အစိုးရသစ်ကိုစောင့်မျှော်နေသည့် မကွေးတိုင်းမှစိန်ခေါ်မှုများ

896
Photo-မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတော့  ယခုလဆန်းပိုင်းကပဲ ပြီးစီးခဲ့ပါပြီ။

မကွေးတိုင်းရဲ့မြို့နယ်တိုင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပါတယ်။ ဒါကမကွေးတိုင်း အတွက် ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မကွေးတိုင်းမှာအနိုင်ရရှိခဲ့လို့ အစိုးရအဖြစ်တာဝန်ယူခဲ့ပါတယ်။ဒီတစ်ကြိမ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကအစိုးရအဖြစ်တာဝန်ယူရမယ့် ဒုတိယသက်တမ်းပါ။

ပြီးခဲ့တဲ့ သက်တမ်းမှာ နာမည်ကောင်းနဲ့ကျော်ကြားခဲ့တဲ့ မကွေးတိုင်းအစိုးရအဖွဲ့အနေနဲ့ လာမယ့် သက်တမ်းမှာ စိန်ခေါ်မှုအသစ်တွေလဲရှိနေပါသေးတယ်။

သဟဇာတညီမျှတဲ့ ဖွံ့ဖြိုးရေး

ပြီးခဲ့တဲ့ ၅နှစ်ကာလမှာ NLD အစိုးရအနေနဲ့ မြို့ပြလမ်းပမ်းဆက်သွယ်ရေးကို အားစိုက်ဆောင်ရွက်ခဲ့ပါ တယ်။ဒါက ဒေသတွင်းမှာ အံ့ဩချီးကြူးဖွယ်ရာ ပြုပြင်ပြောင်းလည်းမှုအဖြစ် အများပြည်သူရဲ့ထောက်ခံမှုကို တိုးတက်စေခဲ့တဲ့ ဆောင်ရွက်မှုတစ်ခုပါ။ ဒါပေမယ့် မကွေးတိုင်းအနောက်ခြမ်းနဲ့ အရှေ့ခြမ်း ရိုးမတောင်တန်း တွေက ကျေးလက်လမ်းတွေအတွက်တော့ ပြည်သူတွေကမျှော်လင့်နေကြဆဲပါ။

မကွေးတိုင်း အရှေ့ခြမ်း ပဲခူးရိုးမပါတ်လမ်းအပါအဝင် ကျေးလက်ဒေသတွေက လမ်းပမ်းဆက်သွယ်ရေး ကြေနပ်ဖွယ်ရာ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။ တရားမဝင်သစ်ထုတ်လုပ် မှုတွေမှာ အဓိက အသုံးချခံဖြစ်နေတဲ့ ပဲခူးရိုးမပါတ်လမ်းကို မဟာဗျူဟာကျတဲ့ စီမံကိန်းတစ်ခုဖြစ်စေချင်တယ်လို့ အောင်လံမြို့နယ် စမ်းကလေးကျေးရွာက တောင်သူတစ်ဦးဖြစ်တဲ့ ဦးတင်မြင့်ကဆိုပါတယ်။

“တကယ်တော့ ဒီလမ်းမကြီးသာတကယ်ကောင်းခဲ့ရင် ကျွန်တော်တို့က ပြည်၊ပေါက်ခေါင်းကို ခနလေးနဲ့ ခရီးပေါက်ပါတယ်။ဒီလမ်းကြီးဖောက်ခါစကတော့ အတော်ဝမ်းသာခဲ့တာ အခုတော့ လမ်းကသွားမရလောက် ပျက်စီးခဲ့ပြီ”လို့ ဦးတင်မြင့်ကဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်ဆတ်သွားကျေးရွာကနေ အရှေ့ဘက်ရိုးမခြေကိုဖြတ်ပြီး မကွေးတိုင်းရဲ့အရှေ့ တောင်စွန်း အောင်လံမြို့နယ်ကတဆင့် ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမပါတ်လမ်းက ဒေသတွင်းမြို့နယ်တွေက ကျေးရွာတွေအတွက်တော့ အားကိုးအားထားပြုဖွယ်ရာ လမ်းမကြီးတစ်ခုပါ။

မကွေးတိုင်းအနောက်ခြမ်းက ငဖဲမြို့နယ်၊မင်းလှမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တွေက ကျေးရွာခြင်းဆက် လမ်းတွေကိုလည်း မိုးရာသီသွားလာနိုင်တဲ့လမ်းတွေအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါ တယ်။

သောက်သုံးရေရှားပါးမှုနဲ့ မကွေးတိုင်း

            အပူပိုင်းဒေသဖြစ်တဲ့ မကွေးတိုင်းမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကတော့ ရေရှားပါးမှုပါ။ ကျေးလက် ဒေသတွေမှာနှစ်စဉ်ကြုံတွေ့နေရတဲ့ သောက်သုံးရေရှားပါးမှုက ဒေသတွင်းပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်စေခဲ့ပါတယ်။

ဆယ်စုနှစ်အလိုက် မှတ်တမ်းတွေအရ မကွေးတိုင်းမှာ ယခု၂၀၂၀ပြည့်နှစ်ဟာ ဇန်နဝါရီလက နေဇူလိုင်လအထိ စုစုပေါင်းမိုးရေချိန်လက်မ စတုတ္ထမြောက် အနည်းဆုံးနှစ်ဖြစ်ပါတယ်။ မိုးရေချိန် ၇.၁၆လက္မ ရှိပါတယ်။  ဇွန်လနဲ့ဇူလိုင်လကယေဘုယအနေနဲ့မိုးအများဆုံးလတွေဖြစ်ခဲ့ပေမယ့်အခုနှစ်မှာတော့မိုးရေချိန်အလွန်နည်းပါးခဲ့ပါ တယ်။ အခုနှစ်ဇန်နဝါရီလကနေဇူလိုင်လအထိစုစုပေါင်းမိုးရေချိန်လက်မက အယ်နီညိုနှစ် ဖြစ်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကထက်နည်းပါးခဲ့တယ် လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့စာရင်းဇယားတွေမှာ ဖေါ်ပြထားပါတယ်။

ဒီအတွက် မကြာခင်ကာလမှာပဲ ကျေးလက်ဒေသက ရေတွင်းရေကန်တွေမှာ ရေခန်းခြောက်မှုတွေ စတင်လာတော့မယ့်အခြေအနေပါ။ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေက ရေရှားပါးတဲ့ဒေသတွေအတွက် ရေလှုဒါန်းမှုတွေကို နှစ်စဉ်ဆောင်ရွက်နေခဲ့ပါတယ်။

လာမယ့် အစိုးရအနေနဲ့တော့ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့အတွက် လက်တွေ့ထိရောက်တဲ့ မဟာဗျူဟာစီမံကိန်းတွေကို ဖေါ်ဆောင်နိုင်ဖို့ ဒေသခံတွေက အရေးတကြီးမျှော်လင့်နေကြပါတယ်။

“ကျေးရွာတွေတင်မကဘူး တဲတိုက်တွေမှာလည်း စက်ရေတွင်းတွေတူးပေးဖို့လိုနေတာပါ။ လာမယ့် သက်တမ်းမှာရေရှားပါးမှုကို အတော်များများလျော့ချပေးစေချင်ပါတယ်။ နောက်ပြီးရွာတွေမှာ အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းတဲ့ စနစ်တွေကိုလည်း ခပ်မြန်မြန် အကောင်အထည်ဖေါ်ပေးစေ ချင်ပါတယ်”လို့ ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကျေးလက်မြေပရဟိတ အဖွဲ့က ကိုဇော်မင်းထိုက်ကဆိုပါတယ်။

အညာနဲ့ရေရှားပါးမှုပြသနာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်လာတဲ့ ဒေသတွင်း စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့် လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အများပြည်သူရဲ့ မျှော်လင့်ချက်အဖြစ် ရှိနေခဲ့ပါတယ်။

 

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
၂၀၂၀ခုနှစ် ဌာနအအစီအစဉ်ဖြင့် နွေရာသီသောက်သုံးရေဖြန့်ဝေပြီးစီးမှုအခြေအနေ
                                                                                                                                                               ၁၄..၂၀၂၀
စဉ် ခရိုင် မြို့နယ် ကျေးရွာ အုပ်စု ကျေးရွာ အိမ်ခြေ လူဦးရေ ဖြန့်ဝေသည့်ရေဂါလံ ပေါင်း မှတ်ချက်
ဌာန အလှူရှင်
မကွေး နတ်မောက် ၁၀ ၁၇၈၇ ၈၇၃၉ ၁၇၅၀ ၂၃၅၂၀၀ ၂၃၆၉၅၀
မကွေး မြို့သစ် ၁၃၄ ၅၉၁ ၉၄၁၀ ၇၂၀၀ ၁၆၆၁၀
မကွေး ချောက် ၆၆၆ ၄၀၁၇ ၁၅၂၀၀ ၁၅၂၀၀
မကွေး ရေနံချောင်း ၁၁၈ ၆၁၈ ၅၀၀၀ ၅၀၀၀
မကွေးခရိုင်ပေါင်း ၁၄ ၁၈ ၂၇၀၅ ၁၃၉၆၅ ၁၆၁၆၀ ၂၅၇၆၀၀ ၂၇၃၇၆၀
မင်းဘူး မင်းဘူး ၃၄၀ ၁၆၉၆ ၁၃၃၀၀ ၁၃၃၀၀
မင်းဘူးခရိုင်ပေါင်း ၃၄၀ ၁၆၉၆ ၁၃၃၀၀ ၁၃၃၀၀
သရက် သရက် ၂၂၈ ၉၇၁ ၃၀၀၀၀ ၄၆၀၀၀ ၇၆၀၀၀
သရက် ကံမ ၈၆၀ ၃၃၂၈ ၄၇၆၀၀ ၃၇၆၀၀ ၈၅၂၀၀
သရက် မင်းလှ ၃၂၃ ၁၃၄၈ ၁၆၀၀ ၁၆၀၀
သရက်ခရိုင်ပေါင်း ၁၁ ၁၄၁၁ ၅၆၄၇ ၇၉၂၀၀ ၈၃၆၀၀ ၁၆၂၈၀၀
ပခုက္ကူ ပခုက္ကူ ၁၂၃ ၆၃၇ ၃၁၂၀၀ ၃၁၂၀၀
ပခုက္ကူ ရေစကြို ၁၅ ၂၂၄၇ ၁၀၁၄၁ ၄၃၂၀၀ ၄၃၀၀၀ ၈၆၂၀၀
ပခုက္ကူ ပေါက် ၉၂ ၅၈၃ ၃၂၀၀ ၃၂၀၀
ပခုက္ကူ မြိုင် ၆၇၀ ၃၃၁၅ ၁၄၄၅၀၀ ၃၀၀၆၀ ၁၇၄၅၆၀
ပခုက္ကူ ဆိပ်ဖြူ ၂၀၀ ၁၀၂၁ ၆၀၈၀၀ ၆၀၈၀၀
ပခုက္ကူခရိုင်ပေါင်း ၁၉ ၂၈ ၃၃၃၂ ၁၅၆၉၇ ၁၉၀၉၀၀ ၁၆၅၀၆၀ ၃၅၅၉၆၀
ဂန့်ဂေါ ဂန့်ဂေါ ၃၁၈ ၁၄၄၁ ၃၂၀၀ ၂၂၄၀ ၅၄၄၀
ဂန့်ဂေါ ဆော ၅၁၆ ၂၇၀၄ ၁၄၃၅၀ ၂၀၃၉၀ ၃၄၇၄၀
ဂန့်ဂေါခရိုင်ပေါင်း ၈၃၄ ၄၁၄၅ ၁၇၅၅၀ ၂၂၆၃၀ ၄၀၁၈၀
မကွေးတိုင်းဒေသကြီးစုစုပေါင်း ၄၉ ၆၆ ၈၆၂၂ ၄၁၁၅၀ ၃၀၃၈၁၀ ၅၄၂၁၉၀ ၈၄၆၀၀၀

 

 

 

အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များနှင့်မကွေးတိုင်း

 

မကွေးတိုင်းကနေ နိုင်ငံရပ်ခြားကိုသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေက ပြီးခဲ့တဲ့ ကိုဗစ်၁၉ အစဦးပိုင်းကာလတွေမှာ ဒေသတွင်းကိုပြန်လည်ရောက်ရှိလာကြပါတယ်။  တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မတ်လ ၂၉ ရက်နေ့မှာထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မကွေးတိုင်းမှာ နိုင်ငံရပ်ခြား ကပြန်လာသူ တစ်သောင်းသုံးထောင် ကျော်ရှိပါတယ်။ Magway Post ရဲ့လေ့လာစုံစမ်းမှုအရတော့ နိုင်ငံခြားက ပြန်လာသူ ဦးရေက ယခုနှစ်အောက်တိုဘာလအထိ နှစ်သောင်းခွဲကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

မကွေးတိုင်းရဲ့ အဓိကစီးပွါးရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းက ဒေသတွင်းရာသီဥတုဖောက်ပြန်မှုနဲ့ ကုန်ဈေးနှုန်းမငြိမ်သက်မှုတွေကြောင့် လွန်ခဲ့တဲ့နှစ်တွေကစလို့ ကျဆင်းလာခဲ့ပါတယ်။ ဒီလိုစီးပွါးရေးကျဆင်း လာမှုက ဒေသတွင်းကလူငယ်တွေနဲ့လူလတ်ပိုင်းတွေကို ရွေ့ပြောင်းလုပ်သားတွေအဖြစ် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ တွန်းအားတွေဖြစ်စေခဲ့တာပါ။

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်အကိုင်ရရှိရေးကလည်း လာမယ့် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေထဲကတစ်ခုလို့ဆိုရတော့မှာပါ။ ပဲနှမ်းရောင်းဝယ်ရေးအတွက် ဈေးနှုန်း ထိန်းညှိမှုကစလို့ လယ်ယာစိုက်ပျိုးရေးနည်းပညာအဆုံး အခြေခံကျတဲ့ပံ့ပိုးမှုနဲ့ ဈေးကွက်ဝယ်လိုအား မြင့်မားလာရေးကို အစိုးရကဦးဆောင်ဖို့လိုအပ်နေတယ်လို့ တောင်သူတွေကဆိုပါတယ်။                                 “အခုက ပွဲရုံတွေအတော်များများလဲရပ်ထားကြတယ်၊ အလုပ်လုပ်ရဖို့ကမသေချာသလောက်ပဲ၊    အရင်က လင်မယားနှစ်ယောက်ရှာတာ တစ်နေ့ကို ၅ထောင်လောက်ဝင်ပေမယ့် အခုဆိုဝင်ငွေမရှိတာ လေးလလောက်ရှိနေပြီ”လို့ မကွေးမြို့နယ် လျောင်းတော်ဦးကျေးရွာက ဒေါ်သန်းသန်းဝင်းကဆိုပါတယ်။

ကိုဗစ်၁၉ ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေပိတ်ထားရခြင်းကဒေသတွင်းနေ့စားလုပ်သားတွေအတွက် နေ့စဉ်စားဝတ်နေရေးကို အခက်အခဲဖြစ်ပေါ်စေခဲ့ပါတယ်။

ဒီအခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးစေချင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကတော့ ပြီးစီးခဲ့ပါပြီ။ မကွေးတိုင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရဲ့စံချိန်တွေအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မြို့နယ်တိုင်းမှာ အောင်နိုင်ခဲ့ပါပြီ။

၂၀၁၅ – ၂၀၂၀ အစိုးရကို ပြည်သူအများစုကနှစ်သက်တယ်လို့ဆိုရမှာဖြစ်ပြီး လာမယ့်အစိုးရသစ်ရဲ့ ဆောင်ရွက်နိုင်စွမ်းကိုလည်း စောင့်မျှော်နေလျှက်ရှိနေပါပြီ။

အိလေးရေးသားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို / Photo တိုင်းအစိုးရအဖွဲ့