သရက်မြို့ Quarantine Camp မှဖျားနေသူ(၂)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိ

56

သရက်မြို့ အထက(၁) Quarantine Camp မှ ဖျားနေသဖြင့်သရက်ခရိုင်ပြည်သူ့ဆေးရုံသို့
လာရောက်ပြသသူ အမျိုးသမီးနှင့် လူနာစောင့် တို့ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ခရိုင်ကုသရေးဦးစီးဌာနမှူးဒေါက်တာညွန့်ရွှေအောင်က မကွေးပို့စ်သို့ ပြောသည်။
ဖျားနေသူ အမျိုးသမီး၊ခင်ပွန်းနှင့်သားဖြစ်သူတို့ (၃)ဦးကို မနေ့ညပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ဖျားနေသူ(၅၀)နှစ်အရွယ်အမျိုးသမီးနှင့် (၁၃)နှစ်အရွယ်သားဖြစ်သူတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီး ခင်ပွန်းဖြစ်သူတွင် ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
အသက်(၅၀)အရွယ် ရောဂါပိုးတွေ့ရှိသူအမျိုးသမီးမှာ ကင်ဆာရောဂါနှင့် ကျောက်ကပ်ရောဂါကြောင့် လွန်ခဲ့သည့်(၆)လခန့် ကတည်းက ရန်ကုန်မြို့တွင် ဆေးကုသနေရပြီး ရန်ကုန်မှ ပြန်လာခဲ့ရာ အောက်တိုဘာ(၁၉)ရက်ညတွင် ကံမမြို့နယ် ပေပင်ဂိတ်တွင် ညအိမ်နေခဲ့ရသည်ဟုသိရသည်။
မနေ့နံနက်ပိုင်းတွင် ကံမမြောက်ချောင်းလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့်
သရက်မြို့ အထက(၁) Quarantine Camp သို့ ရောက်ရှိပြီး‌နောက် ဖျားလာသဖြင့်သရက်ခရိုင်ပြည်သူ့ဆေးရုံသို့ သုခရတနာပရဟိတလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် တင်ပို့ခဲ့ပြီး မိသားစု(၃)ဦးလုံးအား ရောဂါပိုးစစ်ဆေးခဲ့ရာ ဇနီးနှင့် သားဖြစ်သူတို့တွင်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ပိုးတွေ့လူနာ၏ခင်ပွန်းက ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးနှင့် သားဖြစ်သူတို့အား သရက်ခရိုင်ကုသရေးဆေးရုံ
ပြင်ပလူနာဌာနမှ သီးခြားကုသဆောင်သို့ တင်ပို့လိုက်သည်ဟုခရိုင်ကုသရေးဦးစီးဌာနမှူးက ပြောသည်။
သရက်မြို့တွင် မနေ့ကအထိဓာတ်ခွဲအတည်ပြုလူနာ (၁၆)ဦး ရှိပြီးဆေးရုံမှ (၆)ဦး ဆင်းခွင့်ရရှိပြီးဖြစ်ကာ (၂)ဦးကို မကွေးတိုင်းပြည်သူ့ဆေးရုံအထူးကြပ်မတ်ဆောင်သို့ တင်ပို့ထားသည်။
သရက်ခရိုင်ပြည်သူ့ဆေးရုံ သီးခြားကုသဆောင် Isolation Wardတွင် (၈)ဦး ဆေး
ကုသမှု ခံယူနေသည်ဟု ခရိုင်ကုသရေးဦးစီးဌာနမှူးက ပြောသည်။

သတင်းနှင့် ဓာတ်ပုံ – အောင်ကြီး(သရက်)