သတင်းမှန်တွေအတွက် မျှော်လေတိုင်းဝေးနေအုံးမည်လား Facebook ပေါ်ကသတင်းမှားများ

192

ပြီးခဲ့သည့် ဆယ်စုနှစ်များဆီက စကားကြီးတရပ်ခေတ်မှီစွာပေါ်ထွက်လာခဲ့သည်။ “ကမ္ဘာကရွာကြီးတရွာဖြစ်လာမည်” ကမ္ဘာကြီးကကျဉ်းကျဉ်းလာသည့်သဘောကိုဆိုလိုရင်းဖြစ်မည်။ ယင်းကဲ့သို့ သမုတ်လိုက်ကြခြင်းအကြောင်းအရင်းများထဲတွင် ဆက်သွယ်ရေးနည်းပညာများမြင့်လာခြင်းက အဓိကပါဝင်ခဲ့ သည်။

ယင်းစကားရပ်နှင့်တပြိုင်ထဲ Internet ဆက်သွယ်မှုစနစ်လည်းပေါ်ပေါက်လာခဲ့သည်။ကမ္ဘာကြီးဘယ်လောက် ကျယ်ပါစေ လူတစ်ဦးနှင့်တစ်ဦးဘယ်လောက်ပင်ဝေးကွာနေပါစေ နီးနီးလေးမှာရှိနေသလိုဆက်သွယ်လာနိုင်ခဲ့ ကြသည်။

Internet နှင့်အတူ အလွယ်တကူဆက်သွယ်နိုင်မည့် Software များလည်း များစွာပေါ်ထွက်လာခဲ့သည်။ E-mail, G-mail, G-talk စသဖြင့်ပေါ်ထွက်လာသည်။အစပိုင်းတွင် Computer ဖြင့်သာချိတ်ဆက်သုံးစွဲနိုင်ခဲ့ပြီး ဆက်၍ဆက်၍ တိုးတက်မှုအလျှင်က မြန်ဆန်လှသည်။

iPhone, Smart Phone, Android Phone တို့ဖြင့်ပင် အလွယ်တကူအသုံးပြုနိုင်သလို ဆက်သွယ်ရေးတွင် ပိုမို လွယ်ကူမြန်ဆန်သည့်Viber,Facebook, Instagramကဲ့သို့ application များလည်း များစွာပေါ်ထွက်လာခဲ့ သည်။

ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကလည်း ယင်း ခေတ်မှီဆက်သွယ်ရေးစနစ်နောက်သို့ အမြန်လိုက်ပါခဲ့ကြ သည်။ မြန်မာနိုင်ငံတွင်တော့အသုံးပြုမှုအများဆုံးမှာFacebook ဖြစ်လာသည်။

Facebook အင်ပါယာကြီး ကျယ်ပြန့်လာသည်နှင့်အမျှ တောရောမြို့ပါ၊ဆင်းရဲချမ်းသာမရွေး အားလုံး နီးပါးက အသုံးပြုလာကြသည်။ထို့ကြောင့်ပင် Facebook မှာ တစ်ဦးခြင်းဆီ၏ အမြင်၊လုပ်ဆောင်ချက်၊ စိတ်ခံစားမှုစသဖြင့် တင်ဆက်ရာနေရာဖြစ်လာခဲ့သလို၊အဖွဲ့အစည်းများ၊အသင်းအဖွဲ့များ၊နိုင်ငံရေး ပါတီများနှင့် သတင်းမီဒီယာ များ စသဖြင့် ကိုယ်လိုရာကိုအသုံးပြုနိုင်သည့် ဆက်သွယ်ရေး အင်ပါယာကြီးတစ်ခုဖြစ်လာ တော့ သည်။

မှန်ကန်စွာအသုံးချနိုင်ပါက အကျိုးကျေးဇူးများစွာရနိုင်သလို လွဲမှားစွာ အသုံးချပါကလည်း ပြသနာပေါင်းစုံတို့ ကိုယူဆောင်လာပြီးကြီးမားသောအဖျက်စွမ်းအင်ကိုပိုင်ဆိုင်ထားပြန်သည်။လူပုဂ္ဂိုတစ်ဦးခြင်းမှအစ လူမျိုးစုများ၊ အဖွဲ့အစည်းများ စသည်တို့၏ ဂုဏ်သက္ခာနှင့်လူမှုအကျိုးစီးပွားများကိုပါ ထိခိုက် ဆုံးရှုံး ပျက်စီးစေနိုင်သော အင်ပါယာကြီးလည်းဖြစ်သည်။

ယင်းအင်ပါယာကြီးတွင် တစ်ဦးခြင်းတိုက်ခိုက်မှုများ၊အဖွဲ့လိုက်တိုက်ခိုက်မှုများ၊အကောင့်အတုများနှင့်ညစ်ညမ်း စွာဆဲဆိုမှုများ သတင်းတု၊သတင်းမှားဖြန့်ဝေမှုများ စသည်တို့က နေ့စဉ်နာရီနှင့်အမျှတွေ့နေရမည်ဖြစ်သလို ယင်း Facebook ကြောင့်ပင် အပြန်အလှန်တရားစွဲဆိုကြသည့် အမှုပေါင်းကလည်းနှစ်စဉ်တိုးပွါးလာလျှက်ရှိနေသည်။

ထိုအထဲတွင် သတင်းတု၊သတင်းအမှားများက သတင်းအမှန်ကိုသိလိုသည့် ပြည်သူများ၏အသိကိုယိုင်သွေ မှားယွင်း စေသလို သတင်းအတု၊သတင်းအမှားလွှင့်ခံလိုက်ရသည့် လူ၊ပုဂ္ဂိုနှင့် အဖွဲ့အစည်းတို့အတွက်လည်း များစွာဆုံးရှုံးနစ်နာစေလေသည်။

ယင်းသတင်းအတု သတင်းအမှားများက နိုင်ငံတစ်ခု၏ အရေးကြီးသည့်အချိန်တွင်ပင် ဝင်ရောက် နေရာယူလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေအထွေရွေးကောက်ပွဲကြီးသည် ဒီမိုကရေစီနိုင်ငံသို့ ဦးတည်သွားနေသည့်မြန်မာနိုင်ငံအတွက်များစွာအရေးပါလှသည်။ အဆိုပါအရေးကြီးလှသည့် ရွေးကောက်ပွဲ ကြီး၏ကြိုတင်မဲကာလမှာပင် Facebook အင်ပါယာကြီးတွင် သတင်းများစွာထွက်ပေါ်လာခဲ့သည်။

ထိုအထဲတွင် မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာ၌ ကြိုတင်မဲပေးရာတွင် အငြင်းပွားမှုဖြစ်ခဲ့သည့် သတင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။

အောက်တိုဘာလ(၂၉)ရက်တွင် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများကြိုတင်မဲပေးရာမှစခဲ့ခြင်းဖြစ် သည်။သက်ကြီးရွယ်အိုများအား မဲရုံတာဝန်ရှိသူမှ ကူညီတံဆိပ်တုံးထုနှိပ်ပေးရာမှ တာဝန်ရှိသူက မဲဆန္ဒရှင် နှိပ် ခိုင်းသည့်နေရာတွင်မနှိပ်ပဲ အခြားပါတီတွင် တံဆိပ်တုံးနှိပ်ပေးနေသည်ဆိုသည့်သတင်းထွက်ပေါ်လာခဲ့သည်။

“ရွာမှာ ကြိုတင်မဲပေးတဲ့နေ့က သက်ကြီး ၄၀ လောက်မဲပေးတယ်။ အဲဒီထဲမှာ ၂၅ ဦး လောက် မဲပေးတာနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်တယ်။ မိသားစုဝင်တစ်ဦး လိုက်ပါဆောင် ရွက်ဖို့လုပ်တာမှာ အခြားပါတီရဲ့မဲရုံကိုယ်စားလှယ်က ကန့်ကွက်တယ်။ ဒါကိုရပ်ကျေးကော်မရှင်က ဘာမှမပြောဘဲ သူကိုယ်တိုင် လိုက်ပါဆောင် ရွက်တယ်။ ဆန္ဒပြုခန်းထဲ မဲပေးမဲ့သူနဲ့ အတူ ဝင်ပြီး လိုက်လုပ်ပေးတယ်။တစ်ချို့လူကြီးတွေက ရပ်ကျေးကော်မရှင်ဥက္ကဌ လိုက်လုပ်ပေးနေ တော့ ဒီကောင်ဆိုရင် ကြံ့ခိုင်ရေးပဲ တံဆိပ်ထု မှာပါကွာဆိုပြီး မဲမပေးတော့ဘဲ ပြန်ကြတယ်။ ရွာထဲမှာလည်း အနီတံဆိပ်ထုခိုင်းတာ အစိမ်း ကို တံဆိပ်ထုတယ်ဆိုပြီး သတင်းပြန့်သွား တယ်။ အဲဒီကနေစပြီး ကော်မရှင်နဲ့ပြဿနာ ဖြစ်တာပဲ” ဟု ကျွန်းရင်းရွာမှ ကိုအောင်ခိုင်စိုး က ပြောကြားသည်။

ယင်းကဲ့သို့စတင် အငြင်းပွားရာမှ မဲပေးခြင်းကို ညနေပိုင်းတွင်ရပ်နားထားရပြီး ပေါက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတို့သွားရောက်ဖြေရှင်းကြရာ ကျွန်းရင်းရွာသို့ ညနေ(၆)နာရီကျော်တွင်ရောက်ရှိခဲ့ကြပြီး မကျေနပ်သည့် ဒေသခံလူထု (၃၀၀)ကျော်နီးပါးလောက် စောင့်နေကြသည်ကို တွေ့ရှိရကြောင်း မြို့နယ်ကော်မရှင် တာဝန်ရှိသူ  အမျိုးသမီးကပြောသည်။

ကြိုတင်မဲပေးထားသည်မှာ အယောက်(၄၀)ဦးသာရှိသေးသဖြင့် ယင်း(၄၀)အားအများက မယုံကြည်ဘဲ လက်ခံနိုင်မှုမရှိရင် ပြန်လည်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်ကော်မရှင်ဥက္ကဌမှ ဖြစ်စဉ်ဖြစ်ပွါးနေချိန်မှာ ပြောကြားခဲ့သည်။ ထို့နောက် အမှန်တကယ်လည်း အဆိုပါလူ ၄၀ ကို အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြန်လည်မဲပေးခွင့် ပြုခဲ့သည်။

သို့သော် ဒေသခံများက ယင်းပေးခဲ့ပြီးသားမဲစာအိတ်များအား ၎င်းတို့ရှေ့တွင် ပြန်လည်ဖွင့်ပြရန်သာတောင်း ဆိုနေကြသည်။ဒေသခံများ၏တောင်းဆိုမှုများက ရွေးကောက်ပွဲဥပဒေနှင့်ညီညွတ်မှုမရှိပါ။ရှင်းပြသော်လည်း ဒေသခံများက လက်မခံကြပေ။

ဒေသခံများနားမလည်သည်ကလည်း သူမအတွက်ပြသနာမဟုတ် ဖြေရှင်း၍ရနိုင်သည်။ဖြေရှင်းရန်ခက်ခဲသည့် ပြသနာတစ်ခုက သူမဘဝထဲသို့ဝင်လာခဲ့သည်။

“Facebook အင်ပါယာ”ပင်ဖြစ်တော့သည်။

ဒေသခံများ၏မဲနှင့်ပတ်သက်၍ မကျေနပ်မှုများ သံသယဖြစ်မှုများအားဖြေရှင်းနေစဉ် လာရောက်ကြသည့် ဒေခံ များထဲက တစ်ဦးမှFacebook မှ Live လွှင့်နေခြင်းဖြစ်သည်။

“Live လွှင့်တဲ့သူကလည်း သူကဘယ်လိုပြောပြီးလွှင့်သလဲဆိုတော့ ဒီမှာကတော့မဲမသမာမှု တွေဖြစ်နေပြီ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့စောင့်ကြည့်ရမယ်ဆိုပြီးတော့ ရိုက်ပြတာကကျွန်မ တို့နှစ်ယောက်ကိုရိုက် ပြထားတယ်။”ဟုပေါက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှLive လွှင့်ခြင်းခံရသည့် အရာရှိ အမျိုးသမီးကပြောသည်။

ယင်းကဲ့သို့လွှင့်နေခြင်းကြောင့်  Live လွှင့်သူကြေညာနေသကဲ့သို့ မဲမသမာမှုတွေဖြစ်နေတယ်ဆိုပြီး သူမအား ရိုက်ပြနေခြင်းကြောင့် သူမကပင် မဲမသမာမှုပြုလုပ်သူကဲ့သို့ဖြစ်နေပြီး facebook အင်ပါယာတွင်ကြည့်နေကြ သည့်ပြည်သူများ အကောင့်အတုများမှလည်း ယင်းကဲ့သို့ပင်ယူဆကာ ညစ်ညမ်းသောဆဲဆိုမှုများ ကောမန့်များပျံလွင့် သွားခဲ့သည်။

“Live လွှင့်ပြီးရိုက်ပြတဲ့အခါမှာထင်ယောင်ထင်မှားတွေဖြစ်စေတာ။သတင်းတစ်ခုကိုဂဃနဏမသိဘဲနဲ့။ မသိဘဲနဲ့ ဆိုတာက လွှင့်တဲ့သူကလွှင့်မယ်ဆိုရင်ကျွန်မအမြင်ပေါ့နော်။ကြိုတင်မဲပေးတာနဲ့ပါတ်သတ်ပြီး သံသယတွေ ဖြစ်နေတဲ့အချိန်က (၃)နာရီခွဲ လောက်စဖြစ်တာ။သူတို့အဲမှာတင်ရပ်ဆိုင်းထားတယ်ပေါ့။ ရပ်ဆိုင်းထားပြီးကျွန်မတို့ရောက်တယ် (၆)နာရီခွဲ လောက်ပေါ့။ရောက်တော့အခါကျတော့လွှင့်တဲ့အချိန်မှာလည်း ဂဂနနသူ ပြောပြသင့်တယ်။သူရဲ့ ရည်ရွယ်ချက် ကတော့တခြားရောက်နေတဲ့ရွာသားတွေသိစေချင်လို့ အဲဒီလိုမျိုးလည်းဖြစ်မှာပေါ့နော်။ဒီကျွန်းရင်းမှာတော့ ကြိုတင်မဲပေးတာနဲ့ပါတ်သတ်ပြီး သံသယတွေဖြစ်နေပြီ။အဲတော့ ဖြစ်နေတဲ့အချိန်ကဘယ်ချိန်လောက်က ဖြစ်တာ။သို့သော်လည်းမြို့နယ်ကော်မရှင်ကတာဝန်ရှိတဲ့သူတွေလာရောက်ပြီးဖြေရှင်းနေတယ်။သို့သော်လည်း ရွာသူရွာသား ပြည်သူတွေက တောင်းဆိုနေတယ်။အဲတာကိုမှ တောင်းဆိုတဲ့အချက်ကဥပဒေနဲ့မညီညွှတ် လို့လိုက်လျောပေးနိုင်ခြင်းမရှိဘူးပေါ့နော်။အဲတာကိုမြို့နယ်အုပ်ချုပ်ရေးမှုး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်ကော်မရှင်။ဒီလိုပူးပေါင်းဆောင်ရွက်ပြီး ဒီလိုလုပ်နေတယ်ဆိုတဲ့အကြောင်းအရာကို ပြည့်ပြည့်စုံစုံ ပြောပြီးတော့ Live လွှင့်မယ်ဆိုရင်ပိုကောင်းတာပေါ့။အခုဟာကပါးစပ်ကပြောတယ်မဲမသမာမှုတွေဖြစ်နေတယ်ဆိုပြီးရိုက်ပြတာကကျွန်မတို့ကိုရိုက်ပြပြီးတော့အများကလည်းထင်ယောင်ထင်မှားပေါ့နော်။သူရိုက်ပြလိုက်တဲ့ Live ကနေစပြီးတော့တစ်ချို့ကအစအဆုံးဘယ်သူမှမကြည့်ကြဘူး။လွှင့်နေတဲ့အချိန်ကစပြီးမဲမသမာမှုဖြစ်နေပြီဘယ်လိုရှင်းမယ်မသိဘူးဆိုပြီးဆက်တိုက်ဆဲတဲ့ပို့စ်တွေကတက်လာတာ။”ဟု သတင်းအဖြစ်ဖေါ်ပြရာတွင် သတင်း အမှန်ဖြစ်စေလိုခြင်းကို သတင်းထောက်တစ်ယောက် Live လွှင့်ရာတွင် သတင်းအားတင်ဆက်နေသကဲ့သို့ သူမကဆန္ဒပြင်းပြရှည်လျှားစွာပြောပြသည်။

ယင်းကဲ့သို့ သူမအား Live လွှင့်ခံရသောကြောင့် ညစ်ညမ်းစွာဆဲဆိုမှု များ(အထူးသဖြင့် အကောင့်တုများမှ)မှာ Facebook အင်ပါယာကြီးတွင် ညတွင်းခြင်းပျံလွင့်သွားခဲ့ရသည်ကိုမူ ပြသနာများအား ဖြေရှင်ဆောင်ရွက်နေရ သဖြင့် ညတွင်းခြင်းတော့သူမ  မသိခဲ့ပါ။

အောက်တိုဘာလ(၃၀)ရက် နံနက်တွင်တော့ သူမ ငှားနေသည့်အိမ်မှ အိမ်ငှားအစ်မက လာရောက်ပြောမှသိရ လေသည်။မိမိဇာတိမြေမှတာဝန်ကျရာ ပေါက်မြို့သို့ လာရောက်တာဝန်ထမ်းဆောင်နေသူမို့ ထိုနံနက်မှာပင် မိဘများ၊ညီအစ်ကိုမောင်နှမများ၊ အပေါင်းအသင်းမိတ်ဆွေများထံမှ ဖုန်းတဂွမ်ဂွမ်ဆက်၍ သတင်းများမေးခြင်း ကို မမောနိုင်မပန်းနိုင်ရှင်းပြနေရတော့သည်။

“ဒါကြီးက ဖြစ်စဉ်တစ်ခုလုံးကို ပြောင်းပြန်ကြီး။ဒါကြီးကသက်သက်ကိုတိုက်ခိုက်တာပေါ့နော်”ဟု သူမရှင်းပြခဲ့ရပုံကိုပြောပြသည်။

သူမကိုယ်တိုင်မှာFacebook အား ပုံမှန်ရိုးရိုးသုံးစွဲသူအနေနှင့်သာ သုံးစွဲခဲ့ပြီး Facebookပေါ်တွင်မဟုတ်မမှန် သတင်းလွှင့်ခြင်း၊သတင်းအတု သတင်းအမှားများတင်ခြင်း ရှက်ခွဲခံရခြင်းတို့ ရှိနေခြင်းကို ကြားသိခဲ့ရသော လည်း မိမိကိုယ်တိုင်ယင်းကဲ့သို့ရင်ဆိုင်ရလိမ့်မည်ဟုတော့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပါ။

ထို့ကြောင့်ပင် ဝမ်းနည်းမှုများစွာနှင့်အတူ စိတ်ဓါတ်များလည်းကျဆင်းခဲ့ရသည်။ တဖက်တွင်လည်း နိုင်ငံတော် အတွက်အရေးကြီးသည့်ရွေးကောက်ပွဲကြီးတွင် မိမိတာဝန်များကမပြီးဆုံးသေးပေ။

ထိုအချိန်တွင် သူမအနေနှင့် မိမိတာဝန်အရသော်လည်းကောင်း၊ရွေးကောက်ပွဲဥပဒေအရ သော် လည်းကောင်း မှန်မှန်ကန်ကန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် ယခုဖြစ်ပွားခဲ့သည့် fb မှပြသနာများအား ဂရုမစိုက်ရန် မိမိ၏တာဝန်အား ရဲဝင့်စွာဆက်လက်ထမ်းဆောင်ရန်တို့ကို မြို့နယ်၊ခရိုင်၊တိုင်းအဆင့်တို့မှ အရာရှိများက အားပေးစကားပြော ကြားသဖြင့် သူမအားတတ်လာခဲ့ရသည်။

“ကျွန်မစိတ်ကနည်းနည်းပြောင်းသွားသေးတယ်။စိတ်ကနည်းနည်းပြောင်းသွားသေးတယ်ဆိုတာကစိတ်ကပျော့ချင်လာတာ။  အော် ဒီလိုမျိုးကြီး ဖြစ်လာတာအလုပ်ထွက်ချင်စိတ်တွေ ပေါက်နေတာပေါ့နော်။ ဒီမှာဆက်ပြီး တော့မနေချင်တော့ဘဲ ဖြစ်နေတာကျွန်မကို အလုပ်ထုတ်ပစ်လိုက်ပြီ၊ ဖမ်းခေါ်သွားပြီလို့ အဲဒီလိုတွေ ပြောဆိုနေရတာတွေကြားရပြီး တကယ်လို့ ကျွန်မသာ ဒီအချိန် စိတ်ဓာတ်ပျော့ညံ့ပြီး အလုပ်ထွက်လိုက်ရင် သူတို့ဝေဖန်တိုက်ခိုက်သလို ကောလဟလ သတင်းအမှားကို အမှန်လို့ထင်သွားကြလိမ့်မယ်၊ ကိုယ့်ဘဝကို ကိုယ်သာလျှင် စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်၊လိုတာတွေပဲ ကျွန်မခေါင်းထဲထည့်မယ် မလိုတာတွေမထည့်ဘူး”ဟု သူမ အားတင်းခဲ့ရပုံကိုပြောပြ သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးပိုင်းတွင် တရားစွဲဆိုသွားရန် သူမဆုံးဖြတ်ခဲ့သေးသည်။သို့သော် မကွေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်များ သတင်းမီဒီယာများမှ သတင်းအမှန်များပေါ် ပေါက်လာ ခြင်းတို့ကြောင့် သူမစိတ်အနည်းငယ်တည်ငြိမ်မှုရလာသည်ဟုဆိုသည်။

ထို့ကြောင့်ပင် သူမထမ်းဆောင်ရမည့် ရွေးကောက်ပွဲတာဝန်များအား ပြီးဆုံးသည့်အတိုင်ထမ်းဆောင်နိုင်ခဲ့ သည်။

“ကျွန်မလိုမျိုုး ဘယ်သူ့ ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီးပြောတဲ့သတင်းမှားတွေမကြုံစေ့ချင်ပါဘူး။ တားနိုင်ဖို့ လျော့ပါး သွားဖို့ မျှော်လင့်ပါတယ်။Facebook လိုင်းသုံးနေတဲ့သူတွေက ပြောရလို့ရှိရင်ပညာတတ်တွေလည်း ပါတယ်။ ပညာမတတ်တဲ့သူတွေလည်းပါတယ်။ဒီသတင်းကမှန်ရဲ့လားမှားနေလားသူတို့မသိဘူး။သူတို့ရှယ်ချင်တာလောက်ဘဲသူတို့သိတာ။အဲလိုလူတွေကို ဒီလိုမျိုးမဟုတ်မမှန်သတင်းတွေကနေတစ်ဖက်လူကိုဘယ်လောက် ထိထိခိုက်ခံစားရလဲဆိုတာ အဲ့တာကလည်းကိုယ်တိုင်ကြုံဖူးမှကိုယ်ချင်းစာမှသိတာလေ။ ကျွန်မအနေနဲ့အဲတာလေးတွေကို လျော့ပါးသွားစေ့ချင်ပါတယ်၊ ကျွန်မကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်မကို အမျိုးမျိုးဆဲတဲ့လူတွေကို တချိန်တည်းမှာ တပြိုင်နက်တည်း အတိတ်က ဝဋ်ကြွေး(အကြွေးဟောင်း)တွေဆပ်လိုက်နိုင်တယ်လို့ခံယူပါတယ်”ဟု သူမ၏ဆန္ဒကို ပြောသည်။

ယခုဖြစ်ရပ်သည် Facebook အင်ပါယာကြီးတွင် သတင်းတု၊သတင်းမှားများကြောင့် လူမှုစီးပွားဘဝများ ၊စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နစ်နာမှုဖြစ်စဉ်များစွာထဲကတစ်ခုဖြစ်သည်။ Facebook တွင် အရှက်ခွဲခြင်း၊ခြိမ်းခြောက်ခြင်း၊ သတင်းတု သတင်းမှားများတင်ခြင်းတို့ကြောင့် စိတ်ပိုင်း၊ရုပ်ပိုင်းများစွာနစ်နာမှုများရှိသလို မိမိအသက်ကိုပင်အဆုံးစီရင်သွား သည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။

သို့သော် Facebook အင်ပါယာကြီးတွင် ယင်းကဲ့သို့ သတင်းအတု သတင်းအမှားများ ပပျောက်စေရေး လုပ် ဆောင်နိုင်ရန်မှုကား ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေမည်လား မသိတော့ပေ။

နေအောင်ရေးသားသည်။

သရုပ်ဖော်ပုံ − ကာတွန်းအေကေ