ဖဲဝိုင်းသွားဖမ်းသည့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အမျိုး သမီးတစ်ဦးတွင် Covid-19ရောဂါပိုးတွေ့ရှိ ထိစပ်ခဲ့သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ Qဝင်နေရ

3442

ဇန်နဝါရီ(၁၄)၊မင်းဘူး
The Magway Post

မင်းဘူးမြို့ ရွှေတပင်ရပ်ကွက် ကမ်းနားရပ်တွင် ယမန်နေ့ကဇန်နဝါရီ ၁၃ရက်နေ့ ညနေပိုင်းက ဖဲဝိုင်းသွားဖမ်းသည့် မင်းဘူးမြို့မရဲစခန်းနယ်ထိန်းတပ်ဖွဲ့ဝင် ဒုရဲအုပ်အမျိုးသမီးတစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ယနေ့ ဇန်နဝါရီ (၁၄) ရက်နေ့ နေ့လည်ပိုင်း မင်းဘူးခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင့်ခိုင်က မကွေးပိုစ့်ကို ပြောသည်။

အဆိုပါဖဲဝိုင်းသွားဖမ်းရာတွင် ပါဝင်ထိစပ်ခဲ့သည့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်(၁၃)ဦး၊ ဖဲရိုက်သူ(၄)ဦးနှင့်သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင် (၃)ဦး စုစုပေါင်း(၂၀)ဦးတို့ကို သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

“မနေ့ကည မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော့်ဆီဖုန်းဆက်တယ်၊ သူတို့ရဲတပ်ဖွဲ့က ဒုရဲအုပ်အမျိုးသမီးတစ်ဦး အနံမရဘူးဖြစ်နေတယ်ပြောတယ်၊ အနံမရရင်ဆေးရုံကိုတင်ပါ၊ ညတွင်းခြင်းမစစ်နိုင်တောင် မနက်စစ်ဆေးပေးမယ်ဆိုပြီး ပြောလိုက်ပါတယ်၊ ဒီနေ့ နေ့လည်(၁)နာရီကျော်လောက်မှာ စစ်ကြည့်တော့ ပိုးတွေ့တာပါ၊ အခုသူမနဲ့ထိစပ်တဲ့သူစာရင်းကို လိုက်နေဆဲဖြစ်လို့ ထိစပ်သူဦးရေ အတိအကျမသိရသေးပါဘူး” ဟုဒေါက်တာတင့်ခိုင်က ပြောသည်။

မင်းဘူးမြို့ခံတစ်ဦးကတော့ “မနေ့က ဖဲဝိုင်းဖမ်းပြီး အခုပိုးတွေ့မှန်းသိရတယ်ဆိုတော့ သူမနဲ့ထိစပ်သူတွေများနိုင်ပါတယ်၊ ရဲစခန်း၊ ရွှေတပင်ရပ်ကွက်နဲ့ တရားရုံးတွေရောက်ခဲ့တာဆိုတော့ ထိစပ်သူများနိင်ပါတယ်၊ ထိစပ်သူတွေအနေနဲ့ အသိတရာရှိပြီး Qဝင်စေခြင်ပါတယ်”ဟု ပြောသည်။

မင်းဘူး/စကုမြို့နယ်တွင် ယနေ့ ဇန်နဝါရီ (၁၄)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း (၂၂၀)ဦး၊ ယနေ့ကျန်းမာရေးကောင်းလို့ ဆေးရုံဆင်းသူ(၇)ဦး၊ ဆေးရုံတက်ဆဲလူနာ(၂၇)ဦးနှင့် သေဆုံးခဲ့သူစုစုပေါင်း(၂)ဦးရှိသည်။

သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)