော်ကဆိုပါ တယ်။

အမှိုက်ပုံအနီးကရပ်ကွက်တွေမှာ အမှိုက်ပုံရဲ့မီးခိုးငွေ့တွေကြောင့်နှောင့်အယှက်ရှိနေပြီး ဒေသခံတွေက အမှိုက်ပုံဆီကို လာရောက်ခြိမ်းခြောက်တားမြစ်မှုတွေရှိခဲ့တယ်လို့ ပစ္စည်းဟောင်းရှာဖွေသူတွေက ဆိုကြပါတယ်။

“အရင်က ကျွန်တော်က ဒီမှာ(အမှိုက်ပုံမှာ) ညအိပ်ပြီးနေတာများတယ်၊အောင်ဘုံ( အမှိုက်ပုံအနီး ရပ်ကွက်)ကလူတွေကလာပြီး ပြသနာရှာကြလို့ နောက်ပိုင်းညမအိပ်ရဲတော့ဘူး၊သူတို့က လာရင် လူတစ်ရာ လောက်ရှိတယ်”လို့ ဦးညီညီဇော်ကဆိုပါတယ်။

အောင်ဘုံရပ်ကွက် အုပ်ချုပ်ရေးမှုးပါ ပါဝင်တဲ့ လူအုပ်ကြီးက မီးခိုးငွေ့တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်တဲ့အတွက် သူတို့ဆီကိုလာပြီး ခြိမ်းခြောက်တာတွေလုပ်ခဲ့တာလို့ဆိုပါတယ်။

ဒီအဖြစ်အပျက်တွေနဲ့ပါတ်သတ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဌာနစိတ်ရဲ့ တာဝန်ခံ ဦးအောင်ကိုကိုကလည်း အတည်ပြုခဲ့ပါတယ်။ အမှိုက်ပုံကြီးက အနံ့အသက်ဆိုးတွေကို လျော့နည်းအောင် သူတို့တွေ စွမ်းဆောင်နိုင်ခဲ့ပေမယ့် မီးခိုးငွေ့တွေရဲ့ပြသနာကိုတော့ ဖြေရှင်းနိုင်ဖို့ စိန်ခေါ်မှုတွေရှိနေပါသေးတယ်။

အမှိုက်ပုံမှာလုပ်ကိုင်ကြသူတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး

ဒီအမှိုက်ပုံကြီးမှာ အလုပ်လုပ်ကိုင်နေကြသူတွေက အရွယ်စုံလှပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကိုလည်း မြင်တွေ့ရပါတယ်။ အမှိုက်ပုံကြီးကိုမှီခိုနေရတဲ့သူတို့ရဲ့ ကျန်းမာရေးအခြေအနေကကောင်းမွန်တယ်လို့ ဆိုကြပေမယ့်ရေရှည်မှာ တော့ တခြားသောကျန်းမာရေး ပြသနာတွေကိုရင်ဆိုင်ရနိုင်တယ်လို့ သူတို့ကဆိုကြပါတယ်။

“မီးခိုးတွေကအမြဲပြည့်နေတော့ ရင်ကြပ်တာမျိုးတော့ရှိတယ်၊ကျန်တာတော့ ဘာမှမဖြစ်ကြသေး ပါဘူး”လို့ ဦးညီညီဇော်ကဆိုပါတယ်။

လက်တလောမှာတော့ အဲဒီအမှိုက်ပုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ ကလေးငယ်တွေမှာ ခြင်ကိုက်ဖုကို ကုတ်ရာကနေ တဆင့်ဖြစ်တဲ့ယားနာပုံစံမျိုးတွေဖြစ်နေတယ်လို့ သူတို့ကဆိုပါတယ်။

“ကလေးတွေရဲ့လက်သည်းတွေရှည်နေတာမျိုးကလည်း ကုတ်တဲ့အခါမှာပိုးဝင်ပြီး ယောင်ရမ်းတာနဲ့ ယားနာတွေဖြစ်တတ်ကြတယ်”လို့ မကွေးမြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဖြိုးပပက ဆိုပါတယ်။

အမှိုက်ပုံမှာလုပ်ကိုင်နေကြသူတွေအနေနဲ့ လည်ရှည်ဖိနပ်စီးတာ၊လက်အိပ်စွတ်တာတွေ ပြုလုပ်သင့်ပေမယ့် သူတို့ကတော့ ဖိနပ်ပါးကိုသာ ဝတ်ဆင်ပြီး လက်အိပ်စွတ်တာမျိုးတွေမရှိခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။

အမှိုက်ပုံမှာအလုပ်လုပ်ကြသူတွေက တခါတစ်ရံ ပုလင်းကွဲရှတာမျိုးကိုသာကြုံတွေ့ကြရပြီး လက်ရှိအချိန်ထိ တော့ ကြီးကြီးမားမားကျန်းမာရေးပြသနာမရှိသေးဘူးလို့ဆိုပါတယ်။

ဒါပေမယ့် တကိုယ်ရေသန့်ရှင်းမှုအားနည်းချက်တွေကတော့ ရှိနေပြီး ခန္ဓာကကိုယ်ဖွံ့ဖြိုးမှုအားနည်း တယ်လို့ အမှိုက်ပုံမှာနေ့စဉ်အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်သန်းအေးကဆိုပါတယ်။ သူ့ရဲ့ကလေးတွေအနေနဲ့ အသက်အရွယ်နဲ့မလိုက်တဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းတာက အမှိုက်ပုံမှာ အလုပ်လုပ်ကိုင်နေကြရလို့ ဖြစ်နိုင်တယ်လို့ သူမက သုံးသပ်ပါတယ်။

ဒေါက်တာဖြိုးပပကတော့ မသန့်ရှင်းတဲ့နဲ့လက်နဲ့ အစားအစာကိုင်တွယ်စားသုံးတာက လက်ကတဆင့် အစာအိမ်နဲ့  အူလမ်းကြောင်းကိုရောဂါပိုးတွေရောက်ရှိစေပြီး ကူးစက်တတ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွါး စေတတ် သလို ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးစေတယ်လို့ မှတ်ချက်ပြုပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ အစားအစာကို ကိုင်တွယ် စားသုံးခြင်းက ဝမ်းတွင်းမှာ သံကောင်၊တုပ်ကောင်တွေ ဖြစ်ပေါ်စေပြီး အူပိတ်ခြင်းနဲ့ သည်းခြေလမ်းကြောင်း ပိတ်ခြင်းတို့ကိုပါ ဖြစ်ပေါ်စေတတ်တဲ့အတွက် မလိုအပ်ပဲခွဲစိတ်မှုတွေလုပ်ရတဲ့အထိ ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။

အမှိုက်ပုံက ဆေးရုံသုံးစွန့်ပစ် ပစ္စည်းများ

မီးဖိုချောင်သုံးအမှိုက်ကစလို့ စီးပွါးရေးလုပ်ငန်းတွေမှာသုံးတဲ့ အမှိုက်တွေအပြင် ဆေးရုံဆေးခန်းတွေက စွန့်ပစ်အမှိုက်တွေအတွက်လည်း နေရာတစ်ခုစီစဉ်ထားပါတယ်။

“ဆေးရုံကအမှိုက်တွေက ရောဂါပိုးမကူးအောင်လည်းဆေးရုံကပဲစီစဉ်တယ်လို့ပြောတယ်၊ သူတို့က ဆေးရုံမှာကတည်းက ကူးစက်နိုင်တဲ့ဟာတွေကို သတ်သတ်မီးရှို့တယ်၊ ဒီကိုမပို့ဘူးလို့ပြောပါတယ်”လို့ ဆေးရုံအမှိုက်ပုံကို ထွန်ဂျစ်နဲ့ဆွဲချပြီး အလုပ်လုပ်နေတဲ့ ဦးမောင်မြင့်ကဆိုပါတယ်။

ဆေးပုလင်းတွေနဲ့ တခြားတိုလီမုတ်စအမှိုက်တွေကလွဲလို့ အတော်များများက လျှိုကြီးထဲကို ဆွဲချပြီး ရှင်းလင်းကြလေ့ရှိတယ်လို့ ပစ္စည်းဟောင်းရှာဖွေတဲ့သူတွေကဆိုကြပါတယ်။

အန္တရာယ်များတယ်လို့ယူဆရတဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ရောဂါပိုးကူးစက်မှုတွေကို ဥပက္ခာပြုရင်း သူတို့ကတော့ သူတို့ရဲ့အလုပ်တွေကို နေ့စဉ်လုပ်ကိုင်နေကြဆဲပါ။

စွန့်ပစ်အမှိုက်တွေကနေ ဝင်ငွေပြန်ရှာကြတဲ့ သူတို့တွေရဲ့တစ်နေ့ဝင်ငွေက သုံးထောင်ကနေ ငါးထောင် အကြားမှာရှိပါတယ်။ သူတို့က ဒီလုပ်ငန်းခွင်ကို ကလေးတွေပါခေါ်ဆောင်လာကြလေ့ရှိပါတယ်။

“ပြသနာကတော့ ပုဂ္ဂလိကအမှိုက်ပစ်တဲ့သူတွေက ကျွန်တော်တို့သတ်မှတ်ပေးထားတဲ့ အမှိုက်ပုံ အတွင်းနေရာအထိလာမပုံပဲ ရှေ့နားကလမ်းဘေးမှာပဲ အလွယ်ပုံခဲ့ကြတာပဲ၊ ကျွန်တော်တို့က အဲဒီအမှိုက်တွေကို ကျင်းနားရောက်တဲ့အထိပြန်သယ်ကြရတာ၊ သူတို့ကို အမှိုက်ကျင်းနားအထိ ရောက်အောင် ပို့ပေးစေချင်တယ်”လို့ ဦးညီညီဇော်ကဆိုပါတယ်။

ခုနှစ်ဧကနီးပါးကျယ်ဝန်းတဲ့ အမှိုက်ပုံကြီးက မကွေးမြို့ရဲ့စွန့်ပစ်အမှိုက်တွေရဲ့ခိုလှုံရာဖြစ်သလို အမှိုက်ပုံကို မှီခိုပြီးလုပ်ကိုင်နေကြသူ လူဦးရေ ၅၀ ဝန်းကျင်ရဲ့ လုပ်ငန်းခွင်တစ်ခုလည်းဖြစ်ပါတယ်။

ဒီအမှိုက်ပုံကြီးမှာနေ့စဉ်လုပ်ကိုင်နေကြသူတွေကို သင့်တော်တဲ့လက်အိတ်တွေနဲ့ လည်ရှည်ဖိနပ်တွေ အပြင် သူတို့ရဲ့နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဖို့ လိုအပ်နေတယ်လို့ မကွေးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်ကဆိုပါတယ်။

တစ်နေ့တခြားတိုးပွါးလာတဲ့လူဦးရေနဲ့ ကျယ်ဝန်းလာတဲ့မကွေးမြို့က စွန့်ပစ်အမှိုက်တွေကတော့ ရှိနေဦး မှာအမှန်ပါ။ အမှိုက်ပုံမှာလုပ်ကိုင်နေကြသူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးကိုလည်း မြို့ခံတွေ အနေနဲ့ပြန်လည်ဂရုပြုဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

အိလေးရေးသားသည်။