မကွေးမြို့မှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာဆုံးပါး၊ ကိုဗစ် ၁၉ ကူးစက်မှုဂရုပြုရန် တာဝန်ရှိသူများတိုက်တွန်း

45

အောက်တိုဘာ ၅၊ မကွေး

မကွေးမြို့ သိင်္ဂါရပ်ကွက်မှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာအဘိုးသည် ယနေ့နံနက်ပိုင်းက ဆုံးပါးသွားခဲ့ကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှုးဦးသက်လွင်က မကွေးပိုစ့်သို့ အတည်ပြုပြောသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၇၂ နှစ်အရွယ်ရှိအဆိုပါ အမျိုးသားသည် လေဖြတ်ရောဂါအခံရှိသူဖြစ်သည်။ အဆိုပါအမျိုးသားသည် အောက်တိုဘာလ ၂၉ ရက်နေ့က သိင်္ဂါရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့သွားရောက်၍ ကြိုတင်မဲပေးခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် လေဖြတ်ရောဂါဖြင့် မကွေးတိုင်းဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

“အသက်အရွယ်ကြီးသူဖြစ်တာရယ်၊ COVID-19 positive ဖြစ်နေတာရယ်၊လေဖြတ်‌ရောဂါအခံရှိသူဖြစ်တာတို့ကြောင့်နှလုံးခုန်၊ အသက်ရှုရပ်၍ သေဆုံးရခြင်းဖြစ် တယ်”ဟု မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါ်ဝင်းဝင်းဌေးက ပြောသည်။

အဆိုပါအမျိုးသားတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ၎င်းနှင့်ထိစပ်ခဲ့သည့် မိသားစုများနှင့် မဲရုံတာဝန်ရှိသူများအား ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ ၎င်းအမျိုးသား၏မိသားစု (၃)ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသက်လွင်မှဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် ကော်မရှင် ရုံးအား ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု ဦးသက်လွင်မှ ပြောသည်။

“သူမဲပေးတဲ့ ၂၉ ရက်နေ့က လူတွေကတအားမများဘူးလို့သိရတယ်။ သူက ၂ရက်နေ့မှ ဆေးရုံပြန် တက်တာ ဒီကြားထဲ မာမာချာချာရှိနေတဲ့သဘောပဲ၊သူ့မိသားစုထဲမှာက သူ့ဇနီးနဲ့ နောက်တစ်ယောက် ထပ်တွေ့တယ်၊ဒီအတွက် သူ့မိသားစုထဲမှာတော့ ကွန်တက်ရှိနေနိုင်တယ်၊ကော်မရှင်အဖွဲ့ခွဲတွေ ကိုလည်း NHL အဖြေရတဲ့အထိ စစ်ဖို့လိုတယ်လို့ထင်တယ်။RTD က ၇၂ နာရီပဲသေချာတယ် silent ဖြစ်နေရင်မဖေါ်နိုင်ဘူး၊ NHL စက်ကတော့ ဖော်နိုင်တယ်၊NHL မှာတစ်ချက်ထပ်စစ်ဖို့လိုမယ်ထင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် မဲပေးသည့်လုပ်ငန်းစဉ်အား အနှောင့်အယှက်မဖြစ်နိုင်ဟု မြို့နယ်အုပ်ချုပ်ရေးမှုးက ယူဆထားသည်။

မကွေးဒေသ ရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်၁၉ ကူးစက်မှုကို ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအတိုင်း သတိပြုကာ သွားလာနေထိုင်ကြစေလိုသည်ဟု မကွေးတိုင်းဆေးရုံအုပ်ကြီးဒေါ်ဝင်းဝင်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က တိုက်တွန်းထားသည်။ နိဝင်ဘာ ၅ရက်နေ့ နံနက် ၁၁နာရီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းတွင် ပိုးထပ်တိုးလူနာသစ်(၂)ဦးရှိပြီး မကွေးတိုင်းတွင် ပိုးတွေလူနာစုစုပေါင်း(၇၃၅)ဦးရှိပြီဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ – တင်ရွှေ(မင်းဘူး)