ကိုဗစ်ကသတ်တာလား၊ ချေးငွေက သတ်တာလား

2577

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊မကွေးမြို့နယ် သံဘိုလေးကျေးရွာတွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည့်သတင်းက ဒေသတွင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

သေဆုံးသွားသူ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲက Pact Myanmar အဖွဲ့ထံသို့ ကျပ်ငွေတစ်သိန်းခွဲ ပြန်မဆပ်နိုင်ခဲ့ခြင်းကြောင့် ဘဝကို အရှုံးပေးခဲ့ခြင်းဟု နီးစပ်သူတို့အပါအဝင်အသက်ဆုံးပါးခဲ့သူ၏ မိသားစုဝင်တို့ကဆိုကြသည်။

အသက် ၂၉နှစ်ကျော်သာရှိသေးသည့် ကိုကျော်ဌေးသည် ကျေးရွာတွင် လူချစ်လူခင်များသူ အသောက်အစားကင်းသူဖြစ်သည်။ ယခုဖြစ်ပွါးခဲ့သည့် အဖြစ်ဆိုးက သံဘိုလေးကျေးရွာခံတို့ကို တုန်လှုပ်သွားစေသလို ယူကြုံးမရခံစားရစေတော့သည်။

“ချေးငွေပြန်ဆပ်ဖို့ ရှာတာအဆင်မပြေတာနဲ့ သူခုလို လုပ်သွားတယ် ထင်တယ် ကျုပ်ကလဲ သူ့ကိုလိုက်ရှာနေတာ သူကလဲကျွန်မကိုရှာနေတာ တစ်ယောက်တစ်လဲလိုက်ရှာနေတာနဲ့ မတွေ့လိုက်ဘူး ကျွန်မကပြန်လာတော့ သူက ဆွဲကြိုးချ အသေကြီးနဲ့ တွေ့တာပဲ’’လို့ ဇူလိုင်လ(၂)ရက်နေ့ နေ့လည်ပိုင်းက အဖြစ်အပျက်ကို ဇနီးဖြစ်သူ မတင်တင်လင်းမှ မျက်ရည်များဝဲလျက်ပြန်ပြောပြသည်။

            ကိုကျော်ဌေးထက် အနည်းငယ် ငယ်ပုံရသည့်သည့် မတင်တင်လင်းအား လူမမယ် ကလေးငယ်(၂)နှင့် အတူတွေ့ရသည်။သားဖြစ်သူက အသက်(၈)နှစ်သာရှိသေးသည့် သာသနာ့နွယ်ဝင် ကိုရင်ငယ်တစ်ဦးဖြစ်သည်။ သမီးငယ်လေးကတော့ အသက်(၃)နှစ်သာရှိသေးသည်။

            ကိုကျော်ဌေးတို့လင်မယားက စာရင်းငှားလိုက်ကြသလို ရွှေစက်တော်ဘုရားပွဲတွင်လည်း ဈေးရောင်းချ ကြသည်။မိသားစုစီးပွါးရေးအတွက် ရွာခံလုပ်ငန်းတွေကို ကိုကျော်ဌေးက ဦးဆောင်ပြီး ဒိုင်ခံလုပ်ကိုင်ခဲ့ပေမယ့် ရက်ရှည်လများကြာမြင့်သည့် ရွှေစက်တော်ဘုရားပွဲကာလများတွင်တော့ လင်မယားနှစ်ယောက် ဈေးရောင်းကြလေ့ရှိသည်။

ပုံမှန်နှစ်များတွင်တော့ သူတို့လင်မယား၌ ရွှေစက်တော်တွင် ဈေးရောင်းချရန် တော်သင့်သည့် ငွေကြေးအရင်းအနှီး ရှိခဲ့သည်။ ယခုနှစ်ရွှေစက်တော်ရာသီအစပိုင်းအတွက်တော့ သူတို့ဒေသအခေါ် ရွှေစက်တော်ချေးငွေဟုခေါ်သည့် ချေးငွေတစ်ခုကို သူတို့ယူခဲ့ကြရသည်။

ယခုနှစ်ဆန်းပိုင်းကာလ ရွှေစက်တော်တွင် ဈေးရောင်းချရန်အတွက် Pact Myanmar အဖွဲ့ထံမှကျပ်ငွေ တစ်သိန်းခွဲကို ဝိုင်းကြီးချုပ်စနစ်ဖြင့်ချေးယူခဲ့ကြသည်။ ထိုငွေက သူတို့မိသားစုအတွက်တော့ ပထမဆုံး ချေးငွေလည်းဖြစ်သည်။

            သံဘိုလေးကျေးရွာသည် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်သောရွာဖြစ်သည်။တစ်ဖက်တစ်လမ်း စီးပွားရေး တစ်ခုအနေဖြင့် ဆောင်းအကုန်​နွေအကူးတွင် စည်ကားစွာကျင်းပသည့် မြေလတ်ဒေသ၏နာမည်ကျော် ရွှေစက်တော် ဘုရားပွဲသို့ သွားရောက်ဈေးရောင်းခြင်းဖြင့် ဝင်ငွေရှာဖွေကြသည်။ သံဘိုလေးကျေးရွာတွင် အိမ်ခြေ ၃၆၀ ဝန်းကျင်ရှိသည်။  ဘုရားပွဲသို့ကျေးရွာအတွင်း သွားရောက်ဈေးရောင်းသူ ဦးရေမှာ ကျေးရွာ အိမ်ခြေ၏ ထက်ဝက်ခန့်ရှိသည်ဟု ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သည့်ဦးတင်စိုးမှဆိုသည်။ ဘုရားပွဲသို့ ဈေးရောင်းထွက်လျှင် ၄လခန့်ကြာသည်။ပွဲတော်ပိတ်၍ ပြန်လာလျှင် တစ်ဦးကို လေး ငါး ဆယ်သိန်းထက်မနည်း ပိုကြသည်ဟု ကျေးရွာနေ ဒေသခံတို့ကဆိုကြသည်။ ဘုရားပွဲသို့ဈေးရောင်းထွက်နိူင်ရန်အတွက် အရင်းအနှီး ငွေကို Pact Myanmar ငွေချေးအဖွဲ့မှ ရွှေစက်တော်ချေးငွေဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ချေးပေးသည်။ ချေးငွေယူ မည့်သူ၏ ပြန်ဆပ်နိူင်မည့် ပမာဏအပေါ် မူတည်၍ ထုတ်ချေးပေးသည်ဟု ဦးတင်စိုးမှဆိုသည်။                                         

၂၀၁၉ ဒီဇင်ဘာလတွင် တရုတ်နိူင်ငံဝူဟန်မြို့မှ  စတင်ခဲ့သည့် ကိုရိုနာရောဂါကြောင့် ရွှေစက်တော် ဘုရားပွဲကို အရင်နှစ်တွေကလို စည်ကားသိုက်မြိုက်စွာ မကျင်းပနိူင်ပဲ ပွဲရာသီတစ်ဝက်တွင်ပိတ်သိမ်းလိုက်ရသည်။ ရွှေစက်တော်ဘုရားပွဲတော်ကို ပိတ်သိမ်းလိုက်ခြင်းသည် သံဘိုလေးကျေးရွာမှ ရွှေစက်တော် ဘုရားပွဲတွင် တစ်ဖက်တစ်လမ်းမှဝင်ငွေရှာကြသည့် မိသားစုများအဖို့ ငွေကြေးဆိုင်ရာအခက်အခဲတို့ကို ရင်ဆိုင်ရစေတော့ သည်။

            ဘုရားပွဲ တော်ပိတ်သိမ်းလိုက်ပေမဲ့ အရင်းနှီးအတွက် ချေးယူထားသည့်ငွေကို ပြန်ဆပ်ရမည့် ကာလသို့ ရောက်လာချိန်မှာတော့ ကိုကျော်ဌေးအတွက် များစွာအဆင်မပြေဖြစ်ခဲ့ရသည်။ ဒေသအတွင်း မိုးအချိန်မှန် မရွာသွန်းခြင်းက ကျေးရွာအနီးဝန်းကျင်ရှိယာခင်းများတွင် ပေါင်းထိုးမြက်သင် လုပ်ကိုင်ခွင့်မရသေး။ ယင်းအချက်က ကိုကျော်ဌေး၏ မိသားစုဝင်ငွေနှင့်စားဝတ်နေရေးအတွက်ပို၍အခက်ခဲဖြစ်ရသည်။ ဈေးရောင်းရန်အရင်းနှီးထုတ်ချေးထားသည့်ငွေသည် ကိုကျော်ဌေး၏ဇနီး မတင်တင်လင်း အမည်ဖြင့် ထုတ်ချေးထားခြင်းဖြစ်သော်လည်း မိသားစုဝင်ငွေကို ကိုကျော်ဌေးတစ်ယောက်ထဲက ရုန်းကန်ရှာဖွေရသဖြင့် ၎င်းအခက်အခဲက ကိုကျော်ဌေးခေါင်းပေါ်တွင်သာကျရောက်ခဲ့သည်။ ချေးငွေပြန်ဆပ်ရန် ရက်ရောက်လာ ချိန်တွင်တော့ ကိုကျော်ဌေးတို့မိသားစုတွင် ပြန်ဆပ်ရန်ငွေကြေးမရှိသေး။ ထိုအချိန်တွင် မတင်တင်လင်း  နှင့် အတူ၅ဦးတစ်ဖွဲ့ချေးယူထားသည့်သူများမှတစ်ဦးလျှင် ၃သောင်းကျပ်စိုက်၍အကြွေးကိုဆပ်ပေးခဲ့ကြသည်။ အဖွဲ့ဝင်တို့က ၎င်းတို့စိုက်ပေးထားသည့် ကျပ်ငွေ ၃သောင်းစီကို နောက်အပတ်ပြန်ဆပ်ရန် မတင်တင်လင်း ကိုတောင်းဆိုခဲ့သည်။ မတင်တင်လင်းကလည်း ပြန်ဆပ်မည်ဟုပြောခဲ့သည်။

ချေးငွေပြန်ဆပ်ရမည့် ကြာသာပတေးနေ့ ဇူလိုင်လ ၂ရက်နေ့ နံနက်ပိုင်းတွင်တော့ ကိုကျော်ဌေးအိမ်ကထွက်၍ သူ့အမေထံငွေချေးဖို့သွားသည်။ သူ့အမေဆီမှလည်း ချေးထားသည့်ငွေ များ၍ပြောမထွက်ဖြစ်ခဲ့သည်။

ထို့နောက် သူ့အကိုထံသို့ သွားရောက်ခဲ့သော်လည်း ပြောမထွက်ဖြစ်ရပြန်သည်။ ကြံရာမရသည့် နောက်ဆုံး အိမ်ကွက်ပေါင်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါအစီအစဉ်က ပထမအဆင်ပြေခဲ့သော်လည်း ငွေယူခါနီးအချိန်ရောက်မှ အဆင်မပြေဖြစ်ရပြန်သည်။

‘‘ကျုပ်ကိုပြောတယ် နင်ဘာမှစိတ်မညစ်နဲ့တဲ့ နင်ကိုနင်သာ စိတ်ချမ်းသာအောင်နေတဲ့ ငါနင့်ကိုအရင်လိုပဲတဲ့ စိတ်ချမ်းသာအောင်ထားတော့မယ်တဲ့ သူကအဲ့လိုပြောတော့ ကျုပ်ကလဲ ခါတိုင်းဆိုရင်ကျော်ဌေး အဲ့လိုစကားအကောင်းမပြောဘူးဟဲ့ ဒီနေ့တော့ စကားအကောင်းလေး ပြောလို့ လို့ ကျုပ်ကလဲ သူကအဲ့လိုလေးပြောပီးဆို စိတ်တွေက လေးသွားရော ခေါင်းတွေကလဲ မထူချင်တော့ဘူး အဲ့ဒါနဲ့ ကျော်ဌေးကအဲ့လိုလေး ပြောပီးထွက်သွားရော ငါကတော့သူ့ကို လိုက်ရှာအုံးမှပဲ ပြန်လည်းမလာဘူးပေါ့ အဲ့ဒါနဲ့ကျုပ်ကလည်းအရှာထွက်သွားတာပေါ့”ဟု အဆိုပါနေ့နံနက်ပိုင်းက အဖြစ်အပျက်ကို မတင်တင်လင်း မှပြန်၍ပြောပြသည်။

ထို့နေ့နံနက်ပိုင်းက ကိုကျော်ဌေးတို့လင်မယားတစ်ဦးကိုတစ်ဦး ကျေးရွာအတွင်းအပြန်အလှန်ရှာဖွေခဲ့ကြသည်။ ကိုကျော်ဌေးအိမ်မှထွက်သွားပြီးနောက် မတင်တင်လင်းက နောက်မှလိုက်ရှာခဲ့သည်။ ကိုကျော်ဌေးအိမ်ပြန်ရောက်ချိန်တွင် အိမ်တွင်ဇနီးနှင့်သမီးအားမတွေ့ရှိခဲ့၍ ကိုကျော်ဌေးမှဇနီးသည်နှင့် သမီးကို ရှာဖွေခဲ့သည်။

“သားတစ်ယောက်က ဘုန်းကြီးကျောင်းမှာသင်္ကန်းစီးနေတာ စိတ်ချရတယ်ပေါ့ ဘုန်းကြီးကလဲတူရီးအရင်းတွေ စိတ်ချရတယ် သမီးတစ်ယောက်ကကျတော့ မအေဆီပါသွားတယ် မအေဆီမှာ အများအားဖြင့်ပြောကြတာ ကြိုးခွေပါတယ် အဆိပ်ပုလင်းပါတယ် ပြောကြတော့ လိုက်ရှာတော့မတွေ့ဘူး လိုက်ရှာတော့မတွေ့တဲ့အတွက် အငယ်ဆုံး သမီးလေးနဲ့ မိန်းမတော့ ကို့ကိုယ်ကိုသေကြောင်းကြံပြီ သူလဲမထူးဘူး သူ့သားအတွက်တော့ ဘုန်းကြီးက စောင့်ရှောက်လိမ့်မယ်ဆိုတဲ့အတွေးတော့ဝင်ချင်ဝင်မှာပေါ့ ဝင်လဲဝင်မှာ ကျွန်တော်ဆိုလဲဝင်မှာ မိန်းမ မျက်နှာမမြင်ဘူး အကြွေးဆပ်ဖို့ပိုက်ဆံမရှိဘူး နှစ်ခုပေါင်းလိုက်တော့ သူသေကြောင်းကြံမှုကပိုပြီး ပြီးမြောက်သွားတယ် မိန်းမမျက်နှာမြင်ရင် ခေါင်းချင်းဆိုင်မယ်၊မျက်နှာချင်းဆိုင်မယ် တို့ချောက်တောထဲ သွားနေမယ်လို့တိုင်ပင်ရင်တိုင်ပင်ဖြစ်မှာ” ဟုသံဘိုလေးကျေးရွာမှကိုကျော်ဌေး၏သူငယ်ချင်းဖြစ်သူ ကိုအောင်ခိုင်က ဝမ်းနည်းစွာပြောသည်။

“ဒီတိုင်းပဲစိတ်ပြေလက်ပျောက်ပုံစံမျိုးထွက်သွားတာ အမှန်တိုင်းပြောတာ လိမ်လဲမလိမ်ဘူး ငါကတော့ စိတ်ပြေလက်ပျောက်တော့ခဏတော့ ထွက်အုံးမယ်ဆိုပီးတော့ ပထမတော့သူ့ကိုလိုက်ရှာတာဘယ်မှရှာမတွေ့ဘူး ဟိုမြောက်ဖက်သွားတယ်ဆိုလို့ ဟိုနားလေးမှာစက်တွန်း မန်ကျီးပင်ရှိတယ် အဲ့နားလေးထိသွားတော့ ပထမလှည်းလမ်းလေးမှာ သူ့ဖိနပ်ခြေရာလေးတွေ့တယ် shower ဖိနပ်ခြေရာလေးတွေ့တယ် ဟိုဘက်ကျတော့ လမ်းစပျောက်သွားတယ် လမ်းစပျောက်သွားတော့ စိတ်ကလုံးလုံးညစ်သွားတယ် ငါကတော့အကြွေးကတော့ မဆပ်နိူင်ဘူး ကျော်ဌေးကလဲရှာမတွေ့ဘူး”ဟု မတင်တင်လင်းက ထိုနေ့မနက်ပိုင်း ဖြစ်စဉ်ကို ပြန်ပြောပြသည်။

     “ကောင်လေးနှစ်ယောက်ကဆိုင်ကယ်နဲ့လိုက်ခေါ်တာ အစ်မအိမ်ပြန်လိုက်ခဲ့ပါဗျ ဆိုတော့ ပြန်လိုက်လာတော့ အိမ်ထဲဝင်မယ်လဲလုပ်ရော အိမ်ကလူတွေအများကြီးဘာတွေလုပ်နေကြတာလဲမသိဘူး အိမ်ထဲဝင်သည်ထိ လူတွေကဘာမှမပြောဘူး အိမ်မြင်လိုက်ခါကျမှ သူကဆွဲကြိုးချတန်းလန်းကြီးနဲ့ဆိုတော့ ရင်ကျိုးမရဖြစ်တာပေါ့” ဟု ကိုကျော်ဌေးဇနီးမတင်တင်လင်းက ဝမ်းနည်းစွာပြောသည်။

            ကိုကျော်ဌေးသေဆုံးသွားခြင်းအတွက် Pact Myanmar အဖွဲ့မှသင်္ဂြိုလ်စားရိတ် သုံးသိန်းကျပ်ကို ဇူလိုင်လ ၄ ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပြီး ပေးဆောင်ရမည့် အကြွေးတို့ကို လျော်ပေးခဲ့ပြီဟု သံဘိုလေးကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်စိုးမှဆိုသည်။ ၎င်းအဖြစ်အပျက်ကို ကိုကျော်ဌေးကတော့မသိနိုင်တော့ပြီ။

သူရိန်ဇော်ရေးသားသည်။

ဓာတ်ပုံ – သူရိန်ဇော်

သံဘိုလေးကျေးရွာမှ ကိုကျော်ဌေးမိသားစုနေအိမ်