မကွေးတိုင်းတွင် မကွေးဆေးရုံနှင့်ပေါက်ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်အဆင့်လူနာ (၂)ဦးရှိနေ

64874

မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် အဆင့်လူနာ(၂)ဦးရှိနေတယ်လို့ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ဒီနေ့မနက်ပိုင်းမှာပဲ  သတင်းထောက်တွေကိုပြောကြားလိုက်ပါတယ်။

မကွေးတိုင်းဆေးရုံကြီးကို တောင်တွင်းကြီးဆေးရုံကနေ မနေ့က လွှဲပြောင်းပေးခဲ့တဲ့ဖျားနာသူအမျိုးသမီးက ကိုရိုနာဗိုင်းရပ်စ် သံသယအဆင့်လူနာမဟုတ်သေးပဲ စောင့်ကြည့်လူနာအဆင့်သာ သတ်မှတ်ထားတယ်လို့ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။

ကိုယ်ပူချိန်မြင့်တက်ပြီး ဖျားနာနေတဲ့အဲဒီလူနာကဆေးပညာရပ်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအရ စောင့်ကြည့်အဆင့်သာသတ်မှတ်ထားတယ်လို့ သူကဆိုပါတယ်။ ဒေါက်တာမြတ်စိုးရဲ့ ပြောကြားချက်အရတော့ မကွေးတိုင်းပေါက်မြို့က ဆေးရုံမှာလည်း စောင့်ကြည့်အဆင့်လူနာတစ်ဦးရှိနေပြီး မကွေးတိုင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ နှစ်ဦးရှိနေတယ်လို့သိရပါတယ်။

စောင့်ကြည့်လူနာတွေကို ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေက သီးသန့်ခန်းတွေမှာ သီးသန့်ထားရှိတယ်လို့ သိရပါတယ်။

ဒီနေ့မနက်စမ်းသပ်စစ်ဆေးချက်တွေအရတော့ လူနာရဲ့ခန္ဓာကိုယ်အပူချိန်က ၉၉ ဒသမ ၆ ဒီဂရီဖာရင်ဟိုက် ရှိတယ်လို့ ဒေါက်တာမြတ်စိုးကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခြေအနေနဲ့ပါတ်သတ်လို့ ဗဟိုကူးစက်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ က ကျွမ်းကျင်သူပညာရှင်တွေ ဒီနေ့ ညနေပိုင်းမှာ မကွေးမြို့ကိုရောက်ရှိမယ်လို့လဲသိရပါတယ်။ကျွမ်းကျင်သူတွေအနေနဲ့လူနာရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ထိုင်းနိုင်မှာရှိတဲ့ဓာတ်ခွဲခန်းကို ပေးပို့ပြီး စစ်ဆေးမှုတွေဆောင်ရွက်သွားမယ်လို့ ဒေါက်တာမြတ်စိုးကသတင်းထောက်တွေကိုပြောပါတယ်။

မကွေးတိုင်းဆေးရုံကြီးမှာရောက်ရှိနေတဲ့ လူနာရဲ့အခြေအနေကတော့လက်ရှိအချိန်မှာ ကောင်းမွန်တဲ့အနေအထားကိုရောက်ရှ ိနေပြီးအများပြည်သူအနေနဲ့ စိုးရိမ်မှုမလွန်ကြဖို့တိုက်တွန်းလိုတယ်လို့ ဒေါက်တာမြတ်စိုးကပြောပါတယ်။

သတင်းနှင့်ရုပ်သံ – လင်းလက်