ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်သည့် မင်းဘူးဆေးရုံမှ အပြာဝတ် သူနာပြုတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိ

1234

ဒီဇင်ဘာ ၄၊မင်းဘူး                                                                                                                  The Magway Post

မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒီဇင်ဘာ (၃)ရက်နေ့က ရန်ကုန်သို့ Volunteer သွားရောက်သည့် ကျန်းမာရေးဝန်ထမ်းများထဲမှ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ သူနာပြုတစ်ဦးတွင် Covid-19ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

” အခုတစ်ခေါက် ရန်ကုန်ကို Volunteer အား
ဖြည့်ပေးတဲ့အထဲက မင်းဘူးဆေးရုံက သူနာပြုဆရာမတစ်ဦး ရန်ကုန်ရောက်မှ စစ်ဆေးကြည့်တဲ့အခါ ပိုးတွေ့တာပါ။မကွေးကော မင်းဘူးမှာပါ သူမနဲ့ထိစပ်တွေ လိုက်နေပါပြီ” ဟု မကွေးတိုင်း
ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။

မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒီဇင်ဘာ (၃)ရက်နေ့က ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်သည့် ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်သို့ ရောက်ရှိရာတွင် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ယခုလိုCovid-19 ရောဂါပိုးတွေ့ရှိပြီး အတူသွားရောက်ခဲ့သူများအား ရန်ကုန်တွင် Quarantine ထားရှိထားကြောင်း သိရသည်။

“မနေ့က ကျွန်တော်တို့ဆေးရုံက ဝန်ထမ်း (၃) ဦး ရန်ကုန်သွားတဲ့အထဲပါပါတယ်၊ ဟိုရောက်မှ စစ်ဆေးကြည့်တော့ ပိုးတွေ့တာပါ။ မင်းဘူးဆေးရုံမှာသူနဲ့ ထိစပ်သူများတွေကို Quarantine ထားရှိပြီး အရေးပေါ်စစ်ဆေးလျှက်ရှိနေပါတယ်”ဟု မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က မကွေးပိုစ့်ကို ပြောကြားသည်။
မကွေးတိုင်း မြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းမှား ရန်ကုန်သို့သွားရောက်ကူညီနေသူ စုစုပေါင်း (၁၈၂) ဦး အထိ ရှိခဲ့သည်ဟု မကွေး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)