သတင်းသမားတစ်ဦး၏ ခဲခြစ်အရေးအသားများ(အပိုင်း၂)

477

ယခုသတင်းဆောင်းပါးကိုရေးသားသူ ဉာဏ်လင်းအောင်သည် ပေါ်ပြူလာနယူးစ်ဂျာနယ်၊မြန်မာတိုင်မ်းဂျာနယ်တို့တွင် ဂျာနယ်လစ်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သတင်းသမားအဖြစ်ဖြတ်သန်းခဲ့စဉ်ကာလတစ်လျှောက် ၎င်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှအချို့ကို ပြန်လည်ရေးသားထားခြင်းဖြစ်သည်။

ရှေ့တန်းစစ်မြေပြင်သို့ တစ်ခေါက်  အပိုင်း (၂)

တိတ်ဆိတ်စွာပဲ ကျွန်တော်တို့ဆက်ပြီးလျှောက်လာခဲ့ကြပါတယ်။သိပ်မကြာမီမှာပဲ ကျွန်တော်တို့သွားချင်တဲ့ မဂခက်ရှေ့ တန်းစခန်းကို ရောက်ပါတယ်။မဂခက်ရှေ့တန်းစခန်းကို တပ်ရင်းမှူးအဆင့် ကချင်စစ်ဗိုလ်တစ်ယောက်ကတာဝန်ယူ ကွက်ကဲနေတာကိုသတိထားမိပါတယ်။ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မရောက်မီတစ်ရက်က နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ မထင်ရလောက်အောင်ကို ရှေ့တန်းစခန်းက ငြိမ်သက်စွာရှိနေခဲ့ပါတယ်။  နိုင်ငံခြား ရုပ်ရှင်ကားတွေထဲမှာ တွေ့မြင်နေကြမြင်ကွင်းလိုပဲ သစ်ငုတ်တိုတစ်ခုမှာ သေနတ်တွေစုပုံထောင်ထားပြီး ဘေးပတ်ပတ်လည်မှာ စစ်သားတွေကအေး အေး လူလူ ထိုင်သူက ထိုင်နေကြ၊ စီးကရက်ဖွာသူကဖွာ။အိပ်သူက အိပ်၊ သေနတ်ပြောင်း တိုက်သူကတိုက်၊ နယ်မြေကင်းစောင့်သူကစောင့်နဲ့ ရှိနေပါတယ်။                                  ကျွန်တော်တို့လည်း စစ်မြေပြင်က ကချင်စစ်သား တွေရဲ့ ဓာတ်ပုံကို ရတောင့်ရခဲမို့ အလုအယက်ကိုရိုက်ကြပါတယ်။ နောက်သူတို့နဲ့စကားပြော၊ သေနတ်တွေ၊ ကျည်ကာ အင်္ကျီတွေ၊ဦးထုတ်တွေ တောင်းပြီး ကိုင်ကြည့်၊ဝတ်ကြည့်၊ ဆောင်းကြည့်ကြနဲ့ စစ်မြေပြင်ကို ရောက်နေတာနဲ့မတူဘဲလေ့ လာ ရေးခရီးထွက်လာသလိုဖြစ်နေကြပါတယ်။              “ညက တိုက်ပွဲဖြစ်တာ ဘယ်နေရာတုန်းဗျ”                                                         တိုက်ပွဲအကြွင်းအကျန်တစ်ခုခုများ မှတ်တမ်းဓာတ်ပုံရနိုင်မလားဆိုတဲ့အတွေးနဲ့ ကချင်စစ်သား တစ်ယောက်ကို ကျွန်တော် မေးကြည့်မိပါတယ်။ “ဒီနေရာမှာမဟုတ်ဘူး ။ ဟိုဖက်တောင်ကုန်းဘက်မှာဟိုမှာတွေ့လား” သူက ပြောလည်းပြော လက်ညိုးလည်း ညွှန်ပြ ပါတယ်။ “ဝေးလား ” “သိပ်မဝေးဘူး။ ဒီကနေ ၁၀ မိနစ်လောက်သွားရင်ရောက်တယ်။အဲဒီမှာ အထူးကွန်မန်ဒိုအဖွဲ့တွေရှိတယ်။” သူပြောတဲ့ အထူးကွန်မန်ဒိုအဖွဲ့ဆိုတာကိုကျွန်တော်ပိုပြီး စိတ်ဝင်စားသွားမိပါတယ်။ဒါနဲ့ ကျွန်တော်တို့ကို လိုက်ပို့တဲ့ ကချင်စစ်ဗိုလ်ကို အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို သွားလို့ရနိုင်လားမေးကြည့်တော့ သူက အသာတကြည်ပဲ သွားလို့ရနိုင်ကြောင်းပြောပါတယ်။                                                                    “ကျွန်တော် ဒီမှာ ကိစ္စလေးရှိသေးလို့လိုက်မပို့တော့ဘူး။ ဒါပေမယ့် စက်နဲ့ပေါက်ပေးထားမယ်။ ဒီလမ်းအတိုင်းသာ လျှောက်သွား ၁၀မိနစ်လောက်ပဲ။ ” ကချင်စစ်ဗိုလ်က ကျွန်တော်တို့ကိုလမ်းညွှန်ရင်းပြောပါတယ်။ ဒီတစ်ခါကတော့ ကျွန်တော်တို့ သတင်းထောက်တွေချည်းသက်သက် လမ်းလျှောက်သွားရတဲ့ကိန်းပါပဲ။  ပထမ လမ်းလျှောက်လာတုန်းက အတွေ့ အကြုံကြောင့်ကျွန်တော်တို့အချင်းချင်းစကားတောင်မပြောနိုင်ကြဘဲတိတ်တိတ် ဆိတ်ဆိတ် ကိုယ့်အတွေးနဲ့ကိုယ် လျှောက်သွားဖြစ်ကြပါတယ်။ လမ်းကိုလည်း ဘေးဝဲယာကို တတ်နိုင်သလောက်ရှောင်ပြီး အလယ်အူကြောင်းကိုမော်ဒယ် လျှောက် သလောက်နီးပါးသတိထားပြီး ကြောင်လျှောက် လျှောက်ခဲ့ကြပါတယ်။ အဲဒီ ၁၀ မိနစ်လောက်ခရီးဟာ တခြားသူတွေမသိပေမယ့် ကျွန်တော့်စိတ်ထဲမှာ တွေး နေမိတဲ့အရာကတော့ အသက်ကို ဉာဏ်စောင့်တယ်ဆိုတာပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့တောင်ကုန်းကိုရောက်ခါနီးတော့ တောင်ကုန်းပေါ်က နေပြီး ကချင်စစ်သားတစ်ယောက်က ကျွန် တော်တို့ကိုလမ်းပြလာ ခေါ်ပါတယ်။ ကျွန်တော်တို့လျှောက်နေတဲ့လမ်းအတိုင်းဆက်မသွားစေဘဲ သူလမ်းပြတဲ့ အတိုင်းဆက်သွားစေ ပါတယ်။ သူပြတဲ့လမ်းအတိုင်း နှစ်မိနစ်သုံးမိနစ်လောက်လျှောက်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်တို့ မရောက်မီတစ်ရက်က နှစ်ဖက်စစ်တပ်ချင်း အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့တောင်ကုန်းကိုရောက်လာပါတယ်။ အဲဒီတောင်ကုန်းမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့အထူးကွန်မန်ဒိုအဖွဲ့က နေရာယူထားပါတယ်။ သူတို့ အပြောအရ ဖြစ်ပွားခဲ့တဲ့ညတိုက်ပွဲကြောင့် သူတို့တာဝန်ကျရာ တောင်ကုန်းကနေ ညဖက်ကြီး ထိုးစစ် သဏ္ဍာန်ပြု ပြီး လက်ရှိတောင်ကုန်းကို ချီတက်လာခဲ့ကြတာလို့ဆိုပါတယ်။ ကျွန်တော်တို့ကတော့ ကွန်မန်ဒိုစစ်သားတွေဆိုလို့ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတွေထဲက စတားလုံး လိုလို၊ ဗန်ဒိန်းလိုလို၊ ချက်စနောရစ်လိုလို၊အာနိုးလိုလို ထင်ထားပေမယ့် တကယ်တမ်း မျက်မြင်တွေ့ရတဲ့လူတွေကတော့ ကျွန်တော်တို့နဲသိပ်မကွာခြားလှတဲ့ လူငယ်လေး တွေ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အသက်တွေ ဟာ အလွန်ဆုံးရှိလှကျွန်တော်တို့နဲ့ မတိမ်းမယိမ်း၊ ၃၀ နားဝန်းကျင်အရွယ်တွေပါပဲ။ တချို့ ဆို အသက်အစိတ် ဝန်းကျင် အရွယ်တွေ။                                                                                             ကျွန်တော်တို့မရောက်မီတစ်ညက နှစ်ဖက်အပြင်းအထန်တိုက်ပွဲဖြစ်ထားပေမယ့် နေ့စဉ်ဖြတ်သန်းမှု ဘဝမှာ တောတောင်၊ လက်နက်နဲ့တိုက်ပွဲတွေကိုသာအမြဲလိုရင် ဆိုင်ကြုံတွေ့နေရတာမို့ သူတို့ကလည်း ကျွန်တော်တို့ရောက်လာတာကို အားရ ဝမ်းသာဖြစ်ကြပါတယ်။ညကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီးအလုအယက်ပဲ ကျွန်တော်တို့ကိုပြောပြကြပါတယ်။ ကျွန်တော်တို့ အတွက်ကတော့အရာအားလုံးဟာ အသစ်အဆန်းတွေချည်းပါပဲ။ ကျွန်တော်တို့မရောက်မီ ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ရည်ရွယ်ပြီး ထိုးစစ်ဆင်လာတဲ့တိုက်ပွဲမျိုးဟုတ်ဟန်မတူပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားဖို့ နှစ်ဖက်လုံးအတွက် စစ်မြေပြင်မကောင်းလှတဲ့လျိုဇောက်ကြီးဖြစ်ပါတယ်။ညဖက် ကင်းလှည့်ရင်း ဒါမှမဟုတ် လမ်းကြောင်းရှာရင်းလမ်းမှားပြီး ရင်ဆိုင်တွေ့မိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပုံရပါတယ်။ “အဲဒီအောက်ထဲကို သွားကြည့်ရင်ကျန်ခဲ့တဲ့အဝတ်စတွေ၊ ပစ္စည်းတွေတွေ့လိမ့်မယ်။ ဒီကောင်တွေ( မြန်မာစစ်သားတွေကို ဆိုလိုတာဖြစ်ပါတယ်။) တက်လာပုံက တကယ့်ကို အရူးကြနေတာပဲ။ တွေ့ရာမြင်ရာ အကုန်ုလုံးပစ်၊ အကုန်လုံးမွှေ့ရမ်းပြီး တက်လာတာ ”  လို့တိုက်ပွဲဖြစ်ပွားစဉ်ကရှိနေတဲ့ကွန်မန်ဒိုရဲဘော်တစ်ဦးက ကျွန်တော်တို့ကိုပြောပြပါတယ်။ အထူးသဖြင့်တော့ သူတို့က တိုက်ပွဲဆိုတာထက် ကျွန်တော်တို့ကို သူတို့ရဲ့ ခံစားချက်တွေကိုပြောပြချင်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ရေငတ်တုန်းရေတွင်းတွေ့တာမျိုးမို့ သူတို့ရဲ့အတွေ့အကြုံဖြစ်ဖြစ် ရင်တွင်းခံစားချက်ဖြစ်ဖြစ် နားထောင်ချင်မိတာဖြစ်ပါတယ်။ ကျွန်တော်တို့အဲဒီနေရာကို ရောက်တဲ့ အချိန်က နေ့လယ်ပိုင်း ၁ နာရီလောက်ရှိပြီ ။ဒါပေမယ့် ကချင်မြေရဲ့ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ နေလို့ ကောင်းနေဆဲပဲဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့အပြန်အလှန်စကားတွေပြောကြ၊ သူတို့ကလည်း ကျွန်တော်တို့မှာ ပါလာတဲ့ ကင်မရာတွေကို ယူပြီးစမ်းသပ်ကိုင်တွယ်ကြည့်ကြနဲ့တော်တော်လေးကို အဖွဲ့ကျနေခဲ့ကြပါတယ်။ အဲဒီအထူးကွန်မန်ဒိုအဖွဲ့မှာစုစုပေါင်း ကွန်မန်ဒိုတပ်သား ၁၅ ဦးပါတယ်။ ကျွန်တော် တို့ ရောက် နေတဲ့တောင်ကုန်းတစ်ခုလုံးကို အထူးကွန်မန်ဒိုတပ်က နေရာယူတပ်စွဲ ထားတာဖြစ်ပါတယ်။ အထူးကွန်မန်ဒိုတပ်သား၁၅ ဦးလို့ ဆိုပေမယ့် ကျွန်တော်တို့မျက်မြင်မှာတော့  ၈ ဦးလောက်ပဲတွေ့ရပါတယ်။ ကျန်တဲ့သူတွေရောလို့မေးကြည့်တော့ကင်းစောင့်နေတယ် လို့ပြောပါတယ်။  ဒါပေမယ့် အဲဒီကင်းစခန်းတွေကိုတော့ ကျွန်တော်တို့ကိုကြည့်ခွင့်မပေးပါဘူး။ ဘာအခင်းမှမပါဘဲမြေပြင်ပေါ်မှာ ဖင်ချဝိုင်းဖွဲ့ထိုင်ပြီး ကျွန်တော်တို့တတွေစကားစမြည်ပြောဖြစ်ကြပါတယ်။ သူတို့က ကျွန်တော်တို့ကို ကချင်ရိုးရာဖြစ် ဆေးစိမ်အရက်လို့ခေါ်တဲ့ ကောက်ညှင်းအရက်နဲ့ဧည့်ခံပါတယ်။ တစ်ကယ့်ကို လက်ရည်တပြင်တည်း ဧည့်ခံတာဖြစ်ပါတယ်။ တစ်လီတာဆန့် ရေသန့်ဗူး တစ်ဝက်ခန့်ရှိတဲ့အဲဒီအရက်ကို ရေသန့်ဗူးကိုဖြတ်ပြီး သောက်စရာ အဖြစ် လုပ်ထားတဲ့ ခွက်တွေနဲ့ငှဲ့ပြီး ကျွန်တော်တို့တွေသောက်ကြပါတယ်။                                                                       သူတို့လိုတောတောင်ထဲမှာ နေရ၊စားရ၊အိပ်စက်ရတဲ့သူတွေအတွက် ရိုးရာဆေးစိမ်အရက်က တကယ့်ကိုဆေးကောင်း တစ်ခွက်ဖြစ်ပုံရပါတယ်။ ကံကောင်းချင်တော့ ကျွန်တော်တို့ဆီမှာလည်း လမ်းသွားရင်းစားဖို့ယူလာတဲ့ ရယ်ဒီမိတ် အခြောက်အခြမ်း အနည်းငယ်ပါလာတာမို့ အဲဒါတွေကို အမြည်းအဖြစ်ပြောင်းလဲ လိုက်ကြပါတယ်။ ကိုယ်စီရင်ထဲမှာ ပူပူနွေးနွေးလေးရှိလာကြတဲ့အခါ စကားပြောရတာလည်း ပိုပြီး အာသွက်လာ ကြပါတယ်။သူတို့ကွန်မန်ဒိုတပ်သားတွေ အားလုံးထဲမှာလူပျိုကြီးတစ်ယောက်ပဲပါပြီး ကျန်တဲ့သူအားလုံးက အိမ်ထောင် နဲ့သားသမီးနဲ့ ဖြစ်ကြပါတယ်။ သူတို့ဒီလိုရှေ့တန်း ထွက်လာ တဲ့အချိန်မှာ သူတို့မိသားစုတွေက  မြို့ပေါ်မှာ သိုသိုသိပ်သိပ်နဲ့ နေခဲ့ကြရတယ်လို့ဆိုပါတယ်။ ကချင်ရဲဘော် တစ်ယောက်ရဲ့ မိသားစုမှန်းသိသွားရင် မြို့ပေါ်မှာ သူတို့နေထိုင်ရတာ ခက်ခဲတာကြောင့် သိုသိုသိပ်သိပ်ပဲ နေလေ့ရှိကြတယ်လို့ဆိုပါတယ်။ သူတို့အထဲက တစ်ယောက်ဆိုရင် မြစ်ကြီးနားမြို့မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်ကိုဆက်တက်ဖို့ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ဆက်စပ်တယ်ဆိုပြီး တက်ရောက်ခွင့် မပြုခဲ့တာကြောင့် ကျောင်းဆက်ပြီး ပညာသင်ကြားခွင့်မရခဲ့ဘဲ ကချင်လွတ်မြောက်ရေးတပ်မတော်ထဲ ရောက်လာခဲ့တာလို့ဆိုပါတယ်။                                                                “ ကျွန်တော်တို့လူငယ်စိတ်ဓာတ်ကတော့ ငြိမ်းချမ်းရေးပဲ။ ဒါပေမယ့် လူကြီးတွေစိတ်ဓာတ်ကျတော့ ငြိမ်းချမ်းရေးဆိုတာ သူ တို့ရဲ့ခံယူမှုက မပြောနိုင်ဘူး။သူတို့ဦးဆောင်သလို သူတို့လမ်းပြသလိုလိုက်ဖို့အဓိကပဲ။ ဒါကျွန်တော်တို့ခံယူမှုပေါ့” လို့ ကွန်မန်ဒိုတပ်သား တစ်ဦး ကပြောပါတယ်။ သူ့ဘဝကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။အမေက ဗမာ ၊ အဖေက ရှမ်းလူ မျိုးဖြစ်ပေမဲ့  ငယ်စဉ်ကတည်းက မိခင်ရဲ့  ဒုတိယအိမ်ထောင် ကချင်အမျိုးသားရဲ့ သွန်သင်ဆုံးမမှု အောက်မှာ ကြီးပြင်းခဲ့ရတာမို့ ကချင်မြေဟာ သူ့မြေဖြစ်ခဲ့သလိုကချင်မြေအတွက်ဆိုရင်သူကအသက်ပေးဖို့ဝန်မလေးခဲ့ဘူးလို့ဆိုပါတယ်။ ကျွန်တော်တို့နဲ့တွေ့ ချိန်မှာသူ့ အသက်က ၂၄ နှစ်ရှိပြီ။ တိုက်ပွဲမရှိတဲ့ရှေ့တန်းမို့ စစ်မြေပြင်ကို ဒုတ်ဒုတ်ထိ မကြုံတွေ့ရပေမယ့် ရှေ့တန်းစစ် မြေပြင်မှာ ရှိနေတဲ့စစ်သားတွေရဲ့အခြေ အနေကို ကျွန်တော်တို့လေ့လာခွင့်ရခဲ့တာပါ။ ကချင်မြေအတွက်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့သူတို့လည်း အနေ ဆင်းရဲ၊ အစားဆင်းရဲ အခြေအနေကို ကြုံတွေ့ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ အဆင်သင့်ရာဟင်းလျာတစ်ခုနဲ့ ကချင် ဆန်စီးစီးဟာ သူတို့အတွက် အာဟာရဖြစ်ပါတယ်။ နှစ်ပတ်ကို တစ်ရက်ပဲအသားရိက္ခာရရှိတာဖြစ်ပါတယ်။ အထက် အရာရှိတွေမြို့ကြီးတွေပေါ်မှာ သက်သောင့်သက်သာနေနေတဲ့အချိန် သူတို့က ရှေ့တန်းစစ်မြေပြင်မှာ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်း နေရတာဖြစ်ပါတယ်။ ရှေ့တန်းစခန်းကို ကျွန်တော်တို့ရောက်ရှိသွားတဲ့နေ့က သူတို့အတွက် အသားရိက္ခာရတဲ့နေ့ဖြစ်တယ်။အဲဒီနေ့က သူတို့ အတွက် အသားဟင်းလျာအဖြစ်တောဝက်သားကို ရရှိထားတာဖြစ်တယ်။ကချင်မြေရဲ့တောင်တန်းတွေထဲမှာပဲ အမြဲလိုနေနေရတဲ့သူတို့အတွက် ကျွန်တော်တို့က တကယ့်ကို ရွှေဧည့်သည်ပါပဲ။ သူတို့ရင်ထဲမှာ ရှိနေတာတွေ၊ ရင်ဖွင့်ချင်တာတွေကို ဒရစပ်ပဲကျွန်တော်တို့ကို ပြောဆိုကြပါတယ်။  ရေသန့် ဗူးတစ်ဝက် ထည့်ထားတဲ့ ဆန်အရက် ကုန်သွားတော့ကျွန်တော်တို့ရဲ့ စကားစမြည်က ပိုပြီးအသက်ဝင်လာပါတယ်။ နေ့လယ် တစ်နာရီလောက်ကတည်းက ဝိုင်းဖွဲ့ပြောဖြစ်ကြတဲ့ ကျွန်တော်တို့ရဲ့ စကားစမြည်ဟာ ညနေပိုင်း  ၄ နာရီကျော်လောက်ထိရှိဖြစ်လာပါတယ်။ စစ်မြေပြင်ကို မကြုံတွေ့ဘူးတဲ့ကျွန်တော်တို့အတွက်သာမန်စကားဝိုင်းတစ် ခုလိုရှိနေပေမယ့် စစ်မြေပြင်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားသူတို့အတွက်ကတော့ကျွန်တော်တို့နဲ့စကားပြောနေပေမယ့်  ဆက်သွယ်ရေးစက်က ၀င်လာသမျှသတင်းတွေကိုချိန် ဆပြီး နေကြတာတွေ့ရပါတယ် ။ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်မဟုတ်လား။ ညနေ ၄ နာရီကျော်လို့ ကျွန်တော်တို့ပြန်မယ်လုပ်တော့ မပြန်ခိုင်းသေးဘဲ ကျွန်တော်တို့ကို သူတို့နှစ်ပတ်တစ်ခါမှရတဲ့ အသားဟင်း တောဝက်သားနဲ့ထမင်းစားသွားဖို့ပြောလာပါတယ်။မစားတော့ဘူးပြောတာလည်းမရပါဘူး။ ကျွန်တော် တို့မငြင်းနိုင်ခင်မှာပဲ သူတို့ဘာသာ သူတို့ ထမင်းတွေချက်ဖို့စီစဉ်ကြ ၊ ဟင်းချက်ဖို့စီစဉ်ကြပါတော့တယ်။ ကုန်သွားတဲ့ ရေသန့်ဗူးတစ်ဝက်နေရာမှာလည်း နောက်ထပ်ရေသန့်ဗူးတစ်ဝက် အစားထိုး ရောက်ရှိလာပါတယ်။ ဘာရည်ရွယ်ချက်မှ မရှိဘဲ ဧည့်ဝတ်ကျေချင်တဲ့စိတ်တစ်ခုတည်းနဲ့ သူတို့ကျွန်တော်တို့ကို ဆက်ဆံကြတာဖြစ်ပါတယ်။ သူတို့ ရင်ထဲမှာရှိတဲ့ အရာတွေကိုပြောဖို့ မီဒီယာသမားတွေကို အရင်တုန်းက သူတို့မတွေ့မြင်ဖူးခဲ့ကြတာမို့ တကူးတက စစ်မြေပြင် ထိလာပြီး သတင်းယူတယ်ဆိုတဲ့ကျွန်တော်တို့ကို သူတို့ကလည်းတော်တော်လေးကို အံ့သြကြပါတယ်။ အရင်က နိုင်ငံခြား မီဒီယာတွေ ရောက်လာခဲ့ဖူးပေမယ့် ဘာသာစကားအတားအဆီးရှိတာမို့ ရင်ထဲရှိတာကိုပွင့်ပွင့်လင်းလင်း ပြောလို့ မရဘူးလို့ သူတို့က ကျွန်တော်တို့ကိုပြောပါတယ်။ထမင်းစားမသွားရင် မပြန်ရဘူးဆိုတာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘဲ ထမင်း၊ ဟင်း ကျက်တဲ့အထိ စောင့်ကြရပါတယ်။ သူတို့နဲ့တော့ပိုပြီးစကားပြောခွင့်ရတာမို့ ပိုပြီးပြောခွင့်ရလေ သူတို့ရဲ့စိတ် ခံစားချက်ကို ပိုပြီးသိခွင့်ရလေဖြစ်ခဲ့ပါတယ်။“ငါတို့လည်း ငြိမ်းချမ်းရေးလိုချင်တာပေါ့ကွာ။ ဘယ်တိုက်ချင်ပါ့မလဲ။ ငါတို့ပဲသေသေ ၊ဗမာစစ်သားသေသေ သေတာပဲ မဟုတ်လား။ လူ့အသက်ပဲလေကွာ။ဒါပေမယ့် ငါတို့က ကချင်မြေကိုချစ်တယ်လေ။ ကချင်မြေအတွက် လူကြီးတွေ ကတိုက်ဆို တိုက်ရမှာပဲ။မင်းတို့ဗမာကို မမုန်းပါဘူးကွာ။ ”ဆေးစိမ်ဝင်ထားပေမယ့် ဒါဟာ သူတို့ရင်ထဲကအစစ်အမှန်စကားဖြစ်မယ်ဆိုတာ ကျွန်တော်တို့တွက်ဆမိပါတယ်။  ကျွန်တော်တို့ စကားပြောနေကြ တုန်းမှာပဲ ထမင်းဟင်းချက်တဲ့အဖွဲ့က အားလုံးကျက်သွားပြီး စားလို့ရပြီဆိုတာကြောင့်  ကျွန်တော် တို့အားလုံးရဲ့ အာရုံက အဲဒီကိုရောက်ရှိသွားခဲ့ကြပါတယ်။နှစ်ပတ်မှတစ်ခါသာရတဲ့တောဝက်သားရိက္ခာရယ်။ စွန်တန်နဲ့ အာလူးရောချက်ထားတဲ့ ဟင်းချိုရယ် အားလုံးပူပူနွေးနွေးရှိလှပါတယ်။ တောထဲတောင်ထဲမို့ စစ်သုံးဟန်ကောချိုင့်၊ စလောင်ဖုံး၊ ထမင်းအိုးအဖုံး၊ ဟန်ကောချိုင့်အဖုံးတွေကိုပန်းကန်လုပ်ပြီး အတူတကွစားကြရတာဖြစ်ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် သူတို့ရဲ့နှစ်ပတ် တစ်ခါမှရတဲ့အသားရိက္ခာကို ကျွန်တော်တို့မစားရက်ကြပါဘူး။ ဒါပေမယ့် သူတို့ကလည်းမစားမနေရထည့်ပေးကြပါတယ်။ ကျွန်တော်တို့အားလုံး ထမင်းစားပြီး၊အတူတကွ အမှတ်တရဓာတ်ပုံရိုက်ပြီးတဲ့အချိန်မှာညနေနေဝင်ချိန်ကိုရောက်နေ ခဲ့ပါပြီ ။ သူတို့က သူတို့နဲ့အတူ ညအိပ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ရဲ့ အခြေအနေကို လေ့လာသွားဖို့တောင်းဆိုပါတယ်။ ကျွန်တော်တို့ကလည်း အဲဒီလိုလေ့လာဖို့ဆန္ဒရှိကြပါတယ်။ဒါပေမယ့် ကျွန်တော်တို့ကိုတာဝန်ယူပြီး ရှေ့တန်းစခန်း ခေါ်လာပေးခဲ့တဲ့အရာရှိက ကျွန်တော်တို့ရဲ့ လုံခြုံရေးအခြေအနေကြောင့် ဒါကို ခွင့်မပြုခဲ့ပါဘူး။ကျွန်တော်တို့အားလုံး သူတို့ကို စိတ်မကောင်းစွာနှုတ်ဆက်ပြီး တည်းခိုရာ မိုင်ဂျာယန်မြို့ပေါ်မှာရှိတဲ့ မိုင်ဂျာယန်ဟိုတယ်ကိုပြန်လာကြရပါတယ်။ ကျွန်တော်တို့ ဟိုတယ်ကို ပြန်ရောက်တဲ့အချိန်မှာ ညမှောင်နေပြီဖြစ် ပေမယ့် တရုတ်ပြည်ကတစ်ဆင့် သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားရဲ့ အလင်းကြောင့်မိုင်ဂျာယန်မြို့က ထင်လောက်အောင် မှောင်မနေခဲ့ပါဘူး။ ကချင်ပြည်နယ်ရဲ့ ဆောင်းညဦးကလည်းတော်တော်လေးကိုအေးစက်လာနေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်ကတော့ မငြိမ်းချမ်းနိုင် သေးတဲ့အပြန်အလှန်တိုက်ပွဲတွေနဲ့ မှောင်မိုက်နေဆဲဖြစ်ပြီး စစ်မီးဒဏ်ကြောင့် ကချင်ပြည်သူတွေဟာ အေးချမ်းလှတဲ့ ဆောင်းညတွေမှာ ထိတ်လန့်ပူလောင်နေရတုန်းပဲဆိုတာဘယ်သူမှ ထုတ်မပြောပေမယ့် ကျွန်တော်တို့အားလုံးသိနေခဲ့ ကြတာအမှန်ပါပဲ ။

တတိယပိုင်းအားဆက်လက်ဖေါ်ပြပါမည်။

ဉာဏ်လင်းအောင် ရေးသားသည်။

ဓာတ်ပုံ – ဉာဏ်လင်းအောင်