မြစ်ကျောက်စရစ်ထုတ်လုပ်မှုနှင့် ဧရာဝတီရင်ခွင်ပေါ်ကဘဝများ

386

မြစ်မင်းဧရာ၏အထင်ကရနေရာဖြစ်သည့်စတုတ္ထမြစ်ကျဉ်းတည်ရှိရာအနီးစင်္ကြန်သောင်ကျွန်းကဇရာသို့ချဉ်းနင်း ဝင်ရောက်လာပြီဖြစ်သည်။နှစ်များစွာအကြာတွင်သဘာဝဒဏ်နှင့်သယံဇာတအကြမ်းဖက်သူများကြားမိမိတည်ရှိမှုကိုကျားကန်ထားနေရ၏။စင်္ကြန်သောင်ကျွန်းက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်၊ ဧရာဝတီရေလယ်ကျွန်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နှင့်လည်းထိစပ်နေသည်။

ကျွန်းအနီးတွင်တော့ကျောက်စုပ်မော်တော်များနှင့်ကျောက်တင်ထားသည့် CB တွဲခေါ်ကုန်တင်သင်္ဘောကြီးများ ကကျောက်ချရပ်နားထားကြသည်။ထိုမြင်းကွင်းကိုနေ့စဉ်နီးပါးဆိုသလိုမျက်စိမှိတ်အံကျိတ်ကာကြည့်နေခဲ့ကြရသူများကတော့ ကျွန်းပေါ်တွင်နေထိုင်ကြပြီး မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းကိုသာလုပ်ကိုင်စားသောက်ခဲ့ကြသည့် ဒေသခံတောင်သူများဖြစ်သည်။ နှစ်စဉ်ဆိုသလိုအောက်တိုဘာလသည်ကျောက်စရစ်လုပ်ငန်းများပိတ်သိမ်းထားရချိန်ဖြစ်ကာတစ်လလုံးလုံးမည့် သည့်အကြောင်းနှင့်မျှကျောက်စုပ်ခွင့်ကိုခွင့်မပြုချေ။လာမည့်နှစ်အတွက်ကျောက်စရစ်လုပ်ကွက်များပြန်လည်ချထားပေးရန်အမှုတွဲများတည်ဆောက်ပြီးတာဝန်ရှိသူများကမြစ်ကြောင်းများတွင်ကွင်းဆင်းကာလုပ်ကွက်များချ ထားပေးနိုင်ရေးတိုင်းထွာမှုများပြုလုပ်ချိန်ဖြစ်သည်။

“အောက်တိုဘာ၇ရက်နေ့လောက်ထိကိုစုပ်နေသေးတယ်။သူတို့မော်တော်ကြီးတွေအောက်ကိုပြန်စုန်သွားတာတွေ့တယ်။မော်တော်ကြီးတွေကမ်းကိုကပ်တဲ့အခါမှာလှိုင်းကကျွန်းကိုပြန်ရိုက်တဲ့အတွက်ကမ်းတွေကတဝုန်းဝုန်းနဲ့ပြိုကျပျက်စီးကုန်တယ်။” ဟုစင်္ကြန်သောင်ကျွန်းလုပ်စားမြေ ကြီးကြပ်ရေးတာဝန်ခံဦးလှကိုကပြောသည်။

လုပ်ငန်းရှင်များပိတ်သိမ်းထားသည့်လမှာပင်ကျောက်ခိုးစုပ်မှုများပေါ်ပေါ်ထင်ထင်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျွန်းတောင်သူများကဓါတ်ပုံမှတ်တမ်းအထောက်အထားများဖြင့်ပြသခဲ့ကြသလိုရေယာဉ်မောင်းများနှင့်ခရီးသွား များကလည်းမြင်တွေ့ခဲ့ကြောင်းပြောဆိုကြသည်။

ထိုအဖြစ်များကအထူးအဆန်းလုပ်ပြောနေကြရသည့်ဖြစ်စဉ်များမဟုတ်တော့သလိုယခင်နှစ်များကလည်းတရားမဝင်ကျောက်ခိုးစုပ်မှုများလုပ်ကွက်ကျော်စုပ်ယူမှုများခွင့်ပြုထားသည့်ပမာဏထက်ကျော်လွန်စုပ်ယူမှုများကြောင့်တိုင်တန်းမှုများနှင့်ကန့်ကွက်မှုများရှိခဲ့ဖူးသည်။

ပျောက်ကွယ်လုလုဖြစ်နေသည့်စင်္ကြန်သောင်ကျွန်းနှင့်အလားတူညီနောင်ဖွားမြေနုကျွန်းများလည်းရှိနေပြီးပျောက်ကွယ်ခဲ့ကြရသည့်အထင်ကရမြေနုကျွန်းကြီးများလည်းရှိခဲ့သည်။ထိုကာလများကိုပြန်ပြောင်းပြောပြရန်အတွက် ကျွန်းကိုစွန့်ခွာခဲ့ရသူများတွင် မိသားစုစားဝတ်နေရေးဒုက္ခဒဏ်ရာများ မကျက်ကြသေးဟုကျွန်း တောင်သူများ ကပြောသည်။

ဧရာဝတီ၏သားသမီးမြေးမြစ်တို့လျှောက်ခဲ့ရာလမ်း

ဧရာဝတီမြစ်သည်မြန်မာနိုင်ငံ၏အသက်သွေးကြောတမျှအရေးကြီးသည်ဆိုလျှင် မည်သူမှငြင်းမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင်ဧရာဝတီမြစ်ဝှမ်းဒေသအတွင်းပြည်သူလူထု၃၄သန်းမှီခိုနေထိုင်ကြပြီးနိုင်ငံလူဦးရေ၏သုံးပုံနှစ်ပုံ ခန့်ဖြစ်ကြောင်း WWF-Myanmar((World Wide Fund for Nature) မှထုတ်ပြန်ထားသည်။နိုင်ငံကုန်းမြေ၏၆၁% လွှမ်းခြုံမှုရှိသည့်ဧရာဝတီသည် မြန်မာနိုင်ငံတွင် စီးပွားရေးအအရေးပါဆုံးမြစ်လည်းဖြစ်သည်။ နိုင်ငံအတွက်မြစ်မှ ပံ့ပိုးပေးသောဝန်ဆောင်မှု ပမာဏသည် နှစ်စဉ်အမေရိကန်ဒေါ်လာ၂ဘီလီယံမှ၇ဘီလီယံထိရှိကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

တကယ်တော့မြစ်မင်းဧရာသည်သူ့၏သားသမီးမြေးမြစ်များအပေါ်ထိုထက်ပိုခဲ့ပါသည်။မြစ်မင်းနှင့်အတူသဘာဝအတိုင်းမိရိုးဖလာနေထိုင်လုပ်ကိုင်စားသောက်လာခဲ့ကြသူများလည်းရှိခဲ့သလိုမြစ်ကိုအကြောင်းပြု၍ကိုယ်ကျိုးစီးပွားအတွက်အမျိုးအစားစုံလင်လှသောသယံဇာတများကိုတရားမဝင် အကြမ်းဖက်ထုတ်ယူနေ သူများလည်း မြစ်ကြောင်းတစ်လျှောက်ရှိနေသည်။

ထိုလောဘသားကောင်များထဲတွင်မြစ်သဲကျောက်စုပ်လုပ်ငန်းများလည်းပါဝင်နေသည်။ထိုလုပ်ငန်းများက မြစ်မင်းဧရာ၏ သဘာဝအလှနှင့် သဘာဝအတိုင်းစီးဆင်းမှုကိုပျက်စီးစေပြီး မြစ်ကြောင်းပြောင်းလဲခြင်း၊ကမ်းပြို၊ ကမ်းစားဖြစ်ခြင်း မြေနုကျွန်းကြီးများပျောက်ဆုံးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအဖွဲ့များက ထောက်ပြပြောဆိုခဲ့ကြသည်။

ဧရာဝတီသည်စီးဆင်းရင်းတိုက်စားလာသည်များထဲမှကျောက်စရစ်အများစုကိုမကွေးတိုင်း၊ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းအစပ်တို့တွင်ပို့ချသွားခဲ့သလိုယင်းနေရာဒေသတစ်ဝိုက်တွင်အသုံးပြုရန်အကောင်းဆုံးနှင့်အရည်အသွေးပြည့်မီလှသည့်ကျောက်စရစ်နှင့်သဲများကိုအများအပြားရရှိသည်ဟုပြည်ခရိုင်မိုးလေဝသနှင့်ဇလဗေဒဦးစီးမှူး ဦးအောင်မြင့်ကြည်ကဆိုသည်။

“တဖြေးဖြေးတိုက်စားလာရာကနေသေးသေးလာပြီးအနေတော်ဖြစ်လာတဲ့ကျောက်စရစ်တွေကမကွေး၊ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်ကကြံခင်းမြန်အောင်၊ဟင်္သာတအထိပေါ့အများအပြားရှိတဲ့အဲအထက်မှာလည်းအဲလောက်မရှိသလိုမတွင်ကျယ်၊အောက်မှာဆိုရင်လည်းဇလွန်အောက်ဘက်ဆိုနုန်းများလာတယ်အောက်ကိုထပ်ရောက်သွားတော့ဒီရေအဝင်အထွက်အတက်အကျရှိလာတယ်။ဒါကြောင့်ဒီဒေသတစ်ဝိုက်မှာကျောက်စရစ်စုပ်လုပ်ငန်းတွေများနေတာပေါ့” ဟု ဦးအောင်မြင့်ကြည်ကပြောသည်။

 

ယခင်ကဧရာဝတီမြစ်အတွင်းတည်ရှိနေသည့်ရေလယ်ကျွန်းများစွာရှိပြီးအချို့ကကျွန်းကြီးများပေါ်တွင်ကျေးရွာ ကြီးများတည်ထောင်ကာဆယ့်နှစ်လရာသီပတ်လုံးလူများနေထိုင်ခဲ့ကြသည်။အချို့ကျွန်းများမှာမြေနုကျွန်းများ အဖြစ်မြစ်ရေကျသွားချိန်တွင်ပြန်လည်ပေါ်လာပြီးမြေဆီသြဇာကောင်းမွန်လှသည့်နုန်းတင်မြေနုတို့ဖြင့်ပြည့်ဝကာစိုက်ပျိုးရေးကိုဖြစ်ထွန်းစေသည်။ ယင်းကျွန်းများပေါ်တွင်ခရမ်းချဉ်၊ပဲအမျိုးမျိုး၊နှမ်း၊ဗူး၊သခွါး၊ဖရဲ၊ပြောင်းဖူးပန်းမျိုးစုံ၊မုန်လာ၊ကြက်သွန်၊ငရုပ်နှင့်အ ခြားစားသောက်ကုန်သီးနှံများကိုအောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ကြသလိုမြန်မာပြည်တနှံတလျားသို့ပို့ဆောင်ကာတောင်သူများ၏လူမှုဘဝစီးပွားနှင့်ပညာရေးတို့ကိုပါဖြည့်ဆည်းနိုင်ခဲ့ကြသည်။

“ကျွန်းပေါ်မှာတော့မိရိုးဖလာပေါ့စီးပွားရေးတွေအဆင်ပြေတယ်အိမ်ကြီးအိမ်ကောင်းတွေနဲ့နေကြထိုင်ကြရတယ်။အလှူကြီးတွေပေးကြတာ။မြို့ပေါ်ကလူတွေတောင်လာစားကြရတယ်။ဆိုင်းဆိုစိန်စတင်းတို့ဘာတို့နဲ့လှူကြတာစီးပွားရေးတွေပြေလည်ကြတာပေါ့။ဒီနေ့ဒီအချိန်ဒီဘက်ကိုရောက်လာတဲ့အချိန်မှာတော့အိမ်ကြီးအိမ်ကောင်းမရှိတော့ဘူးစီးပွားရေးချွတ်ခြုံကျသွားတယ်။ဆန်စက်ဆီစက်မှာလုပ်ကြရတယ်။ဒီနေ့အချိန်ထိပဲတစ်ချို့မိသားစုမှာအဆင်မပြေတာတွေရှိတယ်။” ဟုမင်းတဲကျွန်းအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းဦးသိန်းထွန်းကပြောသည်။

မင်းတဲကျွန်းမှာဧရာဝတီမြစ်ရေလယ်ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်တွင်တည်ရှိခဲ့ခြင်းဖြစ်ပြီး၂၀၀၀-ခုနှစ်တွင်ရေအောက်နစ်မြုပ်ပျောက်ကွယ်ခဲ့ရခြင်းဖြစ်သည်။ယင်းကျွန်းကြီးနှင့်အတူ တစပ်တည်းရှိနေသည့် စစ်ကိုင်းကျွန်းမှာမှာ၁၉၉၉ခုနှစ်ကပြိုကျခဲ့ကာရွာသစ်ကုန်းကျွန်းမှာလည်းပြိုကျခဲ့သည်။

ယင်းကျွန်းကြီးသုံးခုပေါင်းတွင် နေထိုင်ကြသည့် အိမ်ခြေ(၃၀၀) နီးပါး၊မူလတန်းစာသင်ကျောင်း(၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများရွေ့ပြောင်းခဲ့ကြရသည်။သယ်ယူရွှေ့ပြောင်းနိုင်ခြင်းမရှိသည့်စေတီတစ်ဆူမှာမူမြစ်အတွင်းပြိုကျပျက်စီးသွားသည်ဟုဒေသခံများကပြောသည်။

“ရွှေ့ပြောင်းတဲ့အချိန်မှာလုပ်စားမြေလည်းမရှိတော့ဘူးပေါ့။အဲအခါကြတော့ဆန်စက်တွေဆီစက်တွေမှာလုပ်ကိုင်စားသောက်လာခဲ့ရတာကဒီနေ့ထိပဲပြောပါတော့။နောက်ထပ်ပေါ်ထွန်းလာတဲ့ကျွန်းကလည်းအငြင်းပွားမှုတွေဖြစ်နေတယ်။ဝေပေးတော့ကျွန်တော်တို့မင်းတဲအပိုင်ကြီးမဟုတ်ပဲအခြားရွာတွေကိုခွဲပေးရတယ်။တစ်ဧကကိုငါးယောက်လောက်လုပ်ကိုင်စားရတဲ့အနေအထားကြတော့စီးပွားရေးချို့တဲ့သူများတာပေါ့။အခုချိန်ထိကျွန်တော်တို့တောင်သူတွေကတော့ခံစားနေကြရတုန်းပေါ့။ပြိုကျတုန်းကဆိုရွေ့ပြောင်းမြေနေရာမရှိဆောက်စရာမရှိသူတွေကအရှေ့ဘက်ကမ်းကဘုရားဇရပ်တွေမှာတဲထိုးကိုနေခဲ့ကြရတာ” ဟုဦးသိန်းထွန်းကပြောသည်။

ယင်းဖြစ်စဉ်နှင့်ဆင်တူဖြစ်စဉ်များကကျောက်စရစ်စုပ်လုပ်ငန်းများအများအပြားလုပ်ကိုင်ရာမကွေးတိုင်း၊ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းအစပ်တို့တွင်များစွာဖြစ်ပွားခဲ့သည်။အိမ်ခြေယာခြေမဲ့သွားသူများ၊ပညာရေးတစ်ပိုင်းတစ်စဖြင့်လုပ်ငန်းခွင်ဝင်ခဲ့ကြရသူများ၊စိုက်ပျိုးမြေမရှိတော့၍စာရင်းငှားဘဝရောက်ခဲ့ရသည်အထိရင်ဆိုင်ခဲ့ကြရသည်။

ထို့အတူ၎င်းတို့စနစ်တကျပြုစုပျိုးထောင်စိုက်ပျိုးပုံဖော်ခဲ့သည့်စိုက်ခင်းသစ်ပင်များအိမ်မွေးတိရိစ္ဆာန်များနှင့်ကိုးကွယ်ယုံကြည်ရာဘာသာရေးအဆောက်အအုံ၊မိဘတို့ခေါင်းချခဲ့ရာသင်္ဂျိုင်းမြေများလည်းဆုံးရှုံးမှုတွင်ပါဝင်ခဲ့သည်။ယင်းဘဝဒုက္ခဖြစ်စဉ်များကြောင့်အစားထိုးကုစားမရသည့်စိတ်ထိခိုက်ခံစားချက်တို့ ဘယ်မျှလောက်ရှိခဲ့ မည်ဆို တာကို တော့ ပြောပြရခက်ခဲပေလိမ့်မည်။

ပြောင်းရွေ့နေရသည့်နှစ်ပေါင်းနှစ်ဆယ်မရပ်တန့်သေး

ပြောင်းလဲလာနေသည့်မြစ်ရေစီးကြောင်းများနှင့်အတူကမ်းပြိုကမ်းစားမှုများကနှစ်စဉ်ဆိုသလိုဖြစ်ပွားလျှက်ရှိနေကြောင်းဒေသခံများကပြောသည်။အချို့ကျွန်းများကွယ်ပျောက်သွားသလို၊အချို့ရေလမ်းကြောင်းများသောင်ထွန်းသွားသည်။မြေနုကျွန်းများပျောက်ကွယ်သွားသည်။အချို့မြေနုကျွန်းများကစိုက်ပျိုးမရအောင်သဲသောင်ထွန်းသွားသည်။မြစ်ကမ်းပါးပြိုကျမှုကြောင့်ရွှေ့ပြောင်းနေရသည့်ဒေသခံများ၏ဒုက္ခကတော့နှစ်စဉ်နှင့်အမျှမရပ်သေးပေ။

သဘာဝအရကမ်းပြိုကမ်းစားမှုများကယခင်ကတည်းကရှိခဲ့ဘူးသည်။ သို့သော် ကျောက်စရစ်စုပ်လုပ်ငန်းများ အပါအဝင်ဒေသဖွံ့ဖြိုးရေးနှင့်မြစ်ကူးတံတားများတည်ဆောက်ခြင်းကြောင့်ရေကြောင်းပြောင်းလဲကာမြစ်ရေတိုက်စားမှုများဖြစ်လာပြီးရေလယ်ကျွန်းများပျောက်ကွယ်မှုနှင့်ရွှေ့ပြောင်းနေထိုင်ရခဲ့ရမှုများက၂၀၀၀ခုနှစ်ဝန်းကျင်ခန့်ကစတင်ခဲ့သည်။

၂၀၁၀ခုနှစ်နှောင်ပိုင်းကာလများတွင်ပိုမိုဆိုးရွားစွာထိခိုက်ဆုံးရှုံးခဲ့ရပြီးနှစ်စဉ်ဆိုသလိုကျွန်းများနှင့်ကမ်းပါးနေဒေသခံများရွှေ့ပြောင်းမှုများလည်းခပ်စိပ်စိပ်ဖြစ်လာခဲ့သည်မှာ၂၀၂၀ခုနှစ်လလယ်ပိုင်းထိဖြစ်ပွားခဲ့ကြောင်းဒေသခံ များ၊လွှတ်တော်ကိုယ်စားလှယ်များနှင့်ထောက်ပံ့ကူညီပေးခဲ့ရသည့်အဖွဲ့အစည်းများက ဆိုသည်။

“အတော်များများကိုပြိုနေတာပါ။ ဧက လေးငါးရာအထက်မှာကိုရှိတယ်။ ကြက်သွန်၊ ငရုပ်၊ ပြောင်းတွေပေါ့။ သုံးသီးလောက်စားခဲ့ရတာကနေ လုပ်စားမြေပါသွားကြတော့ အနိမ့်ပိုင်းသူတွေက တစ်ရာသီပဲစားကြ ရတော့တာပေါ့။ လုပ်စားမြေလုံးလုံးမရှိတဲ့သူတွေကတော့ တစ်ချို့လည်းလက်သမားဆင်း၊ ပန်းရံဆင်းပေါ့။ စီးပွားရေး စားဝတ်နေရေးတွေခက်ခဲကုန်ကြတယ်။” ဟု ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာမှ ကိုခင်မောင်သန်းကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းရွာ လုပ်စားမြေ ဧက (၄၀၀) ကျော်မှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိပြိုကျပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။ ယင်းအပြင်မိန်းမလှကျွန်း၊ ကံသာကျေးရွာ တို့ရှိနေအိမ်များမှာလည်း ၂၀၁၅ ခုနှစ်ကစတင်က ရွေ့ပြောင်းခဲ့ကြရသည်။

မကွေးမြို့နယ်အတွင်းရှိ ရုံးဆိပ်၊ ကျွန်းလေး၊ ထုံးမကျီးကျေးရွာတို့လည်း ရွေ့ပြောင်းခဲ့ကြရပြီး၊ မင်းလှမြို့နယ်၊ သရက်မြို့နယ်နှင့် ကံမမြို့နယ်ရေလယ်ကျွန်းမှာလည်း ၂၀၂၀ ခုနှစ်အထိ ကမ်းပြိုကမ်းစားမှုများကြောင့် ရွေ့ပြောင်းကြရန် ညှိုနှိုင်းမှုများပြုလုပ်နေကြရသည်။ ကံမမြို့နယ်၊ ဝဲကြီးကျေးရွာတွင်လည်း ၂၀၁၇ ခုနှစ်က ကျောက်စရစ်စုပ်လုပ်ငန်းများကိုကန့်ကွက်ကြောင်း ဒေသခံ(၉၀) ကျော်က လက်မှတ်ထိုးတိုင်ကြားခဲ့သည်။

“ရေလယ်ကျွန်းကအထက်ပိုင်းမှာတော့အောင်လံဘက်ပိုင်းကမြစ်ကျောက်စုပ်တာတွေရှိတာပေါ့။အဲတာတွေကိုလိုက်ဖမ်းတော့တိုင်ကြတာပေါ့ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘူးကံမဘက်လိုလို၊အောင်လံဘက်လိုလို။ အဲ့ဒါမျိုးတွေဖြစ်ပြီးထိရောက်မှုအားနည်းတာပေါ့။အခုလောလောဆယ်ကျောက်စုပ်နားထားတယ်။ဒါပေမယ့် ခိုးစုပ်တာတွေရှိတာပေါ့။ပုထိုးဆိုတာအခုဖြစ်တဲ့ရွာနဲ့မဝေးဘူးတစ်မိုင်လောက်ပဲဝေးတယ်။အဲအထက်ကနေစုပ် တာရှိတယ်။ရွာသားတွေကသွားပြီးတိုင်တော့ကံမဘက်ကရဲတွေကဖမ်းမရဘူးအောင်လံဘက်ခြမ်းဖက်ရောက်နေတယ်ဒါမျိုးပေါ့။” ဟု ကံမမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကပြောသည်။

အဆိုပါရေလယ်ကျွန်းတွင် လူဦးရေ(၂၀၀) ခန့်နေထိုင်နေသည့် အိမ်ခြေ(၅၇) အိမ် ရှိပြီး မူလတန်းကျောင်း တစ်ကျောင်းလည်းရှိကာ စာသင်ကျောင်းမှာလည်း ရွေ့ပြောင်းရမည့်အခြေအနေတွင် ရှိနေသည်။ ဒေသခံများအစုလိုက် ရွေ့ပြောင်းနိုင်စေဖို့ ယခုနှစ်အောက်တိုဘာလဆန်းက ညှိနိုင်းနေခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်းကမ်းပြိုကမ်းစားနှင့်ကျွန်းများပျောက်ဆုံးသွားမှုက အများဆုံးဖြစ်ပွား ခဲ့သည်။ ၁၉၉၇-၉၈ ခုနှစ်များတွင် ရေလယ်ကျွန်းကြီးဖြစ်သော မင်းတဲကျွန်းမှာ ကမ်းပါးပြိုကမ်းစားမှုဒဏ်ကိုခံစား ခဲ့ရပြီး သုံးနှစ်အကြာ ၁၉၉၉ ခုနှစ်တွင် စစ်ကိုင်းကျွန်း ၂၀၀၀ ခုနှစ်တွင် မင်းတဲကျွန်းနှင့် ရွာသစ်ကျွန်းတို့ဆက်တိုက် ဆိုသလိုပြိုကျပျောက်ကွယ်သွားခဲ့ရသည်။

၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပြည်ခရိုင် ရွှေတောင်၊ ပန်းတောင်းမြို့နယ်များအတွင်း ကမ်းပြိုကမ်းစားမှုနှင့် ကျွန်းများပျောက်ဆုံးမှုကြောင့် ရွေ့ပြောင်းခဲ့ရသည့် နေအိမ်(၅၀၀) ကျော်ခဲ့ရှိခဲ့ပြီး လုပ်စားမြေဧက ၅၀၀၀ နီးပါးခန့် ပျောက်ဆုံးခဲ့ကြောင်း လိုက်ပါကူညီခဲ့သည့် နိုင်ငံရေးလုပ်ရှားတက်ကြွသူများ၏ စစ်တမ်းများအရ သိရသည်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် ရေလယ်ကျွန်းတွင် အိမ်ခြေ ၁၆၀ ကျော်ရွှေ့ခဲ့ရကာ ၂၀၁၂ ခုနှစ်တွင်လည်း တဲတန်းကျေးရွာနှင့် ကျောင်းကုန်းရွာနေအိမ် များရွေ့ပြောင်းခဲ့ရသေးကြောင်း ဒေသခံများက ပြောသည်။

“ကမ်းပါးပြိုပြီးဆိုတော်တော်ကြောက်ဖို့ကောင်းတယ်။ မြစ်ကမ်းမပြိုတော့ဘူးဆိုရေငြိမ်နေတယ်။ မြစ်ကမ်းပြိုပြီဆိုဒလဟောထိုးစီးပြီးဝါးလုံးနဲ့ထိုးမျောလိုက်သလိုပဲ ကမ်းပါးဆိုတာ တဝုန်းဝုန်းပဲ တစ်နေ့ကိုသုံးခါလောက်ပြိုတယ် တစ်ခါပြိုရင်ကိုက်ငါးဆယ်လောက်တစ်သီကြီးပြိုတာ။ အဲဒါကြောင့် ကျွန်းက သုံးနှစ်ထဲနဲ့တစ်သီချည်းပြိုတာပေါ့ လက်ပံပင်ကြီးတွေဆိုအကြီးကြီးတွေ ပါသွားတာ။” ဟု နေအိမ်ရွေ့ပြောင်းခဲ့ရသည့် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းရွာခံတစ်ဦးကပြောသည်။

မြစ်မင်းဧရာကို မိရိုးဖလာမီခိုနေထိုင်ကြသည့် သားသမီးမြေမြစ် မိသားစုတို့၏ဘဝများအတွက် ရာဇဝင်များရဲ့သ တိုးသမီးက ဒဏ်ရာဒဏ်ချက် များစွာနှင့်ရုံးကန်ရပ်တည် တိုက်ပွဲဝင်နေရပြီဖြစ်သည်။ယင်းဒဏ်ရာ ဒဏ်ချက်များအား အချိန်မှီကုစားရမည့်အစား ဆက်လက်တိုက်ခိုက်နေပါက မြစ်ဧရာနှင့်အတူ ဘဝများစွာတို့ ဆုံးရှုံးနေရအုန်းမည်ဖြစ်တော့သည်။

စိမ်းလန်း(အောင်ပင်လယ်)(Magway Post) ရေးသားသည်။