မကွေးတိုင်းအစိုးရအဖွဲ့ရုံးဝန်းအတွင်း ဓားထိုးမှုဖြစ်တစ်ဦးသေဆုံး

19058

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ကန်တင်းတွင် ယခုလ ၉ ရက်နေ့ (ယနေ့)ညနေပိုင်းက ဓားထိုးမှုဖြစ်ပွါးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

အစိုးရအဖွဲ့ရုံး စားသောက်ဆိုင်(ကန်တင်း)တွင်ဖြစ်ပွါးခဲ့သည့် အဆိုပါဓားထိုးမှုတွင် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအောင်ကိုချစ်အား  အစိုးရအဖွဲ့ရုံး စားသောက်ဆိုင်(ကန်တင်း)မှ လက်ဘက်ရည်ဖျော်သူမှထိုးခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်များမှ Magway Post အားအတည်ပြုပြောသည်။

“ထိုးတဲ့သူရော အထိုးခံရတဲ့သူရော နှစ်ယောက်လုံးနဲ့ အရမ်းရင်းနီးပါတယ်၊ညီအကိုတွေလိုနေကြတာပါ၊ ကျွန်တော်တို့ကြားတာကတော့သုံးချက်ထိုးတယ်ကြားတယ်၊ရဲကတော့နှစ်ချက်လို့ပြောတယ်။ ဓားထိုးခံရတဲ့ ညီလေးက ဆေးရုံရောက်မှ ဆုံးသွားတယ်”ဟု ဖြစ်စဉ်တွင်ပါဝင်ခဲ့သူများနှင့်ရင်းနှီးခင်မင်သူတစ်ဦးမှ Magway Post သို့ ပြောသည်။

ဓားထိုးခံရပြီးသေဆုံးခဲ့သည့်ကိုအောင်ကိုချစ်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာဉ်မောင်း(၅) အဆင့်ရှိသူဖြစ်ပြီး တိုင်းအစိုးရအဖွဲ့အတွင်းရေးမှုး၏ကားအပါအဝင် အရာရှိကြီးများ၏ကားများအား  မောင်းနှင်ရသူ ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများမှဆိုသည်။

“ရဲကတော့ ကန်တင်းမှာပုံပြတိုင်းနေပြီ၊ထိုးတဲ့သူကိုတော့ စခန်းထဲခေါ်သွားပြီ”ဟု အစိုးအဖွဲ့နှင့်နီးစပ်သူ တစ်ဦးမှဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်၍ မကွေးတိုင်းအစိုးရအဖွဲ့ရုံးစားသောက်ဆိုင်ပိုင်ရှင်အားMagway Post မှဆက်သွယ်မေးမြန်းရာတွင် “ကျွန်မစိတ်ညစ်နေလို့နောက်မှမေးပါရှင်၊နောက်မှမေးပါရှင့်၊ ပြသနာက ရုံးထဲကနေဘယ်သူမှမထွက်ရဆိုလို့ ဘယ်သူမှမပြောရဘူးဆိုလို့. . . ကျေးဇူးပါနော”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဓားထိုးမှုဖြစ်စဉ်ဖြင့်ပါတ်သတ်၍ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှုး၏ဖုန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်အပြင်ရောက်နေလို့ အချက်အလက်တွေပါမလာဘူး ရုံးရောက်မှပြောတော့မယ်”ဟုပြန်လည် ဖြေကြားခဲ့သည်။

သတင်း – Magway Post