ကျေးရွာအတွင်းလူနေအိမ်များအကြား ဖုန်းတာဝါတိုင် တည်ဆောက်နေခြင်းကို ကန့်ကွက်တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးဟုဆို

75

မင်းဘူးမြို့နယ် ရေတွင်းကုန်းကျေးရွာအတွင်းရှိ လူနေအိမ်များအကြား ဖုန်းတာဝါတိုင်တည်ဆောက်နေသည့်အတွက် တားမြစ်ပေးပါရန် သက်ဆိုင်ရာအဆင်ဆင့်ကို တိုင်ကြားခဲ့သော်လည်း ယနေ့အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးဟု ယင်းကျေးရွာနေပြည်သူများက ပြောသည်။
၂၀၂၀ ဖေဖော်ဝါရီလက စတင်ပြီး ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ မိခင်အိမ်ဝိုင်းထဲ MPTဖုန်းတာဝါတိုင်တည်ဆောက်ရန် စတင်ဆောင်ရွက်ခဲ့ကြပြီး ဒေသခံအိမ်အနီးပတ်ဝန်း ကျင်ပြည်သူများ၏ သဘောဆန္ဒကို မေးမြန်းခြင်း၊ အသိပေးခြင်းမရှိဘဲ တည်ဆောက်နေသည့်အတွက် သက်ဆိုင်ရာအဆင့်ဆင့် တင်ပြတိုင်ကြားခဲ့သော်လည်း ယနေ့တိုင် အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးဟု ယင်းကျေးရွာနေဦးထွန်းအေးက ပြောသည်။
“တာဝါတိုင်စိုက်တဲ့ကိစ္စ မကျေနပ်တာကြောင့် ရွာအုပ်ချုပ်ရေးမှူးကိုသွားပြောတဲ့အခါ အချုပ်ထဲထည့်မယ်၊ ထောင်ထဲထည့်ပစ်မယ်ဆိုပြီး ပြောပါတယ်၊ ရွာထဲမှာတာဝါတိုင်တည်ဆောက်တဲ့ကိစ္စကို‌ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံရွာသားတွေကိုချမပြဘဲနဲ့ သူတို့လုပ်ချင်တာအတင်းလုပ်နေတာပါ၊ (၂)လပိုင်းကတဲ့ကလုပ်နေတာပါ၊ ဆောက်တာကတော့ (၉)လပိုင်း(၁၆)ရက်နေ့မှာ ဆောက်တာပါ၊ တာဝါတိုင်စိုက်တာကိုမကျေနပ်လို့ မြို့နယ်၊ ခရိုင်၊ တိုင်း၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ နေပြည်တော်ကို စာတွေတင်ပါတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးကမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းကိုလွှတ်ပြီး ကျွန်‌တော်တို့ကို အသနားခံတောင်းပန်ပါတယ်၊ တာဝါတိုင်စိုက်ဖို့အတွက် ကျွန်တော်တို့ကိုလက်မှတ်ထိုးခိုင်းပါတယ်၊ လက်မှတ်ထိုးမပေးလိုက်ပါဘူး၊ဆက်လုပ်ချင်ရင်လုပ်‌ပေါ့၊ ကျွန်တော့်အနေနဲ့တက်စရာရှိတာဆက်တက်မယ်လို့‌ပြောလိုက်ပါတယ်”ဟု ဦးထွန်းအေးက ​ဆိုသည်။
ကျေးရွာအတွင်း တာဝါတိုင်တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ရွာမှာရှိကြသည့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ကိုယ်ဝန်ဆောင်မိခင်များ၊ ဆီးချို သွေးချို၊နှင့် နာတာရှည်ရောဂါရှိသူများကို ကျန်းမာရေးအန္တရာယ်ပေးနိုင်ပြီး ကျေးရွာတွင် လျှပ်စစ်မီးမရရှိသေးသည့်အတွက် တာဝါတိုင်လည်ပတ်မည်ဆိုပါက စက်သုံးဆီနှင့် လည်ပတ်ရမည် မီးဘေးအန္တရာယ်ဖြစ်မှာကိုလည်းစိုးရိမ်ရသည့်အတွက် ကျေးရွာအပြင်‌မြေကွက်လပ်များတွင်မှာတည်ဆောက်ပေးစေလိုသည်ဟုယင်းကျေးရွာပြည်သူအချို့ကပြောသည်။
အဆိုပါတာဝါတိုင်ကို ကျေးရွာတောင်ဘက်ပိုင်းတွင် စိုက်ထူနေသည့်အတွက် ကျေးရွာတောင်ပိုင်နေ ပြည်သူ(၅၀)ဦးခန့်က မကျေနပ်ခြင်း‌ကြောင့်
ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့အိမ်နားမှာ တာဝါတိုင်စိုက်ထူတာကို ကျေးရွာအုပ်ချုပ်ရေးမှူးက အသိမပေးပါဘူး၊ အခုလိုတားမြစ်နေတာကို ထောင်ချလို့ရတယ်ပြောတယ်၊ တာဝါတိုင်တည်ဆောက်နေတာကလဲ အန္တရာယ်ရှိနိင်တယ်၊ သဘာဝဘေးကြောင့် လူနေအိမ်တွေပေါ် ပြိုကျပိနိုင်တယ်လေ၊ ဒါတွေကြောင့် ကန့်ကွက်နေရတာပါ” ဟု ယင်းကျေးရွာနေ ဒေါ်လဲ့လဲ့မူက ပြောသည်။
ရေတွင်းကုန်းကျေးရွာအတွင်း တာဝါတိုင်ဆောက်လုပ်သည်ကို အောက်တိုဘာလ ၁၉ ရက်နေ့အထိ သက်ဆိုင်ရာများမှ တားမြစ်ကြောင်းအမိန့် မထုတ်ပြန်သေးသည့်အတွက် မိမိအ‌နေဖြင့် တားပိုင်ခွင့်မရှိကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောသည်။
“ရေတွင်းကုန်းကျေးရွာအတွင်း တာဝါတိုင် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ကျေးရွာအနေနဲ့ကန့်ကွက်တာမဟုတ်ပါဘူး၊ အမျိုးတွေစုပြီး ကန့်ကွက်တာပါ၊ ကန့်ကွက်သူက တာဝါတိုင်ဆောက်တာကို ပျက်အောင်လုပ်မယ်ပြောပြီးလုပ်တာ၊ လုပ်ရတာကလဲ ပထမ တာဝါတိုင်တည်ဆောက်ဖို့က သူအမျိုးအိမ်မှာဆောက်ဖို့ဆိုပြီး အုတ် သဲ ကျောက်တွေ ပုံပြီးနေပြီ၊ တကယ်ဆောက်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အမျိုးဝိုင်းထဲဆောက်ဖြစ်တယ်၊ အာ့ဒါကြောင့် ပြသနာတက်ကြတာဖြစ်တယ်” ဟု မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောသည်။
သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)