မကွေးတွင် စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသူနှင့် ရောင်းချခိုင်းသူတို့အား ဖမ်းဆီး

2208

အောက်တိုဘာ ၁၄
မကွေးမြို့ ၊ ကမ်းနားလမ်း နှင့် တရားရုံးလမ်းဆုံတွင် မူးယစ်စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိခဲ့သူ တစ်ဦး နှင့် ၎င်းအား ရောင်းချရန် စေခိုင်းခဲ့သည်ဟုဆိုသူ တစ်ဦးတို့အား ရဲတပ်ဖွဲ့က မနေ့ကအောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့ မှ သိရသည်။
“မနေ့က ညနေပိုင်း မူးယစ်ဆေးဝါး ရောင်းချမှုရှိနေတယ်လို့သတင်းရလို့ ကမ်းနားလမ်းနဲ့ တရားရုံးလမ်းဆုံမှာ စောင့်ဆိုင်းဖမ်းဆီးခဲ့တယ်”ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်လွင်က မကွေးပိုစ့်ကို အတည်ပြုသည်။
​ ဖမ်းဆီးရာတွင် မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီးမျိုးကျော်သူ၊ မကွေးမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားကျော်ထွန်းဦး ၊ သက်သေများဖြစ်သည့် အောင်မေတ္တာရပ်ကွက်ဆယ်အိမ်မှူး ဦးမောင်နိုင်၊ ချမ်းမြေ့သာယာရပ်ကွက် ရာအိမ်မှူးဦးညွန့်ဝင်း တို့သည် ကမ်းနားလမ်းနှင့် တရားရုံးလမ်းဆုံတွင် အောက်တိုဘာ ၁၃ရက်နေ့ ညနေပိုင်းက စောင့်ဆိုင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်မောင်းနှင်လာသော မသင်္ကာသူတစ်ဦးအားတွေ့ရှိပြီး ရပ်တန့်စစ်ဆေးရာ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း၌ အပြာနုရောင် တစ်ခါသုံး Maskနှင့်ပတ်၍ ဖုံးထားသည့် 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား (၁၆၀) ပြား (၁၆) ဂရမ်ခန့်တစ်ထုတ်ကို လက်ဝယ်တွေ့ရှိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူမှာ မကွေးမြို့၊ ရွှေညောင်(၂)ရပ်ကွက်နေ အသက် ၃၈နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်းအားစစ်မေးရာ ဆေးပြားများရောင်းချခိုင်းသူမှာအောင်မေတ္တာ(ဘီ)အုပ်စုနေ၊ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကာတရားရုံးလမ်းနှင့်ရွှေညောင်(၂)လမ်းဆုံတွင်ရှိနေကြောင်းသိရ၍ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့သည်ဟုသိရသည်။
ဖမ်းဆီးရမိသူ(၂)ဦးအား မကွေးတိုင်းရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်အောင်ဇော်မင်းက တရားလိုပြုလုပ်၍ မကွေးမြို့မရဲစခန်းတွင် တိုင်ကြားပြီး မြို့မရဲစခန်း မယ(ပ)၄/၂၀၂၀ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အရေးယူထားသည်ဟုသိရသည်။
သတင်း – တင်ရွှေ(မင်းဘူး)
ဓါတ်ပုံ – မကွေးမြို့နယ်ရဲတပ်ဖွဲ့