ကိုဗစ်ထောက်ပံ့ကြေးငွေများအလွဲသုံးစားလုပ်သည်ဟုဆိုကာတိုင်ကြားခံရသည့်ရွာခွဲတာဝန်ခံအား ရဲစခန်းမှဖမ်းဆီးကာအာမခံပေး

620

ဇန်နဝါရီ(၁၆)၊မင်းဘူး

The Magway Post

ရေနံချောင်းမြို့တွင် ကိုဗစ်ထောက်ပံ့ကြေးငွေများအားအလွဲသုံးစားလုပ်သည်ဟုဆိုကာ တိုင်ကြားခံထားရသည့် ကုက္ကိုခွကျေးရွာအုပ်စု၊ မုံကန်ကျေးရွာ ရွာခွဲတာဝန်ခံအား ဖမ်ဆီးကာအာမခံပေးထားကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရသည်။

“သက်သေတွေကို စစ်ဆေးပြီးတော့ဖွင့်ထားတဲ့ အမှု့နဲ့ဖမ်းဆီးခဲ့တယ်၊ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်တဲ့အတွက် အာမခံပေးထားပါတယ်၊ဇန်နဝါရီ ၁၄ရက်နေ့ ကြာသာပတေးနေ့ကတော့ ဥပဒေအကြံတောင်း တင်ထားပါတယ်” ဟု လက်မှတ်ကုန်းနယ်​မြေရဲစခန်းမှူး ရဲအုပ်မိုးညိုကပြောသည်။

အဆိုပါကျေးရွာမှ ဦးဝင်းတင်အပါအဝင် အိမ်ထောင်စု(၂၂ )စုသည် ကိုဗစ်ကာလ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ငွေကြေးများတစ်ကြိမ်မှ မရရှိခဲ့၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တိုင်ကြားမှသာ ထောက်ပံ့ငွေများအား ရွာခွဲတာဝန်ခံမှ ပြန်လည်ထုတ်ပေးခြင်း၊ ထိုသို့ထုတ်ပေးသော်လည်း ဦးဝင်းတင်အပါအဝင် အိမ်ထောင်စု(၂၂) စု၏ လက်ဝယ်သို့မရောက်ရှိပဲ ကျေးရွာမီးလင်းရေးအတွက် ထည့်ဝင်လိုက်သည်ဟုပြောဆိုသဖြင့် အလွဲသုံးစားလုပ် သည်ဟု ဆိုကာ ဦးဝင်းတင်မှတရားလိုပြုလုပ်၍ လက်မှတ်ကုန်းနယ်မြေရဲစခန်းသို့ ဒီဇင်ဘာ၂၉ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားခြင်းကို လက်မှတ်ကုန်းနယ်မြေရဲစခန်းက (ပ)အမှတ် ၁၇၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၀၆ဖြင့် အမှု့ဖွင့်ထားခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)