ပြုပြင်ပြောင်းလဲရေးစတင်နေတဲ့ မကွေးမြို့ပေါ်က အများသုံးအိမ်သာများ

1283

နယ်မြို့လေးတွေမှာနေထိုင်ကြသူတွေအနေနဲ့တော့ အများသုံးအိမ်သာဆိုတာ သိပ်ပြီးအရေးပါလှတဲ့ ကဏ္ဍတော့ မဟုတ်လှပါဘူး။ တစ်နေရာနဲ့တစ်နေရာမဝေးလှတဲ့ နယ်မြို့တွေမှာ အိမ်သာကိစ္စကိုဖြေရှင်းဖို့ ကိုယ့်အိမ်ကိုယ်ပြန်ကြသူတွေများပါတယ်။ ရန်ကုန်လိုမြို့ကြီးတွေအဖို့တော့ အပေါ့အလေးသွားဖို့ နေရာတစ်ခုခုကနေ အိမ်ပြန်ဖို့ မလွယ်လှပေမယ့် မကွေးလိုနယ်မြို့တစ်ခုမှာ ဒီကိစ္စက ပြောလောက်အောင် အရေးပါလှတယ်မဟုတ်ပါ။

ဒါပေမယ့် အများပိုင်နေရာတွေမှာအသက်မွေးဝမ်းကြောင်းပြုလုပ်ကြရသူတွေ အတွက်တော့ အိမ်သာကိစ္စက အရေးအပါဆုံးအခန်းကဏ္ဍပါ။ ကျန်းမာရေးအတွက်သာမကပဲ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝအတွက်အိမ်သာတွေက သန့်ရှင်းနေဖို့လိုအပ်လှပါတယ်။

လူအများဝင်ထွက်သွားလာနေတဲ့နေရာတွေကအိမ်သာတွေဟာ များသောအားဖြင့် လူအများစု မသွားချင်တဲ့နေရာတွေဖြစ် နေတတ်တာကိုတွေ့ရလေ့ရှိပါတယ်။ ဒါကတော့လူတိုင်းလည်းသိပြီးဖြစ်ပါတယ်။ အများစုကသန့်ရှင်းမှုမရှိတာတွေ၊ သပ်ရပ်မှုမရှိတာတွေ၊ဖြစ်သလိုဆောက်ထားတဲ့အိမ်သာတွေရယ်ကြောင့်ပါ။

မကွေးမြို့မှာတော့ဒီလိုအများဝင်ထွက်သွားလာတဲ့နေရာတွေကအိမ်သာတွေကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစလို့ ပြောင်းလဲမှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ မကွေးမြို့မှာရှိတဲ့‌ဈေးကြီး(၅)ခုထဲက (၃)ခုမှာ အိမ်သာတွေကိုအသစ်ပြုပြင်တာ၊ဖြည့်ဆောက်တာတွေနဲ့ စတင်လိုက်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အဝေးပြေး ကားကွင်းထဲမှာလည်း အာဆီယံအဆင့်မှီ ရေချိုးခန်းအိမ်သာတွေတည်ဆောက်ခဲ့တာပါ။

တကယ်တော့ အိမ်သာပြုပြင်ပြောင်းလည်းရေးလုပ်ငန်းစဉ်က လွယ်ကူလှတဲ့လုပ်ငန်းစဉ်တော့ မဟုတ်လှပါဘူး။ သန့်ရှင်းတဲ့အိမ်သာတွေအဖြစ် စဉ်ဆက်မပျက်ရှိနေနိုင်ဖို့ အိမ်သာအသုံးပြုသူတွေကလည်း စည်းကမ်းတကျ သုံးစွဲတတ်ဖို့လိုအပ်ပါတယ်။

“အများသုံးအိမ်သာရဲ့အဓိက ပြသနာက စည်းကမ်းမရှိကြတာနဲ့ နားမလည်ကြတာပါ၊ အိမ်သာထဲကို အမျိုးသမီးသုံးပစ္စည်းတွေထည့်ခဲ့တာ၊တချို့တုတ်ချောင်းတွေချိုးထည့်တာတွေက အိမ်သာသန့်ရှင်းရေး လုပ်တဲ့သူတွေအတွက် အတော်အဆင်မပြေတဲ့ ပြသနာပါ”လို့ အများသုံးအိမ်သာသန့်ရှင်းရေးတာဝန်ယူထားတဲ့ အမည်မဖေါ်လိုသူ အမျိုးသားတစ်ဦးကဆိုပါတယ်။

အိမ်သာတွေသန့်ရှင်းဖို့နဲ့ စနစ်ကျတဲ့အိမ်သာစနစ်ဖြစ်ဖို့မျှော်လင့်ချက်က အိမ်သာအသုံးပြုသူတွေ တင်မကပဲ အိမ်သာထိန်းသိမ်းသူတွေဆီမှာပါရှိနေပါတယ်။ နိစ္စဓူဝလုပ်ကိုင်နေရတဲ့ အိမ်သာသန့်ရှင်းရေး လုပ်ဆောင်သူတွေက သူတို့တာဝန်ယူထားရတဲ့ အိမ်သာတွေကို အမြဲသန့်စင်နေဖို့ ဆန္ဒရှိကြပါတယ်။

“ကျွန်တော်တို့က ရေရဖို့နဲ့ သုံးသွားတဲ့သူတွေသန့်သန့်ရှင်းရှင်းထားခဲ့ဖို့ အမြဲဆုတောင်းနေရတာပါ”လို့ အိမ်သာသန့်ရှင်းရေးသမားတစ်ဦးကဆိုပါတယ်။ မသန့်ရှင်းတဲ့အိမ်သာတွေရဲ့နောက်ဆက်တွဲတာဝန်တွေက အိမ်သာသန့်ရှင်းရေးသမားတွေအတွက် ဝန်ထုတ်ဝန်ပိုးတွေလို့ဆိုရမှာပါ။

အိမ်သာအသုံးပြုသူတွေက သန့်ရှင်းတဲ့အိမ်သာတွေကိုလိုအပ်ကြသလို့ အိမ်သာသန့်ရှင်းရေး ဝန်ထမ်းတွေကလည်း စည်းကမ်းရှိတဲ့ သန့်ရှင်းတဲ့ အိမ်သာအသုံးပြုသူတွေကို မျှော်လင့်ကြလေ့ရှိပါတယ်။

မကွေးမြို့အဝေးပြေးကားကြီးကွင်းက အိမ်သာတွေဟာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းအထိရွံ့ရှာဖို့ကောင်းတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါပေမယ့် အရေးကြုံလာတဲ့ ခရီးသွားသူတွေကတော့ ဒီအိမ်သာတွေဆီကို မဖြစ်မနေ သွားကြရတာပါပဲ။ ကားကွင်းကြီးမှာရှိတဲ့ ကားဂိတ်တွေမှာလည်း အိမ်သာတွေရှိတယ်ဆိုပေမယ့် အများသုံး အိမ်သာတွေကိုတော့ ခရီးသွားတွေက အကြောင်းအမျိုးမျိုးနဲ့ အသုံးပြုနေကြရမြဲပါ။

များမကြာသေးမှီလပိုင်းကပဲ မကွေးမြို့ကားကြီးကွင်းမှာ အာဆီယံအဆင့်မီရေချိုးခန်းအိမ်သာတွေကို စည်ပင်သာယာက ဆောက်လုပ်ခဲ့ပါတယ်။ ဒီအများသုံးရေချိုးခန်း၊ အိမ်သာမှာတော့ အမျိုးသား၊အမျိုးသမီးများနဲ့ မသန်စွမ်းသူတွေ အတွက်ပါထည့်သွင်းတည်ဆောက်ပေးထားတာကိုတွေ့ရပါတယ်။

အမျိုးသမီးအိမ်သာတွေမှာလည်း ရိုးရိုးရေလောင်းအိမ်သာနှစ်လုံးနဲ့ဘိုထိုင်အိမ်သာသုံးလုံးကို ထည့်သွင်းပေး ထားပြီး အမျိုးသားအိမ်သာထက်ဘိုထိုင်အိမ်သာတစ်လုံးပိုထည့်ပေးထားတာကိုတွေ့ရှိခဲ့ရပါတယ်။

နိုင်ငံတကာရဲ့စစ်တမ်းကောက်ယူချက်တွေမှာတော့ အမျိုးသားတွေထက် အမျိူးသမီးတွေရဲ့ အိမ်သာအသုံးပြုချိန်က ပိုမိုကြာမြင့်လေ့ရှိတယ်လို့ဆိုပါတယ်။ အိမ်သာအသုံးပြုဖို့ အမျိုးသမီးတွေရဲ့ အဝတ်အစားဖယ်ရှားရတဲ့အချိန်နဲ့ အိမ်သာအသုံးပြုပြီး တစ်ကိုယ်ရေတကာယ ပြန်လည်ပြင်ဆင်ချိန်က အမျိုးသားတွေထက်ပိုမိုကြာမြင့်လေ့ရှိတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။

ဒီအတွက် အိမ်သာဆောက်လုပ်မှုမှာ အမျိုးသားအိမ်သာအခန်းရေအတွက်ထက် အမျိုးသမီးအိမ်သာခန်း ရဲ့အရေအတွက်က ပိုပြီးများဖို့လိုအပ်ပါတယ်။ မြို့မဈေးကြီးနဲ့ကံသာဈေးမှာတော့ အမျိုးသမီးအိမ်သာတွေကို တစ်လုံးစီပိုထည့်ထားတယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကသိရပါတယ်။

“နောက်ပိုင်းဆောက်တဲ့ဟာတွေမှာတော့ပိုထည့်ထားတယ်။အခုမှစတာဆိုတော့တစ်လုံးစီလောက်ပဲပိုသေးတယ်။နောက်ထပ်လုပ်သွားဖို့တော့ရှိပါတယ်” လို့ မ​ကွေးမြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အမှု​ဆောင်အရာရှိဦး​ကျော်သူက ဆိုပါတယ်။

ရန်ပယ်ဈေးမှာ ဈေးရောင်းတဲ့အမျိုးသမီးတစ်ဦးကတော့ “အရင်နှစ်နှစ်လောက်ကဆို ဈေးအပြင်ဘက်က အိမ်တစ်အိမ်မှာသွားရတာ။သိပ်အဆင်မပြေဘူး။အခုတော့တစ်ရာပေးပြီးသွားရုံပဲ”လို့ဆိုပါတယ်။

မကွေးမြို့ပေါ်က ဈေးအိမ်သာတွေရဲ့ ပြုပြင်ပြောင်းလည်းရေးအတွက် ဒေသခံတွေက ဈေးကြီးလို့ ခေါ်တဲ့မြို့မဈေး၊ကံသာ ဈေးနဲ့ရန်ပါယ်ဈေးတွေမှာ အိမ်သာအသစ်တွေတည်ဆောက်ပေးထားတာပါ။ ရန်ကင်းဈေးနဲ့မင်္ဂလာဈေးတွေကတော့ မနက်ပိုင်းသာ စည်ကားတဲ့ဈေးတွေ ဖြစ်တာကြောင့် အိမ်သာတွေပြုပြင်ထားတာပဲရှိပြီးအသစ်တည်ဆောက်တာတော့ မလုပ်ရသေးဘူးလို့ ဦးကျော်သူကဆိုပါတယ်။

ဈေးတွေမှာခေတ်အဆက်အဆက်က အနံ့အသက်မကောင်းတာတွေ၊မသန့်ရှင်းတာတွေပျောက်အောင်ဈေးတိုင်းမှာ မူတွေချပြီးလုပ်ဆောင်နေတယ်လို့လဲ ဦးကျော်သူဆိုပါတယ်။အိမ်သာအသစ်ပြုပြင်ထားတဲ့ဈေးကြီးတွေမှာ ဆားဗစ်ကျင်းချဲ့တာ တွေ၊အသစ်တူးတာတွေလုပ်ထားတယ်လို့သိရပါတယ်။                                                      မြို့မဈေး မှာတော့အစကတည်းကဘိုထိုင်တွေရော၊ ရိုးရိုးရေလောင်းအိမ်သာတွေကို နှစ်ရှည်စာချုပ်နဲ့ကန်ထရိုက် စနစ်ပေး ထားတာပါ။ ဈေးကြီးတွေက အိမ်သာတွေကို နှစ်ရှည်လေလံစနစ်နဲ့ဆောင်ရွက်ခြင်းလို့ မြို့နယ်စည်ပင်က သိရပါတယ်။

လေလံပေးလိုက်တဲ့ဈေးတွေရဲ့အိမ်သာတွေကိုတော့လေလံအောင်သူတွေကနေတာဝန်ယူရတာဖြစ်ပြီးဈေးခေါင်းကနေကြီးကြပ်စစ်ဆေးတဲ့စနစ်နဲ့လုပ်ဆောင်နေတာပါ။                    မြို့မဈေးနဲ့ရန်ပယ်ဈေးကြီးတွေမှာတော့ရိုးရိုးရေလောင်းအိမ်သာပါမက ဘိုထိုင်အိမ်သာတွေကိုပါထည့်သွင်း ဆောက်လုပ်ထားတာပါ။ကန်သာဈေးကိုတော့ အမျိုးသားအိမ်သာ၂လုံးနဲ့အမျိုးသမီးသုံးအိမ်သာ(၃)လုံးထပ်မံ ဆောက်လုပ်ပေးထားတယ်လို့သိရပါတယ်။

မြို့မဈေးကြီးမှာတော့အိမ်သာသွားတဲ့လမ်းတွေမှာဝါးတန်းလေးတွေတန်းထားတာကိုတွေ့ရပါတယ်။ဒါကတော့ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေအတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။

အိမ်သာပြုပြင်ပြောင်းလည်းရေးမြင်ကွင်းတွေထဲမှာ ထူးထူးခြားခြားတွေ့မြင်ရတဲ့ ကားကြီးကွင်း ထဲက အဆင့်မြင့်အိမ်သာမှာတော့ ပုံမှန်လက်ဆေးဘေစင်တွေထက်နိမ့်တဲ့ ဘေစင်လေးပါပဲ။ ဒါကအမျိုးသမီးတွေနဲ့အတူပါလာတဲ့ ကလေးတွေအသုံးပြုနိုင်အောင်ထည့်သွင်းပေးထားတာပါ။ဒါတင်မကပါဘူး အမျိုးသားအိမ်သာဘက်မှာလည်း ကလေးသုံးလက်ဆေးဘေစင်ကိုထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အမျိုးသမီးအိမ်သာနဲ့အမျိုးသားအိမ်သာကြားမှာ မသန်စွမ်းတွေအသုံးပြုနိုင်ဖို့အတွက်ဝှီးချဲပါဝင်လို့ရတဲ့ အခန်းတစ်ခန်းကိုပါထည့်သွင်းပေးထားပါတယ်။ ဒီအခန်းမှာတော့ကျား၊မခွဲမထားပါဘူး။

“ကားကွင်းထဲကအိမ်သာမှာကျတော့သန့်ရှင်းရေးအတွက်အလုပ်သမားပိုထားရတယ်။သုံးတတ်တဲ့သူကသုံးတတ်ပေမယ့်မသုံးတတ်တဲ့သူကျတော့အကုန်လိုက်ပြနေရတယ်။တစ်ယောက်တက်တစ်ခါစစ်စနစ်နဲ့ပဲခုတော့သွားနေတယ်”လို့ ဦးကျော်သူကအခက်အခဲကိုရှင်းပြပါတယ်။

ကားကွင်းထဲကအိမ်သာကိုတော့နေ့ပိုင်းမှာ ငွေကောက်ခံသူတစ်ဦးနဲ့သန့်ရှင်းရေးတစ်ဦး နှစ်ဦးကို တာဝန်ပေးထား ပြီး ညပိုင်းလူရှင်းချိန်မှာတော့ သန့်ရှင်းရေးနဲ့ငွေကောက်ခံသူတစ်ဦးသာ ထားရှိတယ်လို့ သိရပါတယ်။ဒီအိမ်သာမှာ တော့အိမ်သာသာမကပဲ ရေချိုးခန်းပါပါဝင်ပြီး အိမ်သာဝင်ရင်(၁၀၀)ကျပ်ကောက်ခံကာ ရေချိုးရင်တော့(၂၀၀)ကျပ် ကျသင့်မှာပါ။

ကျန်းမာရေးသည် လာဘ်တစ်ပါးလို့ဆိုကြပါတယ်။ ကျန်းမာရေးအတွက်သာမက နေ့စဉ်လူမှုဘဝတွေမှာ မဖြစ်မနေ ကြုံတွေ့နေရတဲ့ အိမ်သာတွေရဲ့သန့်ရှင်းရေးကလဲ ပြီးပြည့်စုံတဲ့အခြေအနေတစ်ခုကို ရောက်ဖို့ လိုအပ်နေတဲ့ ကိစ္စတစ်ခုလို့ဆိုရမှာပါ။

ပြောင်းလဲလာတဲ့ လူမှုဝန်းကျင်မှာ အိမ်သာတွေပိုပြီးကောင်းလာဖို့ကအရေးကြီးတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒီပြောင်းလဲမှုအတွက် အိမ်သာတွေသန့်ရှင်းကောင်းမွန်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းဖို့လိုအပ်သလို အဆင့်မှီတဲ့ အိမ်သာတွေကို အဆင့်မှီမှီနဲ့ စနစ်တကျသုံးနိုင်ဖို့ အိမ်သာအသုံးပြုသူအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်နေဆဲပါ။

အိလေးရေးသားသည်။

ဓာတ်ပုံ – အိလေး