မကွေး ဆောင်းမြေပဲပေါ်ချိန်မှာ တရုတ်ဘက်ကဝယ်လိုအားရှိသည့်အတွက် စျေးကောင်းရရှိနိုင်ဟုဆို

508

အောက်တိုဘာ ၁၄၊မကွေး

မကွေးတိုင်းအတွင်းမှထွက်သည့် မြေပဲဆန်များကို တရုတ်ဘက်မှ တစ်နှစ်ပတ်လုံးဝယ်လိုအားရှိသည့်အတွက် ယခုနှစ် ဆောင်းမြေပဲပေါ်ချိန်တွင် စျေးကောင်းရရှိနိုင်သည်ဟုမကွေးကုန်စည်ဒိုင်မှသိရသည်။ မကွေးတိုင်းက မိုးမြေပဲပေါ်ချိန်တွင်လည်းတရုတ်ဘက်က ဝယ်ယူမှုရှိခဲ့သည်အတွက်မြေပဲလုံးဆန်အနီ တစ်ပိသာ ၃၁၀၀ကျပ်ဝန်းကျင်၊ မြေပဲလုံးဆန်အဖြူ တစ်ပိသာကို၂၈၀၀ကျပ်ဝန်းကျင် စျေးအထိရောင်းချခဲ့ရပြီး အောက်တိုဘာလဆန်းပိုင်းကလမ်းခရီးအခက်အခဲများကြောင့် စျေးအနည်းငယ်ကျဆင်းခဲ့သည်ဟု မကွေးကုန်စည်ဒိုင်ဥက္ကဌဦးကျော်ထွန်းက ပြောသည်။ “အခုရက်ပိုင်းမှာ မိုး​မြေပဲကလည်းရောင်းကုန်ပစ္စည်းကုန်ခါနီးပြီလေ၊ မိုးနဲ့ဆောင်းကြားမှာ စိုက်ပျိုးထားတဲ့ကြားမြေပဲနဲ့ဆောင်းမြေပဲပေါ်တဲ့ ရာသီရောက်တော့မှာဖြစ်တယ်၊ မိုးမြေပဲထက်စာရင် ဆောင်းမြေပဲက အရည်အသွေးကောင်းသလို တရုတ်ဘက်ကလည်း ဝယ်လိုအားရှိတဲ့ အတွက် စျေးကောင်းရရှိနိုင်တယ်”ဟု ကုန်စည်ဒိုင်ဥက္ကဌဦးကျော်ထွန်းက ဆိုသည်။ မကွေးတိုင်းကထွက်ရှိသည့် မြေပဲနှင့်နှမ်းများကို တရုတ်ဘက်က ဝယ်လိုအားရှိသည့်အတွက် မြန်မာနိုင်ငံဘက်ကနေ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေမည်ဆိုပါက စျေးကောင်းရရှိဖို့ အလားအလာများရှိနေကြောင်း ကုန်သည်များက သုံးသပ်ကြသည်။ အခုလက်ရှိတွင် မြေပဲလုံးဆန်တစ်ပိသာကို ကျပ်၃ထောင်ကျော်ဝန်းကျင်၊ စမုံနှမ်းနက် သုံးတင်းဝင်တစ်အိတ်ကို ကျပ်၂သိန်းဝန်းကျင်၊ နှမ်းအဖြူသုံးတင်းဝင်တစ်အိတ်ကို ကျပ်၁သိန်း ၁သောင်းကျော်ဝန်းကျင် စျေးဖြင့် အရောင်းအ ဝယ်ပြုလုပ်နေကြကာ ကိုဗစ်ကာလဖြစ်သည့်အတွက် တရုတ်ဘက်ကို ပို့သည့်ကုန်ပစ္စည်းတင်ယာဥ်များ၏ ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များကို ကျန်းမာရေးထောက်ခံချက်များနှင့် သွားလာနေကြရသည်ဟုမကွေးကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များက ပြောသည်။

သတင်းနှင့်ဓာတ်ပုံ – တင်ရွှေ(မင်းဘူး)