မျိုးစပါး တင်းပေါင်းတစ်သောင်းနှစ်ထောင်ကျော် သိုလှောင်ထားဟု မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးတာ၀န်ရှိသူပြော

284

ဇန်နဝါရီ(၂၀)၊မင်းဘူး
The Magway Post

မကွေးတိုင်း မင်းဘူး/စကုမြို့နယ်အတွင်းရှိ ၂၀၂၁ခုနှစ်၊ နွေစပါး၊ မိုးစပါးစိုက်ပျိုးတောင်သူများ မျိုးအလွယ်တကူရရှိစေရန် မျိုးစပါးတင်းပေါင်း‌တစ်သောင်းနှစ်ထောင်ကျော်သိုလှောင်ထားရှိကြောင်း မင်းဘူး/စကုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

” ယခင်နှစ်ကတော့ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မျိုးစပါး (၄၈၀၀) တင်း သိုလှောင်နိူင်ခဲ့ပါတယ်၊ ယခုနှစ်မှာ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းမှ မျိုးစပါး (၁၂၁၅၀)တင်း သိုလှောင်ထားပြီးဖြစ်ပါတယ်၊ ဒေသခံတောင်သူတွေ စပါးစိုက်ပျိုးရာသီကာလတွေမှာ စပါးမျိုးကောင်း၊မျိုးသန့်တွေအလွယ်တကူရရှိစေဖို့ ရည်ရွယ်ပြီး
သိုလှောင်ထားရှိတာပါ”ဟု မင်းဘူး/စကုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးသိန်းနိူင်ဝင်းက ပြောသည်။

​ သိုလှောင်ထားသည့် စပါးမျိုးများမှာ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခနှင့် ပခန်းရွှေဝါမျိုးများဖြစ်ကြောင်း သိရသည်။

“မြို့နယ်စိုက်ပျိုးရေးဦးစီးဌာက သိုလှေင်ရုံမှာ စပါးတင်းပေါင်း(၄၅၀၀)တင်းကို တစ်တင်းခွဲအိတ်များတွေနဲ့ထည့်ပြီး သိုလှောင်ထားရှိပါတယ်၊ ကျန်တဲ့ မျိုးစပါးတွေကို အကျိုးဆောင်တောင်သူတွေရဲ့နေအိမ်စပါးကျီတွေမှာ မျိုးစပါးတင်းပေါင်းခုနှစ်‌ထောင်ကျော် ကို အသင့်သိုလှောင်ပြီးဖြစ်ပါတယ်”ဟု ဦးစီးမှုးဦးသိန်းနိူင်ဝင်းက ဆိုသည်။​

မျိုးစေ့ထုတ်လုပ်ကာ သိုလှောင်ထားသည့် စပါးမျိုးများမှ လာမည့်နွေစပါးစိုက်ရာသီတွင် မနောသုခမျိုး၊ ဆင်းသုခမျိုး၊ ပခန်းရွှေဝါမျိုးများကို နွေစပါးစိုက်ပျိုးမည့်တောင်သူများထံ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး ဧရာမင်းစပါးမျိုးကို မိုးစပါးစိုက်မည့်ရာသီမှာ တောင်သူများကို ဖြန့်ဖြူးပေးဖို့စီစဉ်ထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ကိုဗစ်စီးပွား‌ရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း စိုက်ဧက (၇၀၀) ကို ကျေးရွာအုပ်စုပေါင်း(၂၅)အုပ်စုမှ တောင်သူပေါင်း (၁၃၈)ဦးနှင့် စိုက်ပျိုးဆောင်ရွက်ခဲ့ပြီးကိုဗစ်စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သည့် တောင်သူများကို စပါးစိုက်(၁)ဧကလျှင်ငွေကျပ်(၁သိန်းခွဲ)ခန့်ကို နိူင်ငံတော်မှထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အကျိုးဆောင်တောင်သူ (၁၃၈)ဦး၏ စပါးစိုက်ဧက(၇၀၀)အတွက် သိန်းတစ်ထောင်ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)