စိတ်ပုံမှန်မဟုတ်ဟု ယူဆရသည့် သင်္ကန်းဝတ်ထားသူတစ်ဦးမှ  လူငယ်တစ်ဦးကိုဓားဖြင့်ထိုး

16608

မကွေးတိုင်းအောင်လံမြို့နယ်တွင် စိတ်ပုံမှန်မဟုတ်ဟု ယူဆရသည့် သင်္ကန်းဝတ်ထားသူတစ်ဦးမှ လူငယ်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ လူငယ်သေဆုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှသိရသည်။

ယခုလ (၁၈)ရက်နေ့ ယမန်နေ့တွင် ဖြစ်ပွါးခဲ့သည့် အဆိုပါဓားထိုးမှုသည် အောင်လံမြို့နယ် ကန်ချောင်းသဲချောင်းရေကျော်တွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှသိရသည်။

အောင်လံမြို့နယ် ကျေးရွာတစ်ခုတွင်နေထိုင်သည့် အသက် (၄၂)နှစ်အရွယ် သင်္ကန်းဝတ်အမျိုးသားသည်  ဓားကိုင်လျှက် ကန်ချောင်းသဲချောင်းရေကျော်တွင်ဖြတ်သန်းသွားလာနေသည့် ကားဆိုင်ကယ်များအား ပိုက်ဆံတောင်းခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့လူသတ်မှုဖြစ်ပေါ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှသိရသည်။

“ရေကျော်ချောင်းမှာ ကားတစ်စီးကသဲနစ်ပြီးပိတ်နေတာ၊အဲဒီပိတ်နေတဲ့နေရာမှာ ကားကို သဲပြန် ဖေါ်တဲ့သူနဲ့ တွန်းတဲ့သူတွေဝိုင်းပြီးလုပ်နေကြတယ်၊အဲဒီအချိန်မှာပဲ အဲဒီဘုန်းကြီးက ဓားကိုင်ပြီးတော့ ရမ်းတာပေါ့၊ မည်သူမည်ဝါရယ်လို့မဟုတ်ဘူးရမ်းတာပေါ့. . .အဲလိုရမ်းရင်းနဲ့မှ ဖြစ်ချင်တော့ကြ  စောစောက ထိုးခံရတဲ့ ကလေးကလဲ ကားနားမှာလုပ်ရင်းကိုင်ရင်းနဲ့ရပ်နေတာတဲ့၊ရပ်နေတော့ အဲဒီမှာ သူ့ကို ဝင်ပြီးတော့ ဘာမပြော ညာမပြောနဲ့ ဝင်ထိုးပလိုက်တာတဲ့”ဟု အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးခင်စိုးက မကွေးပိုစ့်သို့ ပြောကြားသည်။

ဓားထိုးခံရမှုကြောင့်သေဆုံးသူသည် အောင်လံမြို့စမ်းချောင်းရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၉)နှစ်အရွယ် ဆိတ်ကျောင်းသည့်လုပ်ငန်းလုပ်ကိုင်သူ ဖြစ်ကြောင်းရဲတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါသင်္ကန်းဝတ်ထားသူဘုန်းကြီးသည် ဝါတော်(၆)ဝါရှိသူဖြစ်ပြီး စိတ်ပုံမှန်မဟုတ်သူ တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့၏စစ်ဆေးချက်မှတ်တမ်းများတွင် ဖေါ်ပြထားသည်။

ယင်းသင်္ကန်းဝတ်အမျိုးသားအား ရဲတပ်ဖွဲ့မှဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – Magway Post

ဓာတ်ပုံ – Supply