ကျောက်စရစ် စုပ်ထုတ်လုပ်မှုနှင့် ဧရာဝတီရင်ခွင်ပေါ်ကဘဝများ အပိုင်း(၂)

377

ဧရာဝတီမြစ်၏ သဘာဝတရား ပေါကြွယ်လှသည့် သက်ရှိ၊သက်မဲ့သယံဇာတများကြောင့်ပင် ဧရာဝတီက သဘာဝသယံဇာတကျိန်စာမှလွတ်မြောက်ရန် ကြိုးစားရုံးကန်နေရပြီဖြစ်သည်။ဧရာဝတီ၏သဘာဝသယံဇာတ များအား လူတို့က နည်းအမျိုးမျိုးဖြင့် ဧရာဝတီပျက်လောက်အောက်ထုတ်ယူသုံးဆွဲခဲ့သည်မှာ ဆယ်စုနှစ်များ တိုင်ခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ထုတ်ယူသုံးစွဲရာတွင် ဧရာဝတီမြစ်အတွင်းရှိ သဲ၊ကျောက်စရစ်တို့အား စည်းမျဉ်းစည်းကမ်း၊ဥပဒေ နှင့်မညီ သဘာဝပတ်ဝန်းကျင်အားအရေးမထား မတော်လောဘများနှင့်ထုတ်ယူနေသည်ကလည်း အဓိက အကြောင်း အချက်ဖြစ်သည်။

မြို့ပြများအလျှင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးကျောက်စရစ်မှာ အဝယ်လိုက်နေသောလုပ်ငန်းလည်းဖြစ် နေပြန်သည်။

ထို့ကြောင့် ကျောက်လုပ်ကွက်လျှောက်ထားသူများလည်း ယခင်နှစ်များထက် ပိုမိုများပြားလာနေပြီး အချို့မှာ အကွက်ကျော်စုပ်မှုများနှင့် သတ်မှတ်စည်းကမ်းထက်ကျော်လွန်စုပ်ယူမှုများလည်း ရှိနေသည်ဟု ကျောက်စရစ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကျောက်စရစ်စုပ်လုပ်ငန်းများကို တိုင်းဒေသကြီးထောက်ခံချက်ဖြင့် ခရိုင်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးခြင်းဖြစ်သည်။ လုပ်ငန်းရှင်များကလျှောက်ထားလာသည့် ကျောက်လုပ်ကွက်များကို ခွင့်ပြုပေးနိုင်ရန် အတွက်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အဓိကထောက်ခံချက်ပေးရသည်။ မြစ်အတွင်းရေကြောင်းတိုင်းထွာခြင်း၊ ကမ်းပြိုကမ်းစားမှုများနှင့် ခွင့်ပြုသင့်မသင့် မှတ်ချက်ပေးရသည်။ သို့သော် ထိုအရာသည် မှတ်ချက်ပေးရုံသာဖြစ်သည်။

“ကျောက်စရစ်ကိုစုပ်တာကတော့ဆောက်လုပ်ရေးအတွက်စုပ်တာပေါ့ဒါပေမယ့်ကျွန်တော်တို့ငါးလုပ်ငန်းနဲ့ပတ်သက်ရင်မြစ်ကြမ်းပြင်ကပုံစံပျက်သွားတယ်။ငါးနေငါးထိုင်ပျက်တယ်လို့ခေါ်တယ်။နောက်တစ်ခါကမြစ်ကြောင်း အောက်မှာကျောက်စရစ်တွေနဲ့သဘာဝအစားအစာတွေရှိတယ်။အဲတာကိုစုပ်လိုက်တော့သဘာဝအနေအထား ပျက်သွားတယ်။ငါးတွေကအဲမှာနေလို့မရတော့ဘူး။ငါးတွေအစာစားတာငါးတွေမျိုးပွားတဲ့နေရာတို့လုပ်လို့မရ တော့ဘူး။အဲဒါကငါးလုပ်ငန်းနဲ့ထိခိုက်တဲ့ဆိုးကျိုးတစ်ခုပါပဲ”ဟု  ငါးလုပ်ငန်းသင်တန်းကျောင်းအုပ်ကြီး (အငြိမ်းစား) ဦးစန်းအောင်ကပြောသည်။

မြစ်သဲကျောက် ထုတ်လုပ်ခြင်းအားဖြင့် မြစ်အတွင်းကျင်လည်ကျက်စားနေကြသည့်ငါးမျိုးစိတ်ပေါင်းများစွာ ၏ငါးနေငါးထိုင်ပျက်စီးမှုများလည်းဖြစ်ပွားလျှက်ရှိပြီးအစာကွင်းဆက်နှင့်ဂေဟစနစ်ကိုလည်းထိခိုက်ကြောင်းငါး မျိုးပွားမှုကိုလည်းထိခိုက်မှုဖြစ်ပွားကြောင်း ၎င်းကဆိုသည်။

ကျောက်စုပ်ယူမှုကြောင့် မြစ်ကြမ်းပြင်ပုံစံပျက်ယွင်းကာ ရေစီးရေလာပုံမှန်အတိုင်းမဖြစ်တော့ပေ။ ရေစီးနှေးခြင်း၊ မြန်ခြင်းတို့မှာ မူမမှန်ပဲ ရေစီးအရှိန်ပြောင်းလဲခြင်းများဖြစ်ပေါ်ကာ ရေစီးနှုန်းအတိုင်းရွေ့ပြောင်းခြင်းနှင့် ဥချခြင်း၊ သားပေါက်ရာတွင် အနှောင့်အယှက်ဖြစ်ကာ သွားလမ်းလာလမ်း များအနှောင့်အယှက်ဖြစ်ခြင်းက ငါးလုပ်ငန်း များကိုတိုက်ရိုက်ထိခိုက်ကြောင်းကို ဦးစန်းအောင်ထပ်မံရှင်းပြသည်။

မြစ်ကျောက်စုပ်လုပ်ငန်းများခွင့်ပြုပေးရာတွင်သဘောထားမှတ်ချက်ပေးရသည့်ဌာနများတွင်ငါးလုပ်ငန်းဦးစီးဌာနနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့လည်းပါဝင်ခဲ့ပြီးဒေသခံများ၏ခွင့်ပြုချက်များကိုလည်းတောင်းခံသည်ဟုဆိုသော်လည်းထိခိုက်ပျက်စီးမှုများကိုကြိုတင်ဆန်းစစ်တိုင်းထွာရာတွင်လက်တွေ့ကျကျလုပ်ဆောင်မှု အားနည်းခဲ့ကြောင်းတံငါလုပ်ငန်းဖြင့်အသက်မွေးကြသည့်ဒေသခံများကပြောသည်။

ခွင့်ပြုပေးလိုက်သည့်ကျောက်လုပ်ကွက်များထဲတွင်ငါးဖမ်းလုပ်ကွက်များလည်းပါဝင်နေတတ်ပြီးငါးဖမ်းလုပ်ကွက်များအတွင်းဝင်ရောက်စုပ်ယူခြင်းနှင့်ဖြတ်သန်းမောင်းနှင်ခြင်းစွန့်ပစ်မြေစာပုံများစုပုံနေကြခြင်းများကြောင့်ငါးများလန့်ခြင်းနှင့်ပိုက်ကွန်များငြိကာပျက်စီးခဲ့ရမှုများနှင့်ရင်ဆိုင်ရသည်။

ထို့ကြောင့်ကျောက်စုပ်လုပ်သားများနှင့်တံငါများကြားစကားများမှုများနှင့်ပဋိပက္ခများမှာခိုက်ရန်ဖြစ်ပွားကာ အန္တရာယ်ဖြစ်စေနိုင်သည့်အထိဖြစ်ပေါ်ခဲ့ဖူးကြောင်းဒေသခံများကပြောသည်။

“ပိုက်ချက်ပစ်တယ်မော်တော်တွေနဲ့လွတ်တဲ့အခါကျတော့တွဲတွေနဲ့မလွတ်ဘူးတစ်ခါတစ်လေကျတော့မော်တော်တွေကပိုက်ထဲဝင်စုပ်တယ်အဲအခါကျတော့ပြန်သိမ်းတဲ့အခါမှာသီသီရီရီလည်းနိုင်တယ်။အလုပ်လုပ်တဲ့အခါအဆင်မပြေဘူးပြန်ရှင်းရတော့နှောင့်နှေးတယ်ပိုက်ချက်ထဲမှာဝင်မစုပ်စေချင်ဘူး။အဓိကကတော့ငါးဒန်ဖမ်းတာပေါ့” ဟုပန်းတောင်းမြို့နယ်မှရေလုပ်ငန်းလုပ်ကိုင်သူဦးသိန်းစိုးကပြောသည်။

ဒေသခံများအနေဖြင့် သတ်မှတ်ခွင့်ပြုထားသည့်နယ်မြေကျူးကျော်၍စုပ်လာသူများကို လိုက်လံမှတ်တမ်း ယူခြင်းနှင့် လုပ်သားများအား ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြသည်။ အလားတူ ကျောက်စုပ်မော်တော်များကလည်း မော်တော်များဖြင့်တိုက်ခြင်း၊ ရန်စဆဲဆိုခြင်းနှင့် လုပ်ငန်းရှင်များက တရားစွဲဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကာ တာဝန် ဖြင့်လာရောက်ဖမ်းဆီးသည့် အာဏာပိုင်များကိုပင် ရန်ပြုခြင်းများပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

“ကျွန်တော်တို့လည်းစစ်တယ်ကမ်းပြိုကမ်းစပ်မရှိတဲ့သောင်စပ်တွေမှာခွင့်ပြုတယ်သောင်ကိုတူးဖော်ရမယ်ဆိုရင်ကုန်ကျစရိတ်ရှိတယ်ဒီအတိုင်းတူးဖော်ခွင့်ပြုလိုက်တဲ့အတွက်ကုန်ကျစရိတ်သက်သာသလိုတစ်ဖက်တစ်လမ်းကလည်းဝင်ငွေတိုးတယ်ဆိုပြီးအဲလိုပေါ့။ဒါပေမယ့်လုပ်ငန်းရှင်တွေကတစ်ရာမှာကိုးဆယ်ရာခိုင်နှုန်းလောက်ကလိုက်နာချင်မှလိုက်နာမှာပေါ့” ဟု ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးမှူးကပြောသည်။

ဧရာဝတီမြစ်ပေါ်တွင်နေထိုင်ကြသည့် ကျွန်းစိုက်တောင်သူများနှင့် မိရိုဖလာ ငါးဖမ်းခြင်းလုပ်ငန်းအားလုပ်ကိုင် ကြသူများမှာ ဥပဒေကြောင်းအရနားမလည်ခြင်းများကြောင့် ကျောက်စုတ်လုပ်ငန်းရှင်များကပင် ၎င်းတို့ရေပိုင် နက်များအား ကျူးကျော်သည်ဟုဆိုကာ ဒေသခံများကိုပင် ပြန်လည်တရားစွဲဆိုခံရမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတောင်သူများက ကျောက်စုပ်မော်တော်လုပ်သားများကိုခြိမ်းခြောက်သည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် တောင်သူ(၁၅) ဦးကို ပုဒ်မ (၅) ခုဖြင့်အမှုဖွင့်ခဲ့သည့် မှတ်တမ်းများလည်းရှိကြောင်း လိုက်ပါကူညီခဲ့သည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကဆိုသည်။

မြစ်သဲကျောက်များအား ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်မညီ အလွန်အကျွံထုတ်ယူနေမှုက မြစ်ကြောင်းပြောင်းလည်း ခြင်း၊ကမ်းပြိုကမ်းစားများဖြစ်၍ နှုံးတင်မြေနုကျွန်းကြီးများပျောက်ကွယ်ရခြင်းတို့အပြင် ငါးသယံဇာတ ပျက်သုဉ်းရှားပါးလာခြင်းတို့တွင်လည်း အကြုံးဝင်ပါဝင်နေသည်ဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း ရေးအဖွဲ့များက မှတ်ချက်ပြုသည်။

“ကျွန်တော်ရေလုပ်သားလုပ်ငန်းစလုပ်တုန်းက ငါးသားက တော်တော်ပေါတယ် ပျော်စရာလဲကောင်းခဲ့တယ်” ဟု နှစ်သုံးဆယ် မိရိုးဖလာ တံငါးသည်လုပ်ငန်းကိုင်ခဲ့သည့် မကွေးမြို့နယ်မှဦးမျိုးမြင့်ထွန်းကဆိုသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကအတွင်းက အင်းသူကြီး(ငါးလုပ်ငန်းတင်ဒါရရှိသူ)တစ်ဦးလျှင် ပျမ်းမျှ တစ်ရက်လျှင် ငါးအချိန်(၁၅၀၀)ခန့်အထိရရှိခဲ့ပြီး ယခုအချိန်တွင်တော့ ငါးအချိန်(၁၀၀၀)ခန့်သာရရှိတော့ကြောင်း၎င်းကပြော သည်။

“ဒီအတိုင်းဆက်သွားနေမယ်။ဧရာဝတီကိုဂရုမစိုက်ဘူးဆိုရင်တော့ နောက်ဆယ်စုနှစ်လောက်အကြာ မှာ မြစ်ကြီးတိမ်ကောသွားနိုင်တယ်။မြစ်ထဲကငါးတွေလည်းပျောက်ကွယ်သွားရမှာပဲ”ဟု ဦးမျိုးမြင့်ထွန်းက သက်ပြင်းရှည်ချရင်းသုံးသပ်ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်သုံးဆယ်နီးပါးက ဧရာဝတီမြစ်တစ်လျှောက်နေထိုင်သူများမှာ မြစ်ငါးကိုသာလတ်ဆတ်စွာစားသုံးခဲ့ ကြသည်ဟု အသက်(၇၂)နှစ်ရှိ မကွေးဒေသခံ အဘွားဒေါ်လှကြည်ကဆိုသည်။

မကွေးမြို့ ရန်ပယ်ဈေးတွင် ငါးရောင်းသည့်ဈေးသည် နှစ်ဆယ်ကျော်ခန့်ရှိသော်လည်း အများစုက ရန်ကုန်တိုင်း အတွင်းမှလာသည့် မွေးမြူရေး ရေခဲရိုက်ငါးများကိုသာရောင်းချကြရသည်။ဧရာဝတီမြစ်ငါးရောင်းချသူ တစ်ဦးစ နှစ်ဦးစရှိသော်လည်း နေ့တိုင်းတော့မတွေ့ရဟု ရန်ပယ်ဈေးမှ ဈေးသည် ဒေါ်မြင့်မြင့်ဌေးကပြောသည်။

ယင်းကဲ့သို့ ငါးသယံဇာတဆုံးရှုံးလာခြင်းက မရိုးဖလာရေလုပ်ငန်းလုပ်ကိုင်သူတို့၏မိသားစု စားဝတ်နေရေးနှင့် လူမှုဘဝကိုတိုက်ရိုက်ထိခိုက်စေခဲ့သည်။အင်းသူကြီးခေါ်သည့် ရေလုပ်ငန်းရှင်များလည်း ၎င်းတို့၏ရေလုပ်သား များအား ထောက်ပံ့ပေးကမ်းထားနိုင်ခြင်းမရှိတော့သည့်အပြင် ၎င်းတို့ကိုတိုင်ပင် အလုပ်ပြောင်းလည်းလုပ်ကိုင်ရန် စဉ်းစားနေရပြီးဖြစ်ကြောင်း ဦးမျိုးမြင့်ထွန်းကဆိုသည်။

“ငါးရှားပါးလာလို့ အမျိုးသားရဲ့ ငါးဖမ်းတဲ့အလုပ်အဆင်မပြေလို့ရှိရင် ကျွန်မတို့မြေနုကျွန်းပေါ်ကစိုက်ခင်းတွေမှာ သွားပြီး အလုပ်လုပ်လို့ရလို့ စားဝတ်နေရေးလေးအဆင်ပြေတယ်။ခုက ကျွန်းတွေလည်း ကမ်းပါးပြိုလို့ပါသွား စိုက် ပျိုးတဲ့လူတွေလည်း စိုက်ပျိုးစရာမြေမရှိ၊ငါးဖမ်းတဲ့သူတွေလည်း ငါးမရှိနဲ့ တော်တော်ကိုဒုက္ခရောက်နေပါပြီ”ဟု မကွေးမြို့နယ်မှ ရေလုပ်သားတစ်ဦး၏ဇနီးဖြစ်သူ မအိအိထွန်းကဆိုပြန်သည်။

ဧရာဝတီ၏ သဘာဝသယံဇာတများအား အလွန်အကျွံထုတ်ယူသုံးစွဲနေခြင်းက မိရိုးဖလာလုပ်ငန်းဖြင့် ဧရာဝတီ မြစ်၏ရင်ခွင်အားမှီခိုရပ်တည်နေသူတို့၏ မိသားစုဘဝများကိုတိုက်ရိုက်ထိခိုက်စေခဲ့သည်။

ဧရာဝတီမြစ်ကြီးပြောင်းလဲ စီးဆင်း အသက်ရှင်နေရသလို ၎င်းတို့၏ဘဝများကိုလည်း ရွေ့ပြောင်းလုပ်သား များအဖြစ်သို့ ပြောင်းလဲစီးဆင်းနေကြရပြီဖြစ်သည်။

“ငါးဖမ်းတာကတော့မရသလောက်ဖြစ်နေပြီး ထမင်းစားရရေးကိုပဲတော်တော်ခက်ခဲနေပါပြီ။မိသားစုလိုက် သားသမီး တွေကော ရရာအလုပ်မြို့တတ်ပြီးလုပ်မယ်ဆိုတော့လည်း ခုကာလက ကိုဗစ်ဖြစ်နေတော့ မြို့ပေါ်မှာလဲအလုပ် မရှိ။ဖြစ်သလိုလေးစားနေရတာကြာပါပြီ”ဟု မအိအိထွန်းက မျက်ရည်ဝဲစွာပြောသည်။

“နောက် သုံးနှစ်ဆိုငါးမျိုးသုန်းပြီ”ဟုနှစ်လေးဆယ်ကျော် တံငါသည်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သူဖြစ်သလို နှစ်စဉ် ဧရာဝတီမြစ်တွင် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်လေလံကိုရရှိခဲ့သည့် ဦးဆန်းဝင်းကငြီးတွားပြောဆိုသည်။

ဧရာဝတီ၏သဘာဝတရားကြီး တဖြည်းတဖြည်းပျက်သုဉ်းလာရခြင်းမှာ ကျောက်စရစ်ထုတ်လုပ်ငန်းအပါအဝင် အဘက်ဘက်မှ ဝိုင်းဝန်းတိုက်ခိုက်မှုကိုခံနေရသည်ဟု ဧရာဝတီအနောက်ဖွံ့ဖြိုးတိုး တက်ရေအဖွဲ့(AWDO) တာဝန်ခံ ဦးသန့်ဇင်ကထောက်ပြပြောဆိုသည်။

ငါးများရှားပါးလာခြင်း၊ ငါးများ ပြုန်းတီးလာခြင်းသည် ဂေဟစနစ်ပျက်စီးမှု၊မြစ်ချောင်းများအတွင်း စွန့်ပစ်ဓာတု ပစ္စည်းများ ပျော်ဝင်နေမှုများလာခြင်းကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်သည်ဟု ထောက်ပြသည်။

ချင်းတွင်းမြစ်ကြောင်း ဟုမ္မလင်းဘက်တွင် ရွှေတူးဖေါ်ခြင်း၊ မိုင်းခွဲလုပ်ကွက်များလုပ်ခြင်းမှ မြေဇာများနှင့် သန့် စင်ဓါတုပစ္စည်းများမှာလည်း မြစ်များထဲသို့စီးဝင်သလို ဧရာဝတီမြစ်တစ်လျှောက် ရေနံမြေများမှ စွန့်ပစ်ပစ္စည်း များမှာလည်း မြစ်ထဲတွင်သာစွန့်ပစ်ကြသဖြင့် မြစ်ရေညစ်ညမ်းမှုကလည်း ငါးမျိုးများကိုပြုန်းတီးစေသည်ဟု ဆိုသည်။

ရေနံမြေများမှ စွန့်ပစ်ပစ္စည်းများမှာ အနည်းငယ်ဟုပြောကြသော်လည်း နှစ်ပေါင်းများစွာကြာရှည်ပြီဖြစ်သဖြင့် မြစ်ရေညစ်ညမ်းသလို၊ ရွှေတူးဖေါ်ခြင်း၊ ကြေးနီထုတ်လုပ်၍ ချောင်းများတွင် အက်စစ်နှင့်ဓါတုပစ္စည်းများမျောပါ ခြင်း စသည့် အဖက်ဖက်မှ အညစ်အကြေးနှင့် ဓါတုပစ္စည်းများ မျောပါစီးဝင်မှုက မြစ်ကိုထိခိုက်သလို ရေနေသတ္တဝါ တို့ပြုန်းတီးမှုကိုလည်းဖြစ်စေသည်ဟု ဦးသန့်ဇင်ကထောက်ပြပြောဆိုသည်။

“ဆင်ကိုအပ်နဲ့ ထိုးတာလောက်တော့မနာပါဘူးလို့ဆိုပေမဲ့၊ အများကြီး အဖက်ဖက်က ဝိုင်းထိုးကြရင် အဲဒီဆင်လည်း ဘယ်ခံနိုင်ပါ့မလဲ”ဟု ဦးသန့်ဇင်က မြစ်များပျက်စီးလာစေရန် အဖက်ဖက်မှ တိုက်ခိုက်နေပုံကို ဥပမာပေး၍ ပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ ဆောက်လုပ်ရေးလုပ်ငန်းများ တဟုန်ထိုးအရှိန်မြှင့်တင်လုပ်ဆောင်နေခြင်းကြောင့် ဧရာဝတီကို ဝိုင်းဝန်းတိုက်ခိုက်နေမှုများတွင်ပါဝင်သည့် ကျောက်စရစ်စုပ်ထုတ်လုပ်သည့်လုပ်ငန်းများက အများအပြားရှိနေဦး မည်ဖြစ်သည်။

ဧရာဝတီမြစ်ကြီးကတော့ ကြိုးစား၍ စီးဆင်းမြဲ စီးဆင်းနေဦးမည်ဖြစ်သည်။သူ၏ကျန်ရှိနေသေးသည့် သယံဇာတ များကိုလည်း လူများအတွက် တတ်နိုင်သမျှတော့ ပေးဆပ်နေအုန်းမည်ဖြစ်သည်။ ဧရာဝတီ ငါးတို့၏သွားရာလမ်း ကတော့ ပျောက်လုလုဖြစ်နေလေပြီ။

ပျောက်လုလုဖြစ်နေသည့် ဧရာဝတီငါးတို့၏သွားရာလမ်းနှင့်အတူ မိရိုးဖလာ တံငါသည်ဘဝတို့၏သွားရာလမ်း ကလည်း ပြောင်းရွေ့လွင့်ပါသွားရတော့ပေမည်။

စိမ်းလန်း(အောင်ပင်လယ်)(Magway Post) ရေးသားသည်။