မကွေးတိုင်းတွင် COVID-19 လူနာ ‌သေဆုံးသူ ဒုတိယတစ်ဦးရှိလာ

275

မင်းဘူးခရိုင်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့်  Covid 19ရောဂါပိုးတွေ့ရှိသူ အသက်၇၉နှစ်အရွယ်အဘိုးသည် ယမန်နေ့ နိုဝင်ဘာ ၅ရက်နေ့ညပိုင်းတွင် ဆုံးပါးသွားကြောင်း ယင်းခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

“မနေ့က ညနေပိုင်း ဆေးရုံလာတက်တာပါ၊ ညပိုင်းရောက်တော့ ဆုံးသွားတယ်၊ မင်းဘူး/စကုမြို့နယ် ကျောက်စံကျေးရွာက အသက် ၇၉နှစ်အရွယ် အဘိုးအိုပါ၊ သူမှာအဆုတ်ကင်ဆာ၊ သွေးတိုးနဲ့ နှလုံးရောဂါအခံရှိတယ်၊ သံသယရှိတဲ့အတွက် စစ်ကြည့်တဲ့အခါ Coid 19ရောဂါပိုးတွေ့တယ်”ဟု ဒေါက်တာတင့်ခိုင်က ပြောသည်။

မင်းဘူး/စကုမြို့နယ်တွင် Covid 19ရောဂါပိုးတွေ့လူနာ စုစုပေါင်း(၆၄)ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံကဆင်းရသူ(၆၀)ဦး၊ လက်ရှိဆေးရုံတက်ရောက်ကုသဆဲ(၃)ဦး၊ သေဆုံးသူ(၁)ဦးဖြစ်သည်။

” အခုဆေးရုံမှာရှိတဲ့လူနာ(၃)ဦးကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်၊ အသက်(၃၀)ပတ်ဝန်းကျင် တွေဖြစ်တယ်၊ ညကသေဆုံးသူက အသက်လဲကြီးပြီး ရောဂါအခံလဲရှိ၊ ပိုးကလဲတွေ့တယ်၊ ဒီအသက်အရွယ်တွေက ဘယ်မှသွားကြတာမဟုတ်ဘူး၊ မိသားစုထဲက ခခရီးသွားရာဇဝင်ရှိလို့ အဘိုးအိုကို ကူးစက်တာဖြစ်နိုင်တယ်”ဟု ဒေါက်တာတင့်ခိုင်က ပြောသည်။

မကွေးတိုင်းတွင် ဒေသတွင်းကူးစက်မူရှိနေတာကြာပြီဖြစ်ပြီး ပိုးတွေ့ရှိသည့်မြို့များအားလုံးတွင် ဒေသတွင်းကူးဆက်မှုရှိနေနိုင်သည်ဟု ယူဆကာ ပြည်သူများအနေနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား တိကျစွာလိုက်နာကြရန် လိုအပ်သည်ဟု မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောသည်။

မနေ့ကနိုဝင်ဘာလ၅ရက်နေ့က မကွေးမြို့သိင်္ဂါရပ်ကွက်မှ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ပြီး ယင်းနေ့တွင် ၂ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

တင်ရွှေ(မင်းဘူး) သတင်းဓါတ်ပုံ မောင်မောင်(မင်းဘူး)