သုံးဘီးဆိုင်ကယ်တစ်စီး ချောက်အတွင်းကျ အမျိုးသမီး တစ်ဦးသေဆုံး

1041

သရက်မြို့ သရက်-ကံမလမ်းခွဲ ဘိလပ်မြေ စက်ရုံ ကျောက်ခွဲစက် အတက်လမ်းတွင် သုံးဘီးဆိုုင်ကယ်တစ်စီးတိမ်းမှောက်ကာအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု သုခရတနာပရဟိတလူမှုကူညီရေးအသင်းဥက္ကဌဦးဇော်ဝင်းထွန်းက
မကွေးပို့စ်သို့ ပြောသည်။
သတင်းရလျှင်ရချင်း ကယ်ဆယ်ရေးပစ္စည်းများ လူအင်အားအပြည့်အစုံနဲ့ သွားရောက်ကယ်တင်ခဲ့သော်လည်း သုံးဘီးမှာချောက်အတွင်းကျရောက်နေပြီး ဒဏ်ရာရနေသော ၄၃နှစ်အရွယ် ဟိန္ဒူအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကွယ်လွန်သွားသည်ဟုသိရသည်။
အနောက်ရပ်တောင်ပိုင်းရပ်ကွက် ဝက်ကုန်းမှ နွားမွေးမြူသူ (၃၂)နှစ်အရွယ် ဟိန္ဒူအမျိုးသားက သုံးဘီးမောင်းကာ (၁၆)နှစ်အရွယ်ညီဝမ်းကွဲနှင့်(၄၃)နှစ်အရွယ်အမျိုးသမီးတို့ (၃)ဦး သရက်-ကံမလမ်းခွဲ ကျောက်ခွဲစက်အတက်လမ်းသို့နွားစာရိတ်သွားရာမှ ယခုလိုဖြစ်ပွားခဲ့သည်ဟုသိရသည်။
တောင်တက်လမ်း အကွေ့အကောက်များသဖြင့် လမ်းတစ်ဝက်တွင်ဆက်မတက်တော့ဘဲ အခြားလမ်းမှသွားရန် နောက်ပြန်လှည့်မောင်းလာခဲ့ရာကုန်းအဆင်းတွင် ဘရိတ်ကြိုးပြတ်ကာ
အရှိန်မထိန်းနိူင်တော့ဘဲ လမ်းညာဘက်ပေ(၃၀)ခန့်အနက် ချောင်အတွင်းပြုတ်ကျသွားခြင်းဖြစ်သည်ဟု မြို့နယ်မီးသတ် ဦးစီးမှူးဦးချမ်းငြိမ်းသူက ပြောသည်။
အခင်းဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းသူနှင့် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်စုသည်ပြည်သူများနှင့်အတူ ချောက်အတွင်းမှသုံးဘီးဆိုင်ကယ်ကို အပေါ်သို့ ဆွဲတင်ကူညီပေးခဲ့သည်ဟု မီးသတ်ဦးစီးမှူးက
ပြောသည်။
သုံးဘီးဆိုင်ကယ် ချောက်အတွင်းကျခြင်းကြောင့် (၃၂)နှစ်အရွယ် ယာဉ်မောင်းတွင် ဝဲလက်မောင်း ပွန်းခြစ်ဒဏ်ရာ၊ယာဉ်ပေါ်လိုက်ပါသူ(၁၆)နှစ် အမျိုးသားမှာ ယာဒူးနာကျင်ဒဏ်ရာနှင့် (၄၃)နှစ်အရွယ်အမျိုးသမီးမှာ ဦးခေါင်းသွေးယိုစိမ့်မှုကြောင့် သေဆုံးခဲ့သည်ဟုမီးသတ်ဦးစီးဌာနမှသိရသည်။
ယာဉ်အားမဆင်မချင်မောင်းနှင်သူ သုံးဘီးယာဉ်မောင်းအား သရက်ရဲစခန်း(ယာဉ်)
(ပ)၂၄/၂၀၂၀ ပုဒ်မ ၃၀၄-က/၃၃၇ အရအမှုဖွင့်အရေးယူထားသည်။

သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – သုခရတနာပရဟိတလူမှု
ကူညီရေးအသင်း၊မီးသတ်ဦးစီးဌာန