မကွေးမြို့နယ်ထဲကတောင်သူတွေရင်ဆိုင်နေရတဲ့ စိုက်ပျိုးရာသီစိန်ခေါ်မှုများ

1143

ဒီရာသီက တောင်သူတွေအတွက်တော့ ယာခင်းထဲမှာ အချိန်ကုန်ရတော့မယ့်ကာလတစ်ခုပါ။ မကွေးမြို့နယ်ထဲက တောင်သူတွေကလည်း သူတို့ရဲ့ယာခင်းတွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းစတင်ဖို့ပြင်ဆင်နေကြသလို တချို့တောင်သူတွေကတော့ သူတို့ရဲ့လုပ်ငန်းတွေကို စတင်နေပါပြီ။

မြန်မာနိုင်ငံအလယ်ပိုင်းကတောင်သူအများစုကတော့ ခန့်မှန်းလို့မရတော့တဲ့ မိုးရွာသွန်းမှု၊ စိုက်ပျိုးစားရိတ် အခက်အခဲ နဲ့ အလုပ်သမားရှားပါးမှုတွေကို နှစ်စဉ်ကြုံတွေ့နေခဲ့ရပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကိုရင်ဆိုင်နေရတဲ့ ဒီနှစ်မှာတော့ မကွေးမြို့နယ်ထဲက တောင်သူတွေအနေနဲ့ ဒီလိုစိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်နေရလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုလို့ဆိုရမှာပါ။  မကွေးမြို့နယ်ထဲက ကြိုးကြာကန်ကျေးရွာမှာတော့ အခုလ ဇွန်လ၁၂ရက်နေ့မှာမိုးရွာသွန်းမှုစတင်ခဲ့ပါတယ်။ ဒါကဒေသတွင်းမှာရှိတဲ့ တောင်သူတွေအနေနဲ့ သူတို့ရဲ့စိုက်ပျိုးရေးကိုစတင်ဖို့ လုံလောက်တဲ့မိုးတော့ မဟုတ်ခဲ့ပါဘူး။

တကယ်တော့ ဒီဒေသမှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့တွေအကြားကာလတွေက မိုးရွာသွန်းလေ့ ရှိတဲ့နေ့ရက်တွေပါ။ဘိုးဘွားစဉ်ဆက် ဒီနေ့ရက်တွေက မိုးရွာသွန်းလေ့ရှိခဲ့တဲ့နေ့ရက်တွေလို့ ကြိုးကြာကန်ကျေးရွာက တောင်သူတစ်ဦးဖြစ်တဲ့ ဦးဟန်ဇော်လင်းကဆိုပါတယ်။

တောင်သူတွေက ဒီရက်တွေမှာ နှမ်းစိုက်ပျိုးရေးအတွက်ကြိုတင်ပြင်ဆင်ကြလေ့ရှိပြီး ဒေသအခေါ် ကြိုကျဲလို့ခေါ်တဲ့ နှမ်းစိုက်စနစ်နဲ့ နှမ်းမျိုးတွေကို ယာခင်းတွေမှာကြိုတင်ကျဲပက်တဲ့အလုပ်ကို ဆောင်ရွက်ကြလေ့ရှိပါတယ်။ ဒီလိုဆောင်ရွက်မှုက မိုးရွာသွန်းချိန်မှာ ကြိုတင်ကျဲပက်ထားတဲ့နှမ်းမျိုးစေ့တွေက အပင်ပေါက်လာတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။

“ဒီနှစ်ဆိုမိုးကမရွာတော့ ကျဲလိုက်ဖျက်လိုက်ပြန်ကျဲလိုက်နဲ့ (၄)ခါလောက်ရှိပြီ”လို့ဦးဟန်ဇော်လင်းက ဆိုပါတယ်။ ထပ်မရင်းနိုင်တဲ့တောင်သူတွေကအပင်ပေါက်သလောက်နဲ့ဒီတိုင်းပဲထားလိုက်ကြပါတယ်။

ကျေးရွာအုပ်စုတစ်ခုထဲမှာတောင် မိုးရွာတဲ့အခြေအနေ ကမညီမျှပါဘူး။ မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာ အုပ်စုထဲက အလယ်ချောင်းကျေးရွာမှာတော့ အခု ဇွန်လ ၁၄ရက်နေ့ဝန်းကျင်မှနှမ်းစိုက်ပျိုးမှုကိုစတင်နိုင်ပါတယ်။ ထုံးပေါက်တော တောင်မြောက်၊ကန်ရွာလေး၊အလယ်ချောင်းကန်ရွာလေး ကျေးရွာမှာတော့ နှမ်းပင်တွေက ၁၅ရက်သား အရွယ်ကိုရောက်နေပါပြီ။ ၁၅ ရက်သားနှမ်းပင်တွေအတွက် ပေါင်းထိုးချိန်ကို ရောက်နေပြီလို့ ကန်ရွာလေးကျေးရွာကတောင်သူ ဦးအောင်နိုင်က ဆိုပါတယ်။

မကွေးမြို့နယ်ထဲက ဖိုလေးလုံးကျေးရွာမှာတော့ ပြီးခဲ့တဲ့ မေလ၁၁ရက်နေ့မှာ ပထမဆုံးမိုးရွာခဲ့ပါတယ်။ ဒီကာလမှာပဲတောင်သူတွေက နှမ်းကျဲခဲ့ကြပါတယ်။ ဒါပေမယ့်နောက်ဆက်တွဲရွာသင့်တဲ့မိုးကရက်အ‌တော် ကြာတဲ့အထိ မရွာခဲ့လို့နှမ်းခင်းတွေကို နှစ်ခါ၊ သုံးခါလောက်ပြန်ဖျက်ခဲ့ကြရတယ်လို့ ဖိုလေးလုံး ကျေးရွာဒေသခံ တောင်သူ ဦးကျော်ဆန်းကပြောဆိုပါတယ်။

“မေလ၁၁ရက်နောက်ပိုင်းမှာတော့မိုးကနည်းနည်းပဲရွာပြီးအပူချိန်များတာကြောင့်နှမ်းတွေပျက်စီးခဲ့ရတယ်”လို့သူကဆိုပါတယ်။

ဒါ့အပြင် မိုးရွာသွန်းမှုက ကျေးရွာတစ်ခုတည်းမှာကိုညီမျှမှုမရှိဘူးလို့ ဦးကျော်ဆန်းကဆက်ပြီးပြောပါတယ်။ “မိုးကမညီဘူး ၁၇ရက်လောက်ကွာသွားတော့ရွာရဲ့တောင်ဘက်နဲ့ရွာရဲ့မြောက်ဘက်ကိုအပင်တွေကမညီဘူး”လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်းအတွင်း ပုံမှန်မဟုတ်တဲ့ ရာသီဥတုကို တောင်သူတွေကရင်ဆိုင်ခဲ့ကြရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ မိုးရွာသွန်းမှုက ၂၀၁၅ နောက်ပိုင်းနှစ်တွေမှာ တနှစ်ထက်တစ်နှစ်ပြောင်းလည်းလာခဲ့တာကို တောင်သူတွေကသတိပြုမိခဲ့ပါတယ်။

တောင်သူတွေအတွက်တော့ ဒီလိုရာသီဥတုပြောင်းလည်းမှုဒါဏ်ကိုသာမကပဲ စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုတ်နှံ့ဖို့ ငွေးကြေးအခက်အခဲကိုလဲပူးတွဲရင်ဆိုင်နေရပါတယ်။တောင်သူတွေအတွက် ငွေကြေးရင်းနှီးမြှုတ်နှံမှု အများဆုံး  အသုံးပြုရတဲ့ ဒီကာလမှာ ကိုဗစ်၁၉ ရောဂါကပ်ဘေးက တောင်သူတွေရဲ့ငွေကြေးကြပ်တည်းမှုကို ပိုပြီးဆိုးရွားစေ ပါတော့တယ်။

တောင်သူကြီးလူနည်းစုကလွဲလို့ ဒေသတွင်းက တောင်သူတွေက စိုက်ပျိုးချိန်မတိုင်ခင်မှာ အခြားလုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်ကြရလေ့ရှိပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါက သူတို့ရဲ့အရံလုပ်ငန်းတွေကိုလည်း ရပ်တန့်သွားစေပြီး တောင်သူလုပ်ငန်းအတွက် ငွေကြေးရင်းနှီးနိုင်မှုကို ပိုမိုထိခိုက်သွားစေခဲ့တယ်လို့ ဦးအောင်နိုင်ကဆိုပါတယ်။

“ဒီရွာမှာက တောင်သူမလုပ်ခင်နွေမှာ ပန်းရံတို့လက်သမားတို့သံဂဟေတို့လုပ်ပြီးရပ်တည်ကြတာ။ဒီနှစ်မှာအဲ့ဒါ တွေမလုပ်ရတော့နေ့စဉ်ဝင်ငွေကိုထိခိုက်သွားတယ်။အခုကပေါင်းထိုးပြီးဆေးဖြန်းရမယ့်အချိန်မှာတောင်သူတွေ လက်ထဲပိုက်ဆံမရှိတော့အခက်အခဲတွေဖြစ်တယ်”လို့ကန်ရွာလေးကျေးရွာက ဦးအောင်နိုင်ကပြော ပါတယ်။

“ငွေကြေးမပြေလည်တာကြောင့်တစ်ချို့ဆိုပုံစံ(၇)တွေပေါင်ရတာတောင်ရှိတယ်”လို့ဦးအောင်နိုင်ကပြောပါတယ်။

အသေးစားငွေချေးလုပ်ငန်းတွေကလည်းငွေတွေပြန်ကောက်နေပြီဖြစ်တာကြောင့် ဒီငွေကြေးကိုဆပ်ဖို့အတွက်လည်း တောင်သူတွေကပူပင်ရပါတယ်။

စိုက်ပျိုးရေးဘဏ်ကချေးထားတဲ့ငွေကိုတောင်သူတွေကကြေအောင်မဆပ်နိုင်တော့ဒီနှစ်မှာစိုက်ဘဏ်ကငွေချမ ပေးသေးဘူးလို့ဖိုလေးလုံးရွာက ဦးကျော်ဆန်း ကဆိုပါတယ်။ တောင်သူတွေကိုငွေချေးပေးနေတဲ့တိုင်းတောင်သူအဖွဲ့ကလည်းဒီနှစ်မှာမြေဆီနဲ့နှမ်းမျိုးပဲထုတ်ပေးပြီး ငွေချမပေး တာကြောင့်တောင်သူတွေခေါင်းကိုက်ရတဲ့နှစ်ပဲလို့ ဖိုလေးလုံးကျေးရွာက တောင်သူဦးကျော်ဆန်းကပြောပါတယ်။

“COVID ကာလအစည်းအဝေးတွေမလုပ်ရတော့ငွေထုတ်မပေးဘူး။အဲဒီတော့တောင်သူတွေငွေရေးကြေးရေးတော့ တော်တော်ခက်တယ်။အတိုးကြီးတွေပေးပြီချေးရတာပေါ့။အဖွဲ့အစည်တွေကချေးရင်အတိုးသက်သာတယ်။”လို့သူကဆိုပါတယ်။သူတို့အနေနဲ့ အရင်နှစ်တွေမှာ “တိုင်းတောင်သူ”လို့အမည်ရတဲ့ ချေးငွေအဖွဲ့တွေက ငွေယူခဲ့ပြီး ဒီနှစ်မှာတော့ ချေးငွေရရှိဖို့ ခက်ခဲနေကြတာပါ။

အဖွဲ့အစည်းတွေဆီကချေးရင် အတိုးကတစ်ကျပ်၊တစ်ကျပ်နဲ့ပြား၂၀လောက်သာပေးရပေမယ့်အပြင်မှာချေးယူရင် ၅ကျပ်တိုးလောက်ထိယူရတယ်လို့ ဦးကျော်ဆန်းကရှင်းပြပါတယ်။

“တောင်သူတွေမှာကတစ်ခါကျဲပဲရှိကြတာ။နှစ်ခါသုံးခါဖျက်ရပြီးမျိုးဈေးကလည်းကြီးတော့အဆင်မပြေဘူး”လို့ ဦးကျော်ဆန်းကပြောပါတယ်။

တောင်သူတွေကမျိုးချန်ကြပေမယ့်ဒီနှစ်မှာတော့သုံးလေးခါဖျက်ပြီးစိုက်ရတော့ကြိုးကြာကန်ရွာကတောင်သူအ ယောက် ၄၀ကျော်လောက်ကမျိုးစေ့ဝယ်ကြရတယ်လို့ ဦးဟန်ဇော်လင်းကပြောပါတယ်။

“တချို့ဆိုမျိုးဖိုးမတတ်နိုင်တော့ပေါက်သလောက်လေးပဲဒီတိုင်းထားကြတော့တယ်။ဖျက်ပြီးထပ်မစိုက်ကြတော့ ဘူး”လို့သူကဆိုပါတယ်။

အရင်နှစ်တွေကမိုးဦးကာလမှာ ပဲကိုများများစိုက်ပြီးနှမ်းကိုများများစိုက်လေ့ရှိပေမယ့် ဒီနှစ်ကိုဗစ်ကာလမှာအရင်း အနှီးနည်းသွားတာကြောင့်နှမ်းကိုများများစိုက်ပြီး ပဲကိုနည်းနည်းပဲစိုက်လိုက်ရတယ်။တိုင်းတောင်သူဖွံ့ဖြိုးရေးအ ဖွဲ့ကနှမ်းမျိုးပေးပြီးမြေပဲမျိုးမပါတဲ့အတွက်ကြောင့်မြေပဲကိုလျှော့စိုက်ရတယ်လို့ဦးအောင်နိုင်ကရှင်းပြပါတယ်။

ဒီနှစ်မှာတော့ပြည်တော်ပြန်တွေရှိနေပြီး အတန်းကြီးကျောင်းသားလေးတွေကျောင်းပြန်မတက်ရသေးတဲ့အတွက် အလုပ်သမားအခက်အခဲတော့မရှိဘူးလို့တောင်သူတွေဆီကသိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – အိလေး