အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ဆောင်းသီးနှံများ ထိခိုက်ပျက်စီးမည်ကို တောင်သူများ စိုးရိမ်

666

အခုလ ၂၆ရက်နေ့ ညပိုင်းကစပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့လို့ ဂန့်ဂေါခရိုင်ကဒေသခံများတောင်သူတွေက ဆောင်းသီးနှံတွေ ပျက်စီးမှာ စိုးရိမ်နေကြပါတယ်။ မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်နဲ့ ကျောက်ထုမြို့နယ်အတွင်းမှာစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့တောင်သူတွေက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ကုလားပဲနဲ့ ငရုပ်တွေစိုက်ပျိုးကြတာပါ။

အခုလအတွင်း မိုးရွာသွန်းခဲ့တာကြောင့် ဒီသီးနှံတွေ အတွက် စိုးရိမ်းမိတယ်လို့ ကျောက်ထုမြို့နယ် မိအယ်ကျေးရွာက တောင်သူတွေက ပြောပါတယ်။

” အခုလို ဒီဇင်ဘာလမှာ တောင်သူတွေ စပါးသိမ်းချိန် မိုးရွာတော့ ဘယ်ကောင်းမလဲ။ကုလားပဲက ပိုးကျတတ်တယ်။ကြက်သွန်ဖြူနဲ့ ကြက်သွန်နီက အပင်တွေဝါပြီး ညိုးကျသွားတတ်တယ်။စပါးကလည်း ရိတ်ပြီးထားတွေက အလေအလွင့်ဖြစ်တာမျိုး ရှိတယ်” လို့ မိအယ်ကျေးရွာက တောင်သူဦးအောင်မိုးလင်းက ပြောပါတယ်။

ဆောမြို့နယ်က တခြားမြို့နယ်တွေထက် အအေးပိုလို့ ကြက်သွန်နဲ့ ကုလားပဲဖြစ်ထွန်းမှုနည်းတာကြောင့် စိုက်ပျိုးမှု နည်းကြပါတယ်။ ထီးလင်းနဲ့ ကျောက်ထု မြို့နယ်တွေမှာ စပါးနဲ့မြေပဲကို မိုးရာသီမှာ ဒေသတိုင်း စိုက်ပျိုးပြီး ကုလားပဲ၊ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ ငရုပ်တို့ကို ဆောင်းရာသီမှာ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ဘက်မှာလည်း မိုးရွာတာ ကုလားပဲက ပိုးကျတတ်တယ်ကော။ကြက်သွန်နီက အပင်ကောင်းရင်ကို ဝါပြီး ကျတတ်တာမျိုးဖြစ်တယ်။ငရုပ်ကတော့ အခုမှ အပင်ပေါက်ဆိုတော့ ဘာလိုဖြစ်မယ် မသိသေးဘူး”လို့ ထီလင်းမြို့နယ် ဝက်သက်ရွာမ၊ကျေးရွာက တောင်သူ ဦးဝင်းဖေက ပြောပါတယ်။

ကျောက်ထု မြို့နယ်က မိအယ်၊ ရွာသာ၊နော်ကြီး၊ပန်းစံ၊ပြင်လယ်၊ကံကြီးကျေးရွာမတွေနဲ့ ထီလင်းမြို့နယ်က ဝက်သက်ရွာမ၊ဝက်သက်တောင်ရွာ၊ဝက်သက်မြောက်ကုန်းရွာ၊ဝါးဘိုးချောင်ရွာ၊ထန်းပင်ကုန်းကျေးရွာတွေမှာ ကုလားပဲ၊ ငရုပ်၊ပန်းနှမ်းနဲ့ ကြက်သွန်နီ စိုက်ပျိုးကြတယ်လို့သိပါတယ်။

သတင်းနှင့်ဓာတ်ပုံ – လင်းလက်